အောင်လံလွှင့်ထူ အောင်ဆုယူ ဂါထာ

ဗြာဒိံ ဝန္ဒိ ရိပုံ ဇေယျတု သဗ္ဗ မင်္ဂလံ

ပေဿယျတံ ဝဿသတံ ကပ္ပံဌိတံ အာရောဂျံ။

အနက် –

ဗြာဒိံ + ဗု+ အာဒိံ – ဗုဒ္ဓ အဂ္ဂ သဗ္ဗညုတ သမ္မာသမ္ဗုဒ္ဓ

အတုလ ဟု နာမထင်ရှား မြတ်စွာဘုရားနှင့် တရား သံဃာ ရတနာဟု သုံးဖြာ အမြတ်ထား တန်ဖိုးထွား၍ ကြီးမား အထွဋ်ထိပ် ထိပ်တန်းဟိတ်တို့ ဂုဏ်ရိပ်မြင့်မြတ် အဂ္ဂ ဓါတ်တော် ရတနာတော်ကို

အဟံ – အဂ္ဂ တပည့်သား ဆွေမျိုးများနှင့် အတူတကွဖြစ်သော ဘုရားတပည့်တော်အပေါင်းသည်

ဝန္ဒိ- ကိုယ်နှုတ်စိတ်ထား အကျင့်တရားဖြင့် လေးစားကြည်ညို သဒ္ဒါပိုလျှက် ရိုသေမြတ်နိုး လက်အုပ်မိုး၍ ရှိခိုးပူဇော် ဖူးမြော်မာန်လျော့ ကန်တော့ပါ၏ အရှင်ဘုရား။

ရိပုံ – တိုက်ခိုက် နှောက်ယှက် အကြမ်းဖက်၍ လုယက်ဖျက်စီး အတားအဆီးဟု ရေ မီး လေ မြေ ဘေးကင်းရန်တွေနှင့် သေကြေ ပျက်စီး ရန်သူ အသီးသီးကို

ဇေယျတု -ဖယ်ရှား ခုတ်ထွင်း ကျော်ဖြတ်နင်း၍  သန့်ရှင်းဖြူစင်  စိတ်ကြည်ရွှင်လျှက် အောင်မြေ ရင့်ကျက် အထွဋ် အထိပ်တက်ပြီး ထက်မြတ်ခိုင်ခံ့ မြဲရှည် သန်ကြား တည်တံ့ပါစေ

သဗ္ဗမင်္ဂလံ- လုံးစုံများစွာ စည်းစိမ် ဥစ္စာ ရတနာနှင့် ချမ်းသာ ကောင်းကျိုး  ဘုန်းတန်ခိုးတို့ တိုးပွားစေတတ် အထွဋ်အထိပ်ဓာတ်ဟု ကြီးမြတ်မင်္ဂလာ ရတနာသည်

ဘဝတု – တိကျသေချာ မြန်မကြာဘဲ မှန်စွာ ခဏ စုံပြည့်ဝ၍ ဝင်းပထွန်းတောက် ဖြစ်ပေါ်ပေါက်လျှက် ပြီးမြောက် တိုးပွား လာပါစေသတည်း။

တံ- အရှင်ဘုရားတို့ အသင်တို့ ကျွန်ုပ်တို့နှင့်တကွ စင်္ကြဝဠာ အနန္တ ရှိရှိသမျှ ဆွေမျိုးအနန္တ  တန်ခိုးရှင်အနန္တ  သတ္တဝါအနန္တ မှန်သမျှ အပေါင်း အားလုံးကို

ဝဿသတံ- အနှစ်တစ်ရာ မြင့်ရှည်ကြာသည့် အချိန်အခါသမယ ကာပတ်လုံး

ကပ္ပဌိတံ – ကမ္ဘာတည်သမျှ ကာလပတ်လုံး

 အာရောဂျံ- သက်ရှည်ကျန်းမာ ဘေးရန်ကွာပြီး အနာရောဂါကင်းရှင်းစွာဖြင့် ချမ်းသာ ဆန္ဒ စုံပြည့်ဝလျှက် လိုတိုင်းရ တတိုင်းပြည့် ကြံတိုင်းအောင် ဆောင်တိုင်းမြောက် စိတ်ရှိသလောက် သိဒ္ဓိပေါက်၍ စိတ်ကြံသလောက် အဓိဌာန်မြောက်ကာ နိဗ္ဗာန်အရောက် ထွန်းတောက် ပွင့်လင်း သိမြင် ရှင်းနေသည်ကို

ပေဿယျ-  အမြဲတွေ့လို ကြားမြင်လို၍ သိလိုနိုင်ရပါလို၏ အရှင်ဘုရား။