သင်္ဂါယနာ

ဘုရားသခင် ဟောကြားတော်မူခဲ့သော ပိဋကတော်ဓမ္မတို့ကို မပျောက်ပျက် မတိမ်ကော သွားစေရန် စုပေါင်း၍ မူမှန်ကိုရွတ်ဆိုမေးမြန်း ဆွေးနွေးဖြေကြား ရေးမှတ်အတည်ပြုခြင်း။

 (၁) ပဌမ သင်္ဂါယနာ- သုဘရဟန်းကြီး၏ ဗုဒ္ဓ အဝဏ္ဏ စကားကိုကြောင်းပြု၍ ဘုရားသခင် ပရိနိဗ္ဗာန် ဝင်စံပြီးသည်နောက် ဓာတုဘာဇန နေ့၌ စည်းဝေးရောက်လာတော်မူကြကုန်သော (၇၀၀၀၀၀) ခုနှစ်သိန်းမျှသော သံဃာတော်အရှင်မြတ်တို့၏ ဦးစီးနာယက သံဃာ့ထေရ် ဖြစ်တော်မူသော အရှင်မဟာကဿပ မထေရ်မြတ်သည် ခီဏာသဝ ဆဠာဘိည ရဟန္တာငါးရာ ရွေးကောက်တော်မူပြီးနောက် အခြံအရံသံဃာတော် ၇၀၀၀၀၀-နှင့် ဘိုးတော်အဥ္ဇနဖြိုကြွင်း သက္ကရာဇ် ၁၄၈-ခုနှစ်သာသနာသက္ကရာဇ် ၁-ခုနှစ်ဝါခေါင်လပြည့်ကျော် ၁-ရက်နေ့မှစတင်၍ တပေါင်းလပြည့်နေ့အထိ ၇-လတိုင်အောင် သုဘခေါ် တောထွက်ရဟန်းကြီးကို အကြောင်းပြု၍ ရာဇဂြိုလ်ပြည် ဝေဘာရတောင်ယံ သတ္တပါဏိဂူလိုဏ်၌ နှုတ်ရွတ်ခါ ဘုရင် အဇာတသတ်မင်းနှင့် ပဌမသင်္ဂါယနာ ထင်တော်မူကြလေသည်။

 (၂) ဒုတိယ သင်္ဂါယနာ- ဘုရင်အဇာတသတ်မင်း ဖြိုကြွင်း သက္ကရာဇ်အနှစ်တရာရောက် သာသနာသက္ကရာဇ် (၁၀၀)တရာခုမြောက်သော် ၀ဇ္ဇီတိုင်းသား အလဇ္ဇီရဟန်းများ၏ အဓမ္မဝတ္ထုဆယ်ပါး မတရားပေါ်ပေါက်ပြန်၍ (၉၀၀၀၀)ကိုသောင်းကုန်သော သံဃာ့အစည်းအဝေးကြီး၏ ဆုံးဖြတ်ချက်အရ ဘုရင် ကာလာသောကမင်းမြတ်နှင့်တကွ အရှင်မဟာယသထေရ် အမှူးပြု ပဋိသမ္ဘိဒါပတ္တ ရဟန္တာ(၇၀၀)ခုနှစ်ရာ ရွေးတော်မူလျက် အခြံအရံ သံဃာတော် ၁-သန်း၂-သိန်းနှင့် ဝေသာလီပြည်ဝါလုကာရုံ ကျောင်းတော်ကြီး၌ နှုတ်ရွက်ခါ ရှစ်လတိုင်တိုင် ဒုတိယသင်္ဂါယနာ တင်တော်မူကြသည်။

(၃) တတိယ သင်္ဂါယနာ- သာသနာသက္ကရာဇ် ၂၃၅-ခုနှစ် ရောက်သောအခါ ပါဋလိပြည်ကြီး ရှင်ဘုရင် အသောကမင်းမြတ် လက်ထက် ဗာဟိရက တိတ္ထိယတို့သည် ဗုဒ္ဓသာသနာတော်၌ ရဟန်းပြုကုန်လျက် မိမိတို့မူလအယူ မိစ္ဆာဝါဒကိုသာ ကျင့်ကြံသုံးသပ် နေကြပြန်သောကြောင့် (၆၀၀၀၀) ခြောက်သောင်းသော မဟာသံဃာ့ အစည်းဝေးသဘင်ကြီးက ဆုံးဖြတ်ချက်ချကာ အသောကဘုရင်မင်းတရားကြီး ကူညီချက်အရ အရှင်မောဂ္ဂလိပုတ္တ တိဿမထေရ်နာယကပြု၍ ရဟန္တာ(၁၀၀၀) တစ်ထောင် ရွေးချယ်စီစစ်ပြီးလျှင် အရံသံဃာ ၆-သန်းနှင့် ထိုနှစ် နယုန်လမှ စ၍ တပို့တွဲလအထိ ကိုးလတိုင်တိုင် ပါတလိပုတ်ပြည် အသောကာရုံကျောင်းတော်ကြီး၌ နှုတ်ရွတ်ခါ တတိယ သင်္ဂါယနာတင်တော်မူကြသည်။ မှတ်ချက်။ ။ သီရိစတုရင်္ဂဗလ မြန်မာပညာရှိ ဦးဘေ အလိုအားဖြင့်သာသနာတော် ၂၃၄-ခုနှစ်မှာ တတိယသင်္ဂါယနာ တင်တော်မူသည်ဟု ယူ၏၊ ပရိုဖက်ဆာ ဆရာလွန်းခေါ် မစ္စတာ မောင်မှိုင်းအလင်္ကာကျော်စွာ သခင်ကိုယ်တော်မှိုင်း အလိုအားဖြင့် ၂၃၅-ဟု ယူ၏၊ ရေး၏၊ စီစစ်ကြပါကုန်။

 (၄) စတုတ္ထ သင်္ဂါယနာ- သာသနာတော် သက္ကရာဇ် (၄၅၀)လေးရာ့ငါးဆယ်သို့ ရောက်သောအခါ လင်္ကာဒီပ သီဟဠ တည်းဟူသော သီဟိုဠ်ခေါ် သိဃုဠ် ကျွန်းကြီးသခင် ဘုရင် ၀ဋ္ဋဂါမဏိ မင်းတရားကြီး လက်ထက် ပိဋကသုံးပုံကို အာဂုံဆောင်ကြကုန်သော ရဟန္တာအရှင်မြတ်တို့သည် နောင် အနာဂတ်ကာလ၌ သတ္တဝါတို့သည် သတိပညာ ဆုတ်ယုတ်ကုန်လတံ့၊ နှုတ်တက် အာဂုံ မဆောင်ရွက် မကျက်မမှတ်နိုင်လတံ့တို့ကို မြင်တော်မူကြ၍ သာသနာတော်၏ အသက်မပျောက်မပျက်တည်ရှိနိုင် စေရန် ကြံစည်တွေးဆကာ(၅၀၀)ငါးရာသော ရဟန္တာအရှင်မြတ်တို့ ပေထက်မှာရေးလျက်’ပေထက္ခာရာ’ခေါ်စတုတ္ထ သင်္ဂါယနာကို မဟာသံဃရာဇာကြီးမှူးလျက် သီဟိုဠ်ကျွန်းမလယဇနပုဒ် အာလောကလိုဏ်ဂူ၌ တင်တော်မူကြပြန်သည်လည်းတကြိမ်။

(၅) ပဥ္စမသင်္ဂါယနာ- ဂေါဇာ သက္ကရာဇ် ၁၂၃၃-ခု၊ သာသနာတော်(၂၄၁၅)ခုနှစ် ရောက်ပြန်ရာ မြန်မာနိုင်ငံတော်ရတနာပုံ နေပြည်တော်ကြီးကို စည်ထီး နန်းအိမ်နှင့်တကွ ပဌမလက်မွန် တည်ထောင်တော်မူခဲ့သော ဘုရင်မင်းတုံးမင်းတရားကြီးသည် ဘုရားရှင်ဓမ္မစက်ပေရွက်နှင့် မလျော်ဟု ဆင်ခြင်ပြီးကာ သာသနာငါးထောင်(၅၀၀၀)ကုန်အောင်တည်စေနိုင်ခြင်းငှါ၊ ကိုးဖြာနဝရတ် ကျောက်မြတ်အဝင် ဖြူစင်သန့်ရှင်းသော သလင်းကျောက်ရတနာ အပြင်ဝယ်အက္ခရာတော် ထင်ပြီးလျှင် ရွှေမင်းရွှေစုတ်နှင့် ရေးသားခတ်နှိပ်တော်မူ၍ အုဌ်ပြသာဒ်များအတွင်း သွတ်သွင်းခါထားတော်မူပြီးမှ တံဆိပ်တော်ရ သုဓမ္မာဆရာကြီးရှစ်ပါးကို ရှေးဖျားရှေးဦး အမှူး ဉပကာ (၂၄၀၀)နှစ်ထောင်လေးရာ ကုန်သော သီလဝန်ဂုဏဝန် ကလျာဏပုထုဇဉ် သံဃာတော်အရှင်မြတ် တို့နှင့် တကွ ပဥ္စမသင်္ဂါယနာ တင်တော်မူခဲ့သည်လည်း တကြိမ်အားဖြင့် ပေါင်း၅-ကြိမ်ဖြစ်သတည်း။

(၆) ဆဋ္ဌသင်္ဂါယနာ၊ သစ္စာလေးဆူ အောင်လံထူလျက် ပြိုင်သူဖက်ကင်း တရားမင်းဖြစ်တော်မူသော ဗုဒ္ဓရှင်တော်ဘုရားသည်၄၅-နှစ်(၄၅-ဝါ)အတွင်း ဟောကြားတော်မူအပ်သော တရားတော်တို့ကို ကြွသွား နိဗ္ဗာန် စံဝင်တော်မူပြီးနောက်၊ ၂၄၉၈-နှစ်ကြာသောအခါ (၁) မြတ်စွာဘုရား ဟောကြားတော်မူခဲ့သော နိကာယ်ငါးရပ်တို့ကိုအထပ်ထပ် အဆင့်ဆင့် ရေးကူး၍ လာကြရာ၌သတိ ချွတ်ယွင်းရေးမှားခြင်းဟုဆိုအပ်သော ပမာဒလေခ(ပါဠိပျက်)များကိုအထူးသန့်ရှင်း စင်ကြယ်စေလိုသောကြောင့်၎င်းင်း၊ (၂) ထိုစင်ကြယ်သော ပိဋကတ်တော်များကို စက်တင်ပုံနှိပ်၍ ကမ္ဘာအရပ်ရပ်သို့ပြန့်နှံ့စေခြင်းအားဖြင့် အဓွန့်ရှည်စွာ တည်စေလိုသောကြောင့်၎င်းင်း၊ (၃) လွတ်လပ်သော မြန်မာနိုင်ငံတော်နှင့်တကွ ဗုဒ္ဓဘာသာနိုင်ငံအားလုံးတို့ကသာသနာတော်ကို စုပေါင်းအားပေး ချီးမြှောက်လိုသောကြောင့်၎င်းင်း၊ ဤ ဆဋ္ဌသံဂါယနာပွဲသဘင်ကြီးကို တင်တော်မူကြသည်ဟူ၍ မြန်မာ, ယိုးဒယား, ကမ္ဗောဇ, သီဟိုဠ်, လော, ဟူသည့် ထေရာဝါဒ ငါးနိုင်ငံရှိ သံဃာတော်အရှင်မြတ်တို့၏ ဆုံးဖြတ်တော်မူချက်အရ- ပြည်ထောင်စု မြန်မာနိုင်ငံတော် ရန်ကုန်မြို့ရေးကူးရပ် သီရိမင်္ဂလာကမ္ဘာဧ စေတီတော်အနီး ဆဋ္ဌသံဂီတိမဟာပါသာဏ ဂုဟာခေါ် လိုဏ်ဂူတော်ကြီးအတွင်း မြန်မာနိုင်ငံတော်အစိုးရ၏ ပစ္စယာနုဂ္ဂဟဖြင့်သာသနာတော်၊ ၂၄၉၈၊မြန်မာ- ၁၃၁၆-ခုနှစ်၊ ကဆုန်လပြည့်။ အင်္ဂလိပ် ၁၉၅၄-မေလ(၁၇)ရက်နေ့မှစ၍ မြန်မာ, သီဟိုဠ်, ယိုးဒယား, (ကမ္ဗောဇ)ကမ္ဗောဒီးယား, (လော)လာအို, ငါးနိုင်ငံတို့နှင့် နှစ်နှစ်တိုင်တိုင် ကျင်းပသည့်ဆဋ္ဌသံဂါယနာပွဲတော်ကြီးတွင် မြန်မာပြည်တွင်းမှ စာပေကျမ်းဂန်တက်ဆရာတော် သံဃာတော် (၂၄၇၃)ပါး။ ကမ္ဘာ့နိုင်ငံတော် အရပ်ရပ်မှကြွလာတော်မူကြသော သံဃရာဇာစသည့် ပိဋကကျမ်းဂန်တတ်အကျော် အမော်ဆရာတော် သံဃာတော် (၁၄၄)ပါး၊ ပေါင်း သံဃာတော်(၂၆၁၇)ပါးတို့သည် အဘိဓဇမဟာ ရဋ္ဌဂုရုဘွဲ့တံဆိပ်တော်ရ မန္တလေးမြို့ညောင်ရမ်းဆရာတော်ဘုရားကြီးအား သံဃထေရ် မဟာဝိနာယက အရာထား၍ ၁၃၁၈-ခုနှစ်၊ ကဆုန်လပြည့်နေ့တိုင် အောင် ၂-နှစ်ပတ်လုံးနိကာယ်ငါးရပ် ပိဋကသုံးပုံ ပါဠိတော်များကို သံဂါယနာတင်တော်မူခဲ့ကြသည်ဟု ပြည်ထောင်စုမြန်မာနိုင်ငံတော် ဗုဒ္ဓသာသနာအဖွဲ့ကြီး၏သံဂါယနာ မှတ်တမ်းမှယူပြသည်။ မှတ်ချက်။ ။ ပါဠိတော် သံဂါယနာတင်အပြီး အဋ္ဌကထာ, ဋီကာ, များကိုလည်း ၁၃၂၃-ခုနှစ်၊ တပို့တွဲလဆန်း ၁၂-ရက်နေ့အထိအဘိဓဇ မဟာရဋ္ဌဂုရု ဘွဲ့တံဆိပ်တော်ရ မစိုးရိမ်ဆရာတော် ဦးသူရိယ အမှူးရှိသော သံဃာတော်တို့သည် သံဂါယနာတင်တော်မူကြကုန်၏ဟု မှတ်ရာသေးသည်။ ဆဋ္ဌသံဂါယနာ – ဧချင်း မင်းချင်းတို့လေ။ ။ သိရီသြဘာ၊ ထောမနာတည်း၊ ကောဇာတွက်စစ်၊ သက္ကရာဇ်ကား၊ ဆဧက်- တြိဧက်၊ ခေတ်ကောင်းဖြစ်ခဲ့၊ ရှင်ချစ်မြတ်စွာ၊ သာသနာမူ၊ ဓ၊ ဇာ၊ ၀၊ ရ၊ ကဆုန်လ၏၊ ပုဏ္ဏာတိထီ၊ နေ့စန္ဒီဝယ်၊ နာရီဆယ့်နှစ်၊ မွန်းတည့်ဖြစ်၏၊ စွန်းလစ်ဗာရာသ်၊ မိနစ်မှတ်လော၊ ကောင်းမြတ်ချိန်ခါ၊မင်္ဂလာဝယ်၊ မြန်မာကရင်၊ ရှမ်း ကချင်နှင့်၊ ပေါ်ထင်တူပြိုင်၊ မွန်ရခိုင်တည့်၊ တောင်ပိုင်ထင်ရှား၊ ချင်း ကယားတို့၊ ကိုယ်စားဥက္ကဌ၊ သမ္မတဟု၊ ဌာနရာထူး၊ ဦးဘဦးနှင့်၊ ကြီးမှူး ဉပလုပ်၊ ဝန်ကြီးချုပ်ဟု၊ သရုပ်တန္တု၊ စန်းဣန္ဒုသို့၊ ဦးနုဘွဲ့ချီး၊ ခေါင်းဆောင်ကြီးတို့၊ ဦးစီးနာယက၊ ပါဝင်ကြသား၊ ဗုဒ္ဓသာသနာ၊ ဘွဲ့သညာဖြင့်၊ သြဘာသံဟီး၊ အဖွဲ့ကြီးက၊ ခိုင်ဖြီးလေးဝ၊ ပစ္စယဖြင့်၊ ဆဋ္ဌမဟာ၊ ဒါယကာဟု၊ သဒ္ဓါစင်ဖြူ၊ တာဝန်ယူခဲ့၊ ဇမ္ဗုရန်ကုန်၊ မြို့ဒဂုန်တွင်၊ ၀သုန်မောဠိ၊ အံ့ဘွယ် ရှိသား၊ သီရိမင်္ဂလာ၊ ကုန်းတော်သာဝယ်၊ ကမ္ဘာဧတွင်၊ စေတီယင်၏၊ ဝန်းကျင်အနီး၊ လိုဏ်ဂူကြီး၌၊ ဘုန်းမီး နေလ၊ မြတ်ဗုဒ္ဓ၏၊ ထေရဝါဒ၊ ဂိုဏ်းစုံမှလျှင်၊ ရဋ္ဌဂုရု၊ ဘွဲ့သေတ္တုဖြင့်၊ ဂုဏ် ဉပဆောင်စွမ်း၊ အခေါင်လွှမ်းသည့်၊ ညောင်ရမ်းတဆူ၊ ဦးထိပ်မူလျက်၊ ဝိဓူဇာနည်၊ မဟာထည်(ထေရ်)တို့၊ ငါးပြည်ထောင်စုံ၊ ဓမ္မာရုံဖြင့်၊ အာရုံဖြောင့်ဖြောင့်၊ ယွင်းမနှောင့်ပဲ၊ နှစ်ထောင့်ငါးရာ၊ မြတ်သံဃာလျှင်၊ ရွှေဗျာဒိတ်>မက်၊ ဓမ္မစက်ကို၊ ငွေထက္ခရာ၊ စက်အလွှာ၌၊ ကောင်းစွာပိုင်ပိုင်၊ ၂-နှစ်တိုင်အောင်၊ သံ ဉပိင်ညီမျှ၊ ရွတ်တင်ကြသည်၊ ဆဋ္ဌသံဂါယနာတည့်လေး၊ သူတော်ကောင်းဖေါ်ရွေ့့မင်းချင်းတို့လေ။ ရွှေကွန်းထိပ်တင်ရေးသည်။

 (မန္တလေး သာသနာဝင်ကျမ်း၊ မိုးကောင်း သာသနာဝင်မှ။)