အပ္ပမညာ ကမ္မဋ္ဌာန်း ( ၄ ) ပါး

အပ္ပမညာ အဓိပ္ပါယ် အပ္ပမညာ ဆိုသည်မှာ ” အတိုင်းအရှည် မရှိသော သတ္တဝါ ပညတ်ကို အာရုံပြုနေသော တရား ” ဟု ဆိုလိုပေသည်။ ဗြဟ္မဝိဟာရတရား ဆိုသည်မှာ မေတ္တာ ကရုဏာ မုဒိတာ ဥပေက္ခာ တို့ဖြင့် နေခြင်းသည် ဗြဟ္မာတို့နေခြင်းနှင့် တူသောကြောင့် အထက်ပါ အပ္ပမညာ လေးပါးကိုပင် ဗြဟ္မဝိဟာရတရား လေးပါး ဟုလည်း ခေါ်တွင်သည်။ ဗြဟ္မစိုရ် တရား ဟူသည်မှာ မေတ္တာစသော ဗြဟ္မစိုရ်တရားလေးပါးကို ပွားများနေလျင် စိတ်ဓာတ်များ စိုပြေ လန်းဆန်းကာ အအေးဓာတ်ဖြင့် ငြိမ်းအေးနေသောကြောင့် ဗြဟ္မစိုရ်တရား ဟု ခေါ်တွင်သည်။

၁။ မေတ္တာ = သတ္တဝါတို့၏ အကျိုးစီးပွားကို လိုလားသောစိတ်၊ သတ္တဝါတို့ကို ချမ်းသာစေလိုသော စိတ်၊ တွယ်တာခြင်းကင်းကာ ချစ်ခင်တတ်သော စိတ်ကို မေတ္တာ ဟု ခေါ်၏။

၂။ ကရုဏာ = ကိုယ်စိတ်ဆင်းရဲကာ ဒုက္ခရောက်နေသော ဒုက္ခိတ သတ္တဝါမှန်သမျှကို အာရုံပြု၍ သနား ကြင်နာသော အဂတိမလိုက်တတ်သော စိတ်ကို ကရုဏာ ဟု ခေါ်၏။

၃။ မုဒိတာ = သူတပါးတို့ ချမ်းသာကြီးပွား ကောင်းစားနေသည်ကို အာရုံပြုမိသဖြင့် ဝမ်းမြောက်သောသဘော ကို မုဒိတာ ဟု ခေါ်တွင်၏။

၄။ ဥပေက္ခာ = ဒုက္ခိတကို မြင်၍လည်း သနားကြင်နာစိတ် မဖြစ်ပေါ်၊ သုခိတသတ္တဝါကို မြင်၍လည်း မုဒိတာ မဖြစ်ပဲ သတ္တဝါတိုင်း မိမိတို့ ပြုလုပ်ထားသည့် ကုသိုလ် အကုသိုလ် ကံတရားများအတိုင်းသာ ဖြစ်ကြရတာ ချည်းပဲ ဟု လျစ်လျူရှုသည့် အလယ်အလတ် စိတ်သဘောကို ဥပေက္ခာ ဟု ခေါ်အပ်၏။