မြတ်စွာဘုရား ဝေရဥ္ဇာပြည် နဠေရုပုစိတမာပင်ရင်းဝယ် သီတင်းသုံးနေတော်မူသောကာလ ပဟာ-ရာဒ အသူရိန်ကြီးက မြတ်စွာဘုရားထံ ချဉ်းကပ်ကာရိုသေစွာ ရှိခိုး သင့်တင့်လျှောက်ပတ်သောအရပ်မှာရပ်နေလေ၏။ ထိုအခါ ” ပဟာရာဒ ! အသုရာတွေဟာ မဟာသမုဒ္ဒရာမှာ ပျော်ကြရဲ့လား ” ဟု မေးတော်မူ၏။ အသူရိန်ကြီးသည် မြတ်စွာဘုရားအားပြဿနာမေးမြန်းကာ တရားနာအံ့ဟု လာရောက်သော်ငြား မမေးဝံ့သည်ဖြစ်၍ ရပ်နေခြင်းဖြစ်၏။မြတ်စွာဘုရားက ပြောစရာစကား ဖြစ်ပေါ်လာရန် ဤသို့မိန့်တော်မူလိုက်ခြင်း ဖြစ်၏။
မိမိကျက်စားရာ နေရာအကြောင်း မေးမြန်းတော်မူသည်ဖြစ်၍ အားရဝမ်းသာ ပျော်ကြပါကြောင်းလျှောက်ထားသောအခါ အသုရာတို့ တွေ့မြင်၍တွေ့မြင်၍ မဟာသမုဒ္ဒရာ၌ ပျော်ကြသည့် မဖြစ်စဖူးထူးဆန်းသည့် အံ့သြဘွယ်ရာတို့ အဘယ်မျှ ရှိသနည်းဟု မေးတော်မူ၏။
ထိုအခါ ပဟာရာဒ အသူရိန်က မဟာသမုဒ္ဒရာ၏ မဖြစ်စဖူးထူးဆန်းသည့် အံ့သြဘွယ်ရာ အသုရာတို့ ပျော်ရာပျော်ကြောင်း ရှစ်ပါးရှိပါကြောင် လျှောက်ထားလေ၏။ထိုရှစ်ပါးကား——
၁။ မဟာသမုဒ္ဒရာကမ်းစပ်၏ စစချင်းမှာပင်လျှင်ချောက်ကမ်ပါး မဟုတ်မူ၍ အစဉ်အတိုင်း နိမ့် ကိုင်းနက်ရှိုင်းသွားခြင်း။
၂။ မဟာသမုဒ္ဒရာသည် တည်တံ့သော သဘောရှိသည်ဖြစ်၍ မဟာသမုဒ္ဒရာရေသည် ကမ်းကို လွန်တက် မသွားခြင်း။
၃။ ဆင်သေကောင်စသော အကောင်ပုပ်ဖြင့် အတူမနေခြင်း။အကောင်ပုပ်ရှိသော် လျင်မြန်စွာသာ ကမ်းပေါ်သို့ တင်ခြင်း။
၄။ ဂင်္ဂါယမုနာ အစိရဝတီ သရဘူ မဟီ ဟူသောမြစ်ကြီးငါးသွယ်တို့သည် မဟာသမုဒ္ဒရာသို့ ရောက်လတ်သော် ဂင်္ဂါ ယမုနာစသော ရှေးအမည်တို့ကိုစွန့်၍ မဟာသမုဒ္ဒရာဟူသော တစ်မည်တည်းသာဖြစ်ခြင်း။
၅။ မြစ်ကြီး မြစ်ငယ်မှန်သမျှ မဟာသမုဒ္ဒရာသို့ စီးဝင်ကာ ကောင်းကင်မှ မိုးရေအယဉ်တို့ ကျသော်လည်း မဟာသမုဒ္ဒရာရေ၏ လျော့သည် တိုးသည်၏အဖြစ် မထင်ရှားခြင်း။
၆။ ဆားငန်အရသာဟူသော ငန်သော အရသာတစ်မျိုးတည်းသာ ဖြစ်ခြင်း။
၇။ ပုလဲ မြ ကြောင်မျက်ရွဲ ခရုသင်း ကျောက်သလင်းသန္တာ ငွေ ရွှေ ပတ္တမြားနီ ပတ္တမြားပြောက်ဟူသောတစ်ပါးမက များလှစွာသော ရတနာရှိခြင်း။
၈။ တိမိမည်သောငါး တိမိင်္ဂလမည်သောငါး တိမိရပိင်္ဂလမည်သောငါး အသုရာ နဂါး ဂန္ဓဗ္ဗနတ်ဟူသော ခန္ဓာကိုယ် အတ္တဘော ကြီးသော သတ္တဝါယူဇနာတစ်ရာ နှစ်ရာ သုံးရာ လေးရာ ငါးရာရှိသောသတ္တဝါကြီးတို့၏ နေရာဖြစ်ခြင်းတို့ ဖြစ်၏။ တိမိငါးသည် ယူဇနာနှစ်ရာရှိ၏။ဝေလငါးဟူ၍လည်း ဆို၏။
တိမိင်္ဂလငါးသည် ယူဇနာ သုံးရာရှိ၍ တိမိငါးကို မြိုနိုင်၏။ တိမိရပိင်္ဂလငါးသည် ကြောင်သော မီးခိုးရောင်အဆင်းရှိ၍ ယူဇနာငါးရာရှိ၏။
ပဟာရာဒအသူရိန်သည် မဟာသမုဒ္ဒရာ၏အံ့ဘွယ်ရှစ်ပါး လျှောက်ထားပြီးသောအခါ ” မြတ်စွာဘုရား ! ဤတရားသဖြင့် ဆုံးမရာဖြစ်သောသာသနာတော်၌ ရဟန်းတို့သည် မွေ့လျော်ကြပါ၏လော ” ဟု မေးမြန်းလေ၏။ မြတ်စွာဘုရားကမွေ့လျော်ကြကြောင်း မိန့်ကြားတော်မူသောအခါ” ရဟန်းတို့ တွေ့မြင်၍ တွေ့မြင်၍ တရားသဖြင့်ဆုံးမရာဖြစ်သော ဤသာသနာတော်၌ မွေ့လျော်ကြောင်း မဖြစ်စဖူး ထူးဆန်းသည့် အံ့သြဘွယ်ရာတို့ အဘယ်မျှ ရှိပါသနည်း ” ဟု မေးမြန်းလေ၏။ သာသနာတော်၏ အံ့ဘွယ်တို့ကား ရာထောင်မက များပြားလှပေ၏။ ပဟာရာဒက မဟာသမုဒ္ဒရာ၏ အံ့ဘွယ်ရှစ်ပါးကို လျှောက်ထားသည်ဖြစ်၍ဥပမာသဘော ထပ်တူကျစွာ ဟောတော်မူလိုသည်ဖြစ်၍ ရှစ်ပါးရှိကြောင်း မိန့်တော်မူပါသည်။ထိုရှစ်ပါး
ကား——-
၁။ မဟာသမုဒ္ဒရာသည် ကမ်းစပ် စစချင်းမှာပင်လျှင် ချောက်ကမ်းပါး မဟုတ်မူ၍ အစဉ်အတိုင်း နိမ့်ကိုင်း နက်ရှိုင်းသွားသကဲ့သို့ တရားသဖြင့် ဆုံးမရာဖြစ်သော ဤသာသနာတော်၌လည်း စစချင်းပင်အရဟတ္တဖိုလ်ကို ထိုးထွင်းသိခြင်း မဟုတ်မူ၍အစဉ်အတိုင်း ကျင့်ရသော အကျင့်သိက္ခာ အစဉ်အတိုင်း ပြုရသော ပြုဘွယ် အစဉ်အတိုင်း ကျင့်ရသော ကျင့်စဉ်ရှိခြင်း။ သိက္ခာအရ သိက္ခာသုံးပါးပြုဘွယ်အရ ဓုတင် တစ်ဆယ့်သုံးပါး ကျင့်စဉ်အရအနုပဿ နာ ခုနှစ်ပါး မဟာဝိပဿနာ တစ်ဆယ့်ရှစ်ပါး အာရုံကို ဝေဘန်ခြင်း သုံးဆယ့်ရှစ်ပါး ဗောဓိပက္ခိယတရား သုံးဆယ့်ခုနှစ်ပါး ဖြစ်၏။
၂။ မဟာသမုဒ္ဒရာသည် တည်တံ့သော သဘောရှိသည်ဖြစ်၍ မဟာသမုဒ္ဒရာရေသည် ကမ်းကို လွန်တက်မသွားသကဲ့သို့ မြတ်စွာဘုရားသည် သာဝကတို့အတွက် ပညတ်အပ်သော သိက္ခာပုဒ်တို့ကိုသာဝကတို့သည် အသက်ဟူသော အကြောင်းကြောင့်သော်လည်း မကျူးကျော်ကြခြင်။
၃။ မဟာသမုဒ္ဒရာသည် ဆင်သေကောင်စသောအကောင်ပုပ်ဖြင့် အတူမနေမူ၍ အကောင်ပုပ်ရှိသော် လျင်မြန်စွာသာ ကမ်းပေါ်သို့ တင်သကဲ့သို့သီလပျက်သော ယုတ်ညံ့သောအကျင့်ရှိသော မစင်မကြယ် ယုံမှားတွေးတောဘွယ်အကျင့်ရှိသော အမှုကို ဖုံးကွယ်ထားသော ရဟန်းမဟုတ်ဘဲ ရဟန်းဟုဝန်ခံသော မြတ်သောအကျင့်ကိုမကျင့်ဘဲ မြတ်သောအကျင့်ကို ကျင့်သူဟု ဝန်ခံသော အတွင်းပုပ်ကာကိလေသာမိုးစွတ်သော အမှိုက်သဖွယ်ဖြစ်သောပုဂ္ဂိုလ်နှင့် သံဃာသည် အတူမနေ။ စည်းဝေး၍ ထိုပုဂ္ဂိုလ်ကို လျင်စွာ နှင်ထုတ်ခြင်း။ ထိုပုဂ္ဂိုလ်သည်သံဃအလယ်တွင် နေသော်လည်း အကျင့်မတူသည်ဖြစ်၍ သံဃာမှ ဝေးသည်သာ ဖြစ်၏။ သံဃာသည်လည်း ထိုပုဂ္ဂိုလ်နှင့် ဝေးသည်သာဖြစ်၏။ မြတ်စွာဘုရား၏ သိမ်မွေ့သော နှင်ထုတ်ပုံကား တရားဟောခြင်းသာ ဖြစ်၏။အင်္ဂုတ္တို သတ္တကနိပါတ် အဂ္ဂိက္ခန္ဓောပမသုတ်၌ မီးပုံကြီးကို ပြကာသူတို့သမီးကို ဖက်ခြင်းထက် မီးပုံကို ဖက်ခြင်းသည်သာ မြတ်ကြောင်း စသည်ဖြင့် သီလမရှိကအပါယ်ငရဲသို့ ရောက်ရကြောင်း ဟောတော်မူရာ
ရဟန်းအပါး ခြောက်ဆယ်သည် သွေးအံကာ” မြတ်စွာဘုရား ! ပြုနိုင်ခဲပါ၏။ မြတ်စွာဘုရား ! ပြုနိုင်ခဲပါ၏ ” ဟု လျှောက်ထားကာ လူထွက်ကြလေ၏။ ထိုမှတစ်ပါးသော ရဟန်အပါး ခြောက်ဆယ်သည်ကား ရဟန္တာများ ဖြစ်တော်မူကြ၏။ မြတ်စွာဘုရားနှင် တကွ သံဃာတော်များဥပုသ်ပြုရန် စုဝေးကြစဉ်ကလည်း ဒုဿီလရဟန်းတစ်ပါး ပါဝင်နေသဖြင့် မိုးလင်ခါနီးအထိ မြတ်စွာဘုရား ဥပုသ်ပြုတော်မမူဘဲ နေတော်မူရာ ရှင်မဟာမောဂ္ဂလ္လာန်က သိတော်မူ၍ လက်ဆွဲကာနှင်ထုတ်ခဲ့ရ၏။
၄။ ဂင်္ဂါယမုနာ အစိရဝတီ သရဘူ မဟီဟူသောမြစ်ကြီးငါးသွယ်တို့သည် မဟာသမုဒ္ဒရာသို့ရောက်လတ်သော် ဂင်္ဂါ ယမုနာစသော ရှေးအမည်တို့ကိုစွန့်၍ မဟာသမုဒ္ဒရာဟူသော တစ်မည်တည်းသာဖြစ်သကဲ့သို့ မင်း ပုဏ္ဏား သူဌေးသူကြွယ် သူဆင်းရဲဟူသော အမျိုးလေးပါးမှ ဤသာသနာတော်သို့ ဝင်ရောက်ကာ ရဟန်းပြုကြသောအခါ ရှေးအနွယ်အမည်တို့ကို စွန်ကာ “သာကီဝင်မင်သား မြတ်စွာဘုရား၏ သားတော် ရဟန်းတို့ ” ဟူ၍သာ ခေါ်ဝေါ်အပ်သည်ဖြစ်၍ တစ်မည်တည်း ဖြစ်ခြင်း။
၅။ မြစ်ကြီးမြစ်ငယ်မှန်သမျှ မဟာသမုဒ္ဒရာသို့ စီးဝင်ကာ ကောင်းကင်မှ မိုးရေအယဉ်တို့ ကျသော်လည်း မဟာသမုဒ္ဒရာရေ၏ လျော့သည်တိုးသည်၏အဖြစ်မထင်ရှားသကဲ့သို့ များစွာသော ရဟန်းတို့သည် အနုပါဒိသေသ နိဗ္ဗာနဓာတ်ဖြင့် ပရိနိဗ္ဗာန် စံဝင်တော်မူကြသော်လည်း ထိုနိဗ္ဗာနဓာတ်၏ ယုတ်လျှော့မှု တိုးမှု၏ အဖြစ် မထင်ရှားခြင်း။ ဘုရားမပွင့်၍ နိဗ္ဗာနဓာတ်၏ အချည်းအနှီးဟူသော အဖြစ်မရှိ။မရေတွက်နိုင်သော သတ္တဝါတို့ ပရိနိဗ္ဗာန်စံသောကြောင့် တိုးသည် ပြည့်သည်၏ အဖြစ်မရှိ။
၆။ မဟာသမုဒ္ဒရာသည် ဆားငန်အရသာဟူသောငန်သော အရသာတစ်မျိုးတည်းသာ ဖြစ်သကဲ့သို့ဤဓမ္မဝိနယ သာသနာတော်၏ လွတ်မြောက်မှုအရသာဟူသော အရသာ တစ်မျိုးတည်းသာရှိခြင်း။
၇။ မဟာသမုဒ္ဒရာ၌ ပုလဲ မြ ကြောင်မျက်ရွဲ ခရုသင်း ကျောက်သလင်း သန္တာ ငွေ ရွှေ ပတ္တမြားနီပတ္တမြားပြောက်ဟူသော တစ်ပါးမက များလှစွာသော ရတနာတို့ ရှိသကဲ့သို့ ဤသာသနာတော်၌လည် သတိပဋ္ဌာန် လေးပါး သမ္မပ္ပဓာန် လေးပါးဣဒ္ဓိပါဒ် လေးပါး ဣန္ဒြေ ငါးပါး ဗိုလ် ငါးပါး ဗောဇ္စျင်ခုနှစ်ပါး မဂ္ဂင် ရှစ်ပါးဟူသော များစွာသော ရတနာတို့ ရှိခြင်း။
၈။ မဟာသမုဒ္ဒရာသည် တိမိမည်သောငါး တိမိင်္ဂလမည်သော ငါး တိမိရပိင်္ဂလမည်သောငါး အသုရာနဂါး ဂန္ဓဗ္ဗနတ်ဟူသော ခန္ဓာကိုယ်အတ္တဘောကြီးသောသတ္တဝါ ယူဇနာတစ်ရာ နှစ်ရာ သုံးရာလေးရာငါးရာရှိသော သတ္တဝါကြီးတို့၏ နေရာဖြစ်သကဲ့သို့ဤဓမ္မဝိနယ သာသနာတော်သည်လည်း သောတာပန်ပုဂ္ဂိုလ် သောတာပတ္တိဖိုလ်ကို မျက်မှောက်ပြုခြင်းငါှ ကျင့်ဆဲပုဂ္ဂိုလ် သကဒါဂါမ်ပုဂ္ဂိုလ် သကဒါဂါမိဖိုလ်ကို မျက်မှောက်ပြုခြင်ငါှ ကျင့်ဆဲပုဂ္ဂိုလ် အနာဂါမ်ပုဂ္ဂိုလ် အနာဂါမိဖိုလ်ကို မျက်မှောက်ပြုခြင်းငါှ ကျင့်ဆဲပုဂ္ဂိုလ် ရဟန္တာ အရဟတ္တဖိုလ်ကို မျက်မှောက်ပြုခြင်းငါှ ကျင့်ဆဲပုဂ္ဂိုလ်ဟူသော ကြီးမြတ်သောသတ္တဝါတို့၏ နေရာဖြစ်ခြင်းတို့ ဖြစ်၏။
အင်္ဂုတ္တိုရ် ၊ တ – ၃၈ ၊ ပဟာရာဒသုတ်