အတွင်းအောင်ခြင်း ၈-ပါး

၁။ အဝိဇ္ဇာအဏ္ဍကောသမှိ ၊ သတ္တေ တဏှာဇလမ္ဗုဇေ ။

တမှာ ဌာနာ နိက္ခာမေသိ ၊ ဒေသနာဉာဏ တေဇသာ ။

ဧတေန သစ္စဝဇ္ဇေန ၊ ဟောတု မေ ဇယမင်္ဂလဂ္ဂံ ။

( မြတ်စွာဘုရားသည် ) အဝိဇ္ဇာဥခွံအတွင်း၌ ဖြစ်ကုန်သော သတ္တဝါများနှင့် တဏှာတံလျပ်၌ ဖြစ်ကုန်သော သတ္တဝါတို့ကို ဒေသနာဉာဏ်တန်ခိုးဖြင့် ထိုနေရာမှ ထွက်မြောက်စေတော်မူပြီ။ ဤမှန်သော သစ္စာစကားကြောင့် အကျွန်ုပ်အား အောင်ခြင်းမင်္ဂလာ ဖြစ်ပါစေ။ မှတ်ချက်။ ။ တဏှာဇလာဗုဇေ-ဟုရှိခဲ့သော် တဏှာ-တည်းဟူသော သားအိမ်၌ ဖြစ်ကုန်သော-ဟု မြန်မာပြန်ပါ။

၂။ မဟာမောဟန္ဓကာရေန ၊ အဘိဘူတေ မဟာဇနေ ။

ပညာစက္ခုံ လဘာပေသိ ၊ ဉာဏာလောကေန သော ဇိနော ။

ဧတေန သစ္စဝဇ္ဇေန ၊ ဟောတု မေ ဇယမင်္ဂလဂ္ဂံ ။

( မြတ်စွာဘုရားသည် ) မောဟမှောင်ကြီး ဖိစီးနှိပ်စက်ခြင်း ခံနေရသော သတ္တဝါများကို ဉာဏ်တော်တည်းဟူသော အလင်းရောင်ဖြင့် ပညာမျက်လုံးကို ရစေတော်မူပြီ။ ဤမှန်ကန်သော သစ္စာစကားကြောင့် အကျွန်ုပ်အား အောင်ခြင်းမင်္ဂလာ ဖြစ်ပါစေ။

၃။ ရာဂါဒိအဂ္ဂိဇာလေဟိ ၊ ဍဎ္ဍကာယံ မဟာဇနံ ။

နိဗ္ဗာပေသိ နရနာထော ၊ အဋ္ဌမဂ္ဂင်္ဂဝါရိနာ ။

ဧတေန သစ္စဝဇ္ဇေန ၊ ဟောတု မေ ဇယမင်္ဂလဂ္ဂံ ။

လူသုံးပါးတို့၏ ကိုးကွယ်ရာ ဖြစ်တော်မူသော မြတ်စွာဘုရားသည် ရာဂစသော မီးလျှံတို့ဖြင့် ပူလောင်သော ကိုယ်ရှိသော သတ္တဝါများကို မဂ္ဂင်ရှစ်ပါးတည်းဟူသော ရေစင်ဖြင့် ငြိမ်းစေတော်မူပြီ။ ဤမှန်ကန်သော သစ္စာစကားကြောင့် အကျွန်ုပ်အား အောင်ခြင်းမင်္ဂလာ ဖြစ်ပါစေ။

၄။ စတုရောဂေဟိ ဝုယှန္တေ ၊ ဂမ္ဘီရေ သံသာရဏ္ဏဝေ ။

ဥတ္တာရေသိ မဟာဝီရော ၊ ဓမ္မနာဝါယ နာယကော ။

ဧတေန သစ္စဝဇ္ဇေန ၊ ဟောတု မေ ဇယမင်္ဂလဂ္ဂံ ။

ကြီးမြတ်သော လုံ့လရှိတော်မူသော လူသုံးပါးတို့ကို နိဗ္ဗာန်သို့ ပို့ဆောင်တော်မူသော မြတ်စွာဘုရားသည် အလွန် နက်စောက်သော သံသရာတည်းဟူသော သမုဒ္ဒရာ၌ ဩဃလေးပါးတည်းဟူသော ရေအလျဉ်တို့ဖြင့် နစ်မွန်းမျောပါးကုန်သော သတ္တဝါတို့ကို တရားတည်းဟူသော လှေဖြင့် ကယ်တင်တော်မူလေပြီ။ ဤမှန်ကန်သော သစ္စာစကားကြောင့် အကျွန်ုပ်အား အောင်ခြင်းမင်္ဂလာ ဖြစ်ပါစေ။

၅။ သံသာရစာရကံ လောကံ ၊ နိစ္စံ ဒုက္ခေန ပီဠိတံ ။

နိဗ္ဗာနပုရံ ပါပေသိ ၊ ယာနတ္တယေန သော ဇိနော ။

ဧတေန သစ္စဝဇ္ဇေန ၊ ဟောတု မေ ဇယမင်္ဂလဂ္ဂံ ။

ထိုမြတ်စွာဘုရားသည် သံသရာ၌ ကျင်လည်လှုပ်ရှားပြေးသွားနေရပြီး ဇာတိစသော ဆင်းရဲဒုက္ခဖြင့် အမြဲမပြတ် နှိပ်စက်ခြင်း ခံနေရသော လူအပေါင်းကို အနိစ္စ, ဒုက္ခ, အနတ္တ ဝိပဿနာယာဉ်သုံးပါးဖြင့် နိဗ္ဗာန်ပြည်မြတ်သို့ ရောက်စေတော်မူပြီ၊ ဤမှန်သော သစ္စာစကားကြောင့် အကျွန်ုပ်အား အောင်ခြင်းမင်္ဂလာ ဖြစ်ပါစေ။

၆။ ကဋ္ဌမုခါဒိ သပ္ပေဟိ ၊ ဍဋ္ဌကာယံ မဟာဇနံ ။

နိဗ္ဗာပေသိ မဟာဓီရော ၊ နာထော တိလောကဝေဇ္ဇကော ။

ဧတေန သစ္စဝဇ္ဇေန ၊ ဟောတု မေ ဇယမင်္ဂလဂ္ဂံ ။

ကြီးမြတ်သော ပညာရှိတော်မူသော လူသုံးပါးတို့၏ ဆေးသမားသဖွယ် ဖြစ်တော်မူသော မြတ်စွာဘုရားသည် ကဋ္ဌမုခ-စသော မြွေလေးကောင်တို့၏ ကိုက်ခဲခြင်းကို ခံရသော ကိုယ်ရှိသော များစွာသော သတ္တဝါအပေါင်းကို (ဒေသနာအမြိုက်ဆေး တိုက်ကျွေးသောအားဖြင့်) ငြိမ်းစေတော်မူပြီ၊ ဤမှန်သော သစ္စာစကားကြောင့် အကျွန်ုပ်အား အောင်ခြင်းမင်္ဂလာ ဖြစ်ပါစေ။

၇။ သံသာရ ဒုက္ခကန္တာရာ ၊ ကိလေသစောရပီဠိတံ ။

ခေမန္တဘူမိံ တာရေသိ ၊ သတ္ထဝါဟော ဝိနာယကော ။

ဧတေန သစ္စဝဇ္ဇေန ၊ ဟောတု မေ ဇယမင်္ဂလဂ္ဂံ ။

ယာဉ်မှူးသဖွယ်ဖြစ်တော်မူသော သတ္တဝါတို့ကို နိဗ္ဗာန်သို့ ပို့ဆောင်တော်မူတတ်သော မြတ်စွာဘုရားသည် ကိလေသာခိုးသူတို့၏ နှိပ်စက်ခြင်းကို ခံနေရသော သတ္တဝါအပေါင်းကို သံသရာဆင်းရဲ ခရီးခဲဲမှ ဘေးမရှိရာ နိဗ္ဗာန်သို့ ပို့ဆောင်ထုတ်ချောက် ကူးမြောက်စေတော်မူပြီ၊ ဤမှန်သော သစ္စာစကားကြောင့် အကျွန်ုပ်အား အောင်ခြင်းမင်္ဂလာ ဖြစ်ပါစေ။

၈။ ပဥ္စတာလီသ ၀ဿာနိ ၊ ဌတွာ လောကံ သဒေဝကံ ။

ပိ၀ယိတွာ ဓမ္မရသံ ၊ နိဗ္ဗုတော သော သသာဝကော ။

ဧတေန သစ္စဝဇ္ဇေန ၊ ဟောတု မေ ဇယမင်္ဂလဂ္ဂံ ။

ဆိုခဲ့ပြီးသော ကျေးဇူးဂုဏ်အပေါင်းနှင့် ပြည့်စုံတော်မူသော မြတ်စွာဘုရားသည် လေးဆယ့်ငါးဝါပတ်လုံး ဘုရားအဖြစ်၌ တည်တော်မူ၍ နတ်နှင့်တကွသော လူအပေါင်းကို တရားတည်းဟူသော အမြိုက်အရသာကို သောက်စေတော်မူပြီး၍ တပည့်သား သံဃာတော်အပေါင်းနှင့် အတူ ပရိနိဗ္ဗာန် ပြုတော်မူလေပြီ။ ဤမှန်သော သစ္စာစကားကြောင့် အကျွန်ုပ်အား အောင်ခြင်းမင်္ဂလာ ဖြစ်ပါစေ။

အတွင်းအောင်ခြင်း ရှစ်ပါး ကဗျာ

၁။ အဝိဇ္ဇာ ဥတွင်း ၊ သက်ဆင်းရောက်နေ ။

တဏှာတံလျှပ် ၊ ကိန်းဝပ် ဝေနေ ။

ဒေသနာဉာဏ်မြတ် ၊ ဟောလတ်ချွတ်ချွေ ။

ကယ်တင်ငြား ၊ ဘုရားမြတ်စိန္တေ ။

မှန်စကား ၊ တို့များ အောင်ပါစေ ။

၂။ မောဟ မှောင်ကြီး ၊ ပိတ်ဆီးကာနေ ။

ပညာမျက်စိ ၊ ကန်းဘိသူတွေ ။

မျက်စကိုဖွင့် ၊ ဉာဏ်ဖြင့်မြင်စေ ။

ကယ်တင်ငြား ၊ ဘုရားမြတ်စိန္တေ ။

မှန်စကား ၊ တို့များ အောင်ပါစေ ။

၃။ ရာဂ စသား ၊ မီးများလောင်နေ ။

ပူလောင်ကိုယ်ရှိ ၊ များဘိဝေနေ ။

မဂ္ဂင်ရေအေး ၊ တိုက်ကျွေးငြိမ်းစေ ။

ကယ်တင်ငြား ၊ ဘုရားမြတ်စိန္တေ ။

မှန်စကား ၊ တို့များ အောင်ပါစေ ။

၄။ ပင်လယ်ရေလှိုင်း ၊ နက်ရှိုင်းတူနေ ။

သံသရာဩဃ ၊ မျောကြသူတွေ ။

တရားလှေထက် ၊ တင်လျက်ဆောင်ပေ ။

ကယ်တင်ငြား ၊ ဘုရားမြတ်စိန္တေ ။

မှန်စကား ၊ တို့များ အောင်ပါစေ ။

၅။ ဇာတိအစ ၊ ဒုက္ခထွေထွေ ။

နှိပ်စက်ခံရ ၊ များလှဝေနေ ။

သုံးပါးယဉ်ထက် ၊ တင်လျက်ဆောင်ပေ ။

ကယ်တင်ငြား ၊ ဘုရားမြတ်စိန္တေ ။

မှန်စကား ၊ တို့များ အောင်ပါစေ ။

၆။ ကဋ္ဌမုခ ၊ စသည်လေးထွေ ။

မြွေဆိုးကိုက်ကြ ၊ ခံရသူတွေ ။

ဒေသနာဆေး ၊ တိုက်ကျွေးကာလေ ။

ကယ်တင်ငြား ၊ ဘုရားမြတ်စိန္တေ ။

မှန်စကား ၊ တို့များ အောင်ပါစေ ။

၇။ ကိလေသာမျိုး ၊ လူဆိုးရှုပ်ပွေ ။

သံသရာလမ်း ၊ ဘေးဘျမ်းထူနေ ။

နိဗ္ဗာန်စခန်း ၊ လွတ်လမ်းရှာဖွေ ။

ကယ်တင်ငြား ၊ ဘုရားမြတ်စိန္တေ ။

မှန်စကား ၊ တို့များ အောင်ပါစေ ။

၈။ ဝါလေးဆယ့်ငါး ၊ ဘုရားစိန္တေ ။

နတ်နှင့်လူများ ၊ တရားဟောချွေ ။

အမြိုက်ဓမ္မ ၊ သောက်ကြပြီးစေ ။

နိဗ္ဗူနန်း ၊ စံမြန်းအတူပေ ။

မှန်စကား ၊ တို့များ အောင်ပါစေ ။