အဝိဇ္ဇာအမှောင် (၅)စင်း

အဝိဇ္ဇာအ​မှောင် (၅)စင်း

  • ကံ၊ကံ၏အကျိုးကို မသိနိုင်​အောင် ကမ္မဿကတဉာဏ်ကို ဖုံးအုပ်ထားသည်။
  • နာမ်နှင့်ရုပ်သဘာဝကို မသိနိုင်​အောင် နာမရူပပရိ​စ္ဆေဒဉာဏ်ကို ဖုံးအုပ်ထားသည်။
  • ပဋိစ္စသမုပ္ပါဒ်ကို မသိ​အောင် ပစ္စယပရိဂ္ဂဉာဏ်ကို ဖုံးအုပ်ထားသည်။
  • ခန္ဓါ၏ဖြစ်ပျက်အနိစ္စကို မသိနိုင်​အောင် အနိစ္စ၊ ဒုက္ခ၊ အနတ္တလက္ခဏဉာဏ်ကို ဖုံးအုပ်ထားသည်။
  • ဖြစ်ပျက်အဆုံးကို မမြင်နိုင်​အောင် မဂ်ဉာဏ်၊ ဖိုလ်ဉာဏ်ကို ဖုံးအုပ်ထားသည်။

အထက်ပါ အဝိဇ္ဇာ အ​မှောင် (၅)စင်းကို သူ့အဆင့်အလိုက် ကျကျနနဖယ်ရှားတတ်မှသာ ဉာဏ်အလင်း(၅)စင်းရပြီး ခရီး​ပေါက်ကာ အဝိဇ္ဇာမှ ဝိဇ္ဇာဉာဏ်ဖြစ်၍ မဂ်ဉာဏ်၊ ဖိုလ်ဉာဏ်ကို ရပါလိမ့်မည်။ ဝိပဿနာ အားထုတ်​နေ​သော်လည်း မှန်း​ခြေမရှိပါက ဘယ်​တော့ ဘယ်အဆင့်​ရောက်မှန်း မသိ၍၎င်း၊ မိမိခွန်အားနှင့် ဒီခရီးလမ်းကို ​ရောက်နိုင်၊ မ​ရောက်နိုင်ကို မခန့်မှန်းနိုင်သဖြင့်၎င်း မဂ်ဉာဏ်၊ ဖိုဉာဏ်ကို မရနိုင်ပဲ ပါရမီရဖို့သာ ဖြစ်​နေပါမည်။

#ကံ၊ကံ၏အကျိုး

ကမ္မဿကတဉာဏ်အလင်းကို ဗုဒ္ဓဘာသာဝင်ဖြစ်သူတိုင်း ရပြီး၊ သိပြီးဖြစ်ပါသည်။ ကံ၊ ကံ၏အကျိုးကိုသိ​သော ဗုဒ္ဓဘာသာဝင်များသည် ကံ​ကောင်း​စေဖို့ သီလ​စောင့်ခြင်း၊ လှူဒါန်း ​ပေးကမ်းခြင်း၊ ဘုရားတည်ခြင်း၊ ​ကျောင်း​ဆောက်ခြင်းစ​သော ပုညာဘိသင်္ခါရ အလုပ်များကို လုပ်ကြပါသည်။ ကံ၊ ကံ၏ အကျိုးကို ယုံကြည်​သော ဉာဏ်အလင်းသည် အဝိဇ္ဇာအ​မှောင် နံပါတ်(၁)ကိုသာ တွန်းလှန်နိုင်တာဖြစ်လို့ အလင်းတစ်ချက်ကိုပဲ ရပါသည်။ဒီကမ္မဿကတဉာဏ်အဆင့်သည် နတ်ဘုံနတ်ဘဝသို့ ​ရောက်နိုင်​သော်လည်း မရဏ​သေ​ဘေးမှ မလွတ်​သေးပါ။မရဏမ္ပိ ဒုက္ခံ ဟုဆိုသဖြင့် ဘယ်ဘုံဘဝ၏ မရဏဖြစ်ပါ​စေ ဒုက္ခသစ္စာသာ ဖြစ်၏။ ဒါ​ကြောင့် ဒီအဆင့်သည် စက္ခုံ ဥဒပါဒိ၊ ဉာဏံ ဥဒပါဒိ၊ ဝိဇ္ဇာ ဥဒပါဒိ၊ အ​လော​ကော ဥဒပါဒိ မဖြစ်​သေးပါ။ ဒီဉာဏ်နှင့်လည်း စိတ်မချရ​သေး၍ မ​သေ​ပျော်​သေးပါ။

#အလုပ်စဥ်(ကံ၊ ကံ၏ အကျိုး)

ဗဒ္ဓဘာသာဝင်ဖြစ်လျှင် ရိုးရာအသိနဲ့ ကံ၊ ကံ၏အကျိုးကို ယုံကြည် နားလည်ပြီးဖြစ်၍ ပထမအဝိဇ္ဇာအ​မှောင်ကို အလိုလို ဖယ်ရှားပြီး ဖြစ်​နေပါသည်။

#နာမ်နှင့် ရုပ်သ​ဘော

နာမရူပ ပရိ​စ္ဆေဒဉာဏ်အလင်းသည်ကား ခန္ဓါရလျှင် နာမ်နှင့်ရုပ်သာလျှင် ဖြစ်၏ဟု ကွဲကွဲပြားပြား၊ ပိုင်ပိုင်နိုင်နိုင် သိ​သောဉာဏ် ဖြစ်သည်။ ပထဝီရုပ်၊ ​တေ​ဇောရုပ်၊ အာ​ပေါရုပ်၊ ဝါ​ယောရုပ် စ​သော ဓါတ်ကြီး​လေးပါး ရုပ်တို့၏ ဖြစ်ပျက် ​ဖောက်ပြန်​နေသည်ကို ဉာဏ်နဲ့မြင်ရင်ဖြင့် ရုပ်ကိုမြင်တာဖြစ်သည်။ ရုပ်ကိုမြင်ရင် ရုပ်၊ နာမ်ကို ကွဲပြားစွာ မြင်ပြီးဖြစ်သည်။ တစ်ခါ ​ဝေဒနာ၊ သညာ၊ သင်္ခါရ၊ ဝိညာဏ်ကို ထပ်ပြီးသိရင် “နာမရူပ  ပရိ​စ္ဆေဒဉာဏ်”ကို ပိုင်ပိုင် နိုင်နိုင်ရပြီ ဖြစ်ပါသည်။ သို့​သော်လည်း ကျန်​သေး​သော အဝိဇ္ဇာအ​မှောင်သုံးစင်းဖြစ်​သော အ​ကြောင်းအကျိုးကိုသိ​သော ပစ္စယပရိဂ္ဂဟဉာဏ်ရယ် ဖြစ်ပျက်ကိုမြင်​သော ဥဒယဗ္ဗယဉာဏ်ရယ် ဖြစ်ပျက်အဆုံးကိုမြင်​သော မဂ်ဉာဏ်ရယ်တို့ကို ဖုံးထား​သော အဝိဇ္ဇာအ​မှောင်(၃)စင်းကို မတွန်းလှန်နိုင်​သေးပါ။ အဝိဇ္ဇာအ​မှောင်(၃)စင်း ကျန်ရှိ​နေ​သေး​တော့ အဝိဇ္ဇာမှ ဝိဇ္ဇာမဖြစ်​သေးပါ။

#အလုပ်စဥ်(နာမ်နှင့်ရုပ်သ​ဘော)

နာမ်နှင့်ရုပ်ကို ကွဲပြားစွာသိ​သော နာမရူပ ပရိ​စ္ဆေဒဉာဏ် ရဖို့ပါပဲ။ ခန္ဓါကြီး၏ ရုပ်သဘာဝ၊ နာမ်သဘာဝ၊ ရုပ်သ​ဘော၊ နာမ်သ​ဘောတို့ကို ဉာဏ်အမြင်၌ သဲသဲကွဲကွဲ မြင်သိလျှင် ရုပ်နာမ်ကွဲပြားစွာသိ၍ နာမရူပ ပရိ​စ္ဆေဒဉာဏ်ကို ရရှိသည်။ အ​မေက ​မွေးခဲ့တဲ့ ခန္ဓါကြီးသည် ငါမဟုတ် ရုပ်နှင့်နာမ်သာ ဖြစ်သည်။ ရုပ်သ​ဘော အ​နေနှင့် ပထဝီရုပ်၊ ​တေ​ဇောရုပ်၊ အာ​ပေါရုပ်၊ ဝါ​ယောရုပ် ဟူ​သော ဓါတ်ကြီး​လေးပါးရုပ်တို့၏ ဖြစ်ပျက်၊ ​ဖောက်ပြန်ပျက်စီး​နေတာကို မြင်သိရင် ဒါသည်ရုပ်၏သ​ဘောကို သိမြင်သည်ဖြစ်ပါသည်။ ယင်းရုပ်တို့ကိုသိတာက နာမ်ဖြစ်ပါသည်။ ဒါဆိုရင် ရုပ်နှင့်နာမ်ကို ကွဲပြားစွာသိပြီးဖြစ်ပါသည်။ ခံစားတတ်​သော (​ဝေဒနာ)အစု၊ မှတ်သားတတ်​သော(သညာ)အစု၊ တိုက်တွန်း ​စေ့​စော်၊ ပြုပြင်စီရင်တတ်​​​သော ​စေတနာ(သင်္ခါရ)သ​ဘောအစု၊ သိတတ်​သော သ​ဘော(ဝိညာဏ်)အစု စသည်တို့သည် နာမက္ခန္ဓါ(နာမ်ခန္ဓါ) ဟူ၍သိလျှင် ရုပ်နာမ်ကို ကွဲပြားစွာသိ၍ သက္ကာယဒိဋ္ဌိကို ဉာဏ်အသိဖြင့်ပယ်ကာ ဒုတိယ အဝိဇ္ဇာအ​မှောင်ကို ပယ်ရှားလိုက်ပြီးဖြစ်ပါသည်။

#ပဋိစ္စသမုပ္ပါဒ်

အ​ကြောင်းအကျိုးကိုသိတဲ့ ဉာဏ်အလင်းသည်ကား ခန္ဓါပဋိစ္စသမုပ္ပါဒ်ကို နားလည်ရင် ဒီနံပါတ်သုံးဉာဏ်အလင်းကို ရတာဖြစ်သည်။ သင်္ခါရ​လောကကြီး၌ ပုဂ္ဂိုလ်၊ သတ္တဝါမရှိ။ သူ ငါ မရှိ။ ​ယောင်္ကျား၊ မိန်းမ မရှိ။ အ​ပြောတာရှိ၏။ တကယ်ရှိတာက ​အ​ကြောင်းနှင့် အကျိုးသာရှိ၏။ ဒီလို သိ​ပေးရပါမည်။ ဒီနံပါတ်(၃)ဖြစ်​သော ဉာဏ်အလင်းသည် အလွန် အ​ရေးကြီးပါသည်။ ဘာ​ကြောင့် အ​ရေးကြီးပါသလဲဆို​တော့ – ဒီနံပါတ်(၃)ဉာဏ်အလင်းကို ​ကြေ​ကြေညက်ညက် မသုံးသပ်တတ်ပဲ နံပါတ်​လေးကို တက်သွားရင်၊ နံပါတ်​လေးဖြစ်တဲ့ ဖြစ်ပျက်မြင်​သော ဉာဏ်အလင်းကို လုံးဝရမည် မဟုတ်ပါ။ အဝိဇ္ဇာ အမှတ်သုံးကို ဖယ်နည်းက ယခု​ပေါ်ဆဲဖြစ်သည့် ခန္ဓပဋိစ္စသမုပ္ပါဒ်ကို သိရပါမည်။ ​ပေါ်ဆဲ ခန္ဓပဋိစ္စသမုပ္ပါဒ်ကို သိပြီး၊ ၎င်း​ပေါ်ဆဲ ခန္ဓပဋိစ္စသမုပ္ပါဒ်ကို ရှုရပါမည်။ ဒါဖြင့် ​ပေါ်ဆဲ ခန္ဓပဋိစ္စသမုပ္ပါဒ်ကို ဘယ်လိုသိပြီး  ဘယ်လိုရှုရမှာလဲဆို​တော့ – မြင်စိတ်​ပေါ်လျှင် မြင်စိတ်ကို၎င်း၊ ကြားစိတ်​ပေါ်လျှင် ကြားစိတ်ကို၎င်း၊ ​ဒေါသစိတ်​ပေါ်လျှင် ​ဒေါသစိတ်ကို၎င်း၊ ​လောဘစိတ်​ပေါ်လျှင် ​​​လောဘစိတ်ကို၎င်း၊ ဘာစိတ်ပဲ ​ပေါ်လာပါ​စေ ​ပေါ်​နေဆဲစိတ်က ပဋိစ္စသမုပ္ပါဒ် အစ ဖြစ်သဖြင့် ၎င်း​ပေါ်တဲ့စိတ်သည် ငါမဟုတ် သူလည်းမဟုတ်။ ​အခံဓါတ်နှင့် အတိုက်ဓါတ်တို့ဆုံမိလို့ ဖြစ်​ပေါ်လာ​သော အပွင့်ဓါတ် နာမ်ဓမ္မသာဖြစ်သည်။ အ​ကြောင်းနှစ်တိုက်၍ ဖြစ်​ပေါ်လာ​သော အကျိုး နာမ်ဓမ္မဖြစ်သည်လို့ အသိ​ပေးလိုက်ပါ။ ဤသို့ဖြင့် အ​ကြောင်းအကျိုးကို သိ​သော ဉာဏ်အလင်းကိုရလျှင် အဝိဇ္ဇာအ​မှောင် သုံးစင်း​မြောက်ကို ဖယ်ရှားပြီးဖြစ်​သော​ကြောင့် စူဠ​သောတာပန် အဆင့်​ရောက်ပြီဖြစ်သည်။ စူဠ​သောတာပန် ဖြစ်​သော်လည်း လူဘဝ၊ နတ်ဘဝမှာ ခံစားရအုံးမှာဖြစ်သည်။ နတ်ပြည်မှာ ခံစားရင်​တော့ နတ်ပြည်မှာက ကိ​လေသာ​တွေ ထူ​ပြောတာဖြစ်​တော့ အဝိဇ္ဇာ​တွေ ပြန်တက်လာတာ – အဝိဇ္ဇာ ပစ္စယာ သင်္ခါရာ၊ သင်္ခါရ ပစ္စယာ ဇာတိ ဇရာ မရဏ ​တွေလာဦးမည် ဖြစ်ပါသည်။ ဒီ​တော့ အဝိဇ္ဇာ အ​မှောင် နံပါတ် ​​လေးနှင့်ငါး ကျန်ပါ​သေးသည်။

#အလုပ်စဥ်(ပဋိစ္စသမုပ္ပါဒ်)

ပဋိစ္စသမုပ္ပါဒ်ကိုသိ​အောင် ပစ္စယပရိဂ္ဂဒဉာဏ်ရဖို့ပါပဲ။ ဒီရုပ် ဒီနာမ် ဒီခန္ဓါကြီးသည် ငါမဟုတ်။ သူမဟုတ်။ ငါ့ဥစ္စာလည်း မဟုတ်။ ​​ယောက်ျားလည်းမဟုတ်။ မိန်းမလည်း မဟုတ်။ သူပဲ ငါပဲ တကယ်မရှိ။ အ​ပြောတာရှိ၏ဟု သိ​နေရမည်။ အ​ကြောင်းနှင့် အကျိုးသာရှိ၏။ ​ရှေး​ရှေးအတိတ်ကပြုခဲ့​သော အဝိဇ္ဇာ၊ တဏှာ၊ ဥပါဒါန်နှင့် ကံ ဟူ​သော အ​ကြောင်း ​လေးပါး​ကြောင့် ဤခန္ဓါဖြစ်လာရသည်ဟုလည်း သိထားနှင့်ရပါမည်။

ထို့အပြင် ယခု​ပေါ်ဆဲ၊ ဖြစ်​နေဆဲဖြစ်​သော ခန္ဓါ ပဋိစ္စ သမုပ္ပါဒ်ကို သိပြီး ရှုမှတ်ဆင်ခြင်ရမည် ဆို​သော​ကြောင့် စိတ်​ပေါ်လာရင် ဘာစိတ်ပဲ​ပေါ်​ပေါ် ​ပေါ်​နေတဲ့ ​ပေါ်ဆဲစိတ်က ပဋိစ္စသမုပ္ပါဒ် အစဖြစ်သဖြင့် ယင်း​ပေါ်​သောစိတ်သည် အခံဓါတ်နှင့် အတိုက်ဓါတ် ဆိုင်ရာဆိုင်ရာ တိုက်မိ၊ ဆုံမိကြ၍ အပွင့်ဓါတ်(နာမ်ဓမ္မ)ဖြစ်​ပေါ်လာသည်။ မြင်စိတ်​ပေါ်ရင် မြင်စိတ်သည် ငါမြင်တာမဟုတ်။ မျက်လုံး အခံဓါတ်နှင့် အဆင်းဆို​သော အတိုက်ဓါတ်တို့ တိုက်မိဆုံမိကြ၍ အပွင့်ဓါတ် မြင်စိတ် (နာမ်ဓမ္မ)ဖြစ်​ပေါ်လာသည်ဟု သိ​ပေးရပါသည်။ ဒီလိုသိ​ပေးလိုက်ရင် အ​ကြောင်းအကျိုးကို သိမ်းဆည်းပြီး သိ​သောဉာဏ် ဖြစ်ပါသည်။ ကြားစိတ် ​ပေါ်လာရင် ကြားစိတ်သည် ငါမဟုတ်။ နားဆို​သော အခံဓါတ်နှင့် အသံဆို​သော အတိုက်ဓါတ်တို့ ​ပေါင်းဆုံမိတဲ့အတွက် အပွင့်ဓါတ်အဖြစ် ကြားစိတ်ဖြစ်​ပေါ်လာရတာပဲဟု သိ​ပေး​နေရင် အ​ကြောင်းနှင့် အကျိုးကို သိမ်းဆည်းသိ​သောဉာဏ်ဖြစ်ပါသည်။ ဒီလိုသိ​​နေလျှင် ဥ​စ္ဆေဒဒိဋ္ဌိ ပယ်ပြီးဖြစ်ပါသည်။ တတိယ အဝိဇ္ဇာအ​မှောင်ကို ဖယ်ရှားတွန်းလှန်နိုင်ပြီး ပစ္စယပရိဂ္ဂဟဉာဏ်အလင်းကို ရရှိပြီး ဖြစ်ပါသည်။ စူဠ​သောတာပန်၏ ဉာဏ်အလင်းကို ရပြီးဖြစ်ပါသည်။

#အနိစ္စ၊ ဒုက္ခ၊ အနတ္တ လက္ခဏာ

ဖြစ်၊ ပျက်ကို မြင်​သောဉာဏ်အလင်းကို မမြင်​အောင်၊ ဖြစ်ပျက်ကို မ​တွေ့​အောင် နံပါတ်(၄) အဝိဇ္ဇာ အ​မှောင်က ဖုံးအုပ် ထားပါသည်။ ဖြစ်ပျက်ကို မမြင်​တော့ အနိစ္စ၊ ဒုက္ခ၊ အနတ္တ လက္ခဏာကို မမြင်ပါ။ ဖြစ်ပျက်ကို မမြင်တာသည် ကံမ​ကောင်း အ​ကြောင်းမလှလို့ မမြင်တာ မဟုတ်ပါ။ ဖြစ်ပျက်ကို မမြင်ရ​အောင် ဖုံးအုပ်ထား​သော နံပါတ်(၄) အဝိဇ္ဇာအ​မှောင်ကို  မတွန်းလှန်နိုင်၍သာ ဖြစ်သည်။ ဖြစ်ပျက်ကို မြင်လျှင် အနိစ္စကို မြင်ပါသည်။ ဖြစ်ပျက်ကို မြင်ပြီဆိုလျှင် အဝိဇ္ဇာအ​မှောင် ​လေးစင်းကို တွန်းလှန် ​ကျော်လွှားနိုင်ခဲ့ပြီ ဖြစ်သဖြင့် နံပါတ်(၅) အဝိဇ္ဇာ အ​မှောင် တစ်စင်းသာ ကျန်ပါ​တော့သည်။ တစသံသရာလုံး ကာမဘုံ၊ ရူပဘုံ၊ အရူပဘုံ စ​သော ဘုံသုံးမျိုး၌သာ ကျင်လည်​နေရတာသည် အဝိဇ္ဇာအ​မှောင် (၅)စင်းက ခြယ်လှယ် အုပ်စိုးထား၍ ဖြစ်ပါသည်။ ၎င်းအဝိဇ္ဇာအ​မှောင် ငါးစင်းကို တစ်ခါတည်း တွန်းလှန်ဖို့ မလွယ်ကူပါ။ အဝိဇ္ဇာ အ​မှောင် (၁) ကို တွန်းလှန်ပြီးမှ အဝိဇ္ဇာ အ​မှောင် နံပါတ်(၂)၊ (၃)၊ (၄) စသည်တို့ကို စနစ်တကျ အစီအစဥ်အတိုင်း တွန်းလှန် ရပါသည်။ နံပါတ်​လေး အဝိဇ္ဇာ အ​မှောင်ကို တွန်းလှန်​ကျော်လွှား ပြီးရင်​တော့ ဖြစ်ပျက်ကိုမြင်ပြီး အနိစ.စ၊ ဒုက္ခ၊ အနတ္တကို မြင်ပြီးဖြစ်၍ စတုတ္ထ​မြောက်အလင်းကို ရပြီဖြစ်ပါသည်။ ဤအဆင့်​ရောက်ရင်​တော့ အလင်း​လေးချက် ရပြီးဖြစ်သည်။

#အလုပ်စဥ်(အနိစ္စ၊ ဒုက္ခ၊ အနတ္တ လက္ခဏာ)

မြတ်စွာဘုရားက အနိစ္စ ဝတ သင်္ခါရ(ဖြစ်တာနဲ့ ပျက်တာ) ပဲရှိတယ်။ သင်္ခါ​ရေ အနိစ္စ​တော၊ ဒုက္ခ​တော၊ အနတ္တ​တောဟူ၍ ​ဟောထားသည် ဖြစ်ရာ သင်္ခါရတရား ​ပေါ်လာရင် အနိစ္စကို မြင်​အောင်၊ ဒုက္ခကို မြင်​အောင်၊ အနတ္တကို မြင်​အောင် ဝိပဿနာဉာဏ်ဖြင့် ရှု​ပေးရမည် ဖြစ်ပါသည်။ ဒီ​တော့ မိမိသန္တာန်မှာ စိတ်က​လေး တစ်ခု​ပေါ်လာရင် အနိစ္စကို မြင်​အောင်၊ ဒုက္ခကို မြင်​အောင်၊ အနတ္တကိုမြင်​အောင် ဝိပဿနာဉာဏ်ဖြင့် ရှု​ပေးရမည် ဖြစ်ပါသည်။ ဒီ​တော့ မိမိသန္တာန်မှာ စိတ်က​လေးတစ်ခု ​ပေါ်လာရင် ဘာစိတ်ပဲ​ပေါ်​ပေါ်(ဥပမာ-မြင်စိတ်/ကြားစိတ်/ယားယံစိတ်/​ဒေါသစိတ်…) ​ပေါ်လာတဲ့စိတ်ကို အနိစ္စ​ရောက်သွားတာ(ဝါ) ပျက်သွားတာကို မြင်​အောင် ကြည့်ရမည်။ ဖြစ်ပျက်ကို မြင်​အောင် ကြည့်ရမည်။ မဂ္ဂင်ငါးပါးနဲ့ ကြည့်​သော်လည်း ဖြစ်ပျက်ကို ​ရေး​ရေးမျှ မမြင်ရင်ဖြင့် နံပါတ်​လောဉာဏ်ဖြစ်​သော “ဥဒယဗ္ဗယဉာဏ်(ဝါ)ဖြစ်ပျက်မြင်​သော ဉာဏ်” ကို မရနိုင်​တော့ပါ။ ဖြစ်ပျက်ကို မမြင်နိုင်တာသည် ပါရမီ မရှိလို့၊ ကံအ​ကြောင်း မသင့်လို့ မဟုတ်ပဲ စတုတ္ထ အဝိဇ္ဇာကို  မတွန်းလှန်နိုင်၍ ဖြစ်သည်။ ဘာ​ကြောင့် မတွန်းလှန် နိုင်ရပါသလဲ ဆို​တော့ တတိယအဝိဇ္ဇာကို ကျကျနန မပယ်သတ်ခဲ့၍ ဖြစ်သည်။ တတိယ အဝိဇ္ဇာကို ပိုင်ပိုင်နိုင်နိုင် မပယ်ရှားခဲ့ပဲ နံပါတ်​လေးကို ​ကျော်တက်ခဲ့သဖြင့် ဖြစ်ပျက်ကို မမြင်ရခြင်း ဖြစ်ပါသည်။ ဒီလိုဆိုရင် ​ဖြေရှင်းပုံသည် နံပါတ်သုံး အဝိဇ္ဇာကို ပြန်ရှင်းရပါမည်။ နံပါတ်သုံး အဝိဇ္ဇာကို ပြန်ရှင်းဖို့ဆိုတာက ​ပေါ်ဆဲ ဖြစ်ဆဲဖြစ်​သော ခန္ဓါ ပဋိစ္စသမုပ္ပါဒ်ကို ပြန်ရှုရပါမည်။ မြင်စိတ်​ပေါ်ရင် မြင်စိတ်ကို၎င်း၊ ကြားစိတ်​ပေါ်ရင် ကြားစိတ်ကို၎င်း၊ ​ဒေါသစိတ်​ပေါ်ရင် ​ဒေါသစိတ်ကို၎င်း၊ ​လောဘစိတ် ​ပေါ်ရင် ​လောဘစိတ်ကို၎င်း ဘာစိတ်ပဲ ​ပေါ်လာ ​ပေါ်ဆဲစိတ်သည် ပဋိစ္စသမုပ္ပါဒ် အစဖြစ်သဖြင့် ​ပေါ်လာ​သော ကြားစိတ်၊ မြင်စိတ် စသည့်စိတ်သည် ငါမဟုတ်၊ သူမဟုတ်။ ဆိုင်ရာဆိုင်ရာ အခံဓါတ်နဲ့ အတိုက်ဓါတ်တို့ ​ပေါင်းဆုံမိသဖြင့် အပွင့်ဓါတ် နာမ်ဓမ္မအဖြစ် ဖြစ်​ပေါ်လာတဲ့ မြင်စိတ်က​လေး၊ ကြားစိတ်က​လေး ဖြစ်သည်။ ​ဒေါသစိတ်က​လေး ဖြစ်သည်။ ၎င်း​ပေါ်လာ​သော စိတ်က​လေးသည် သူ့အလိုလို ဖြစ်တာမဟုတ်၊ အတိုက်ဓါတ်နှင့် အခံဓါတ်တို့ ဆိုင်ရာ​ပေါင်းဆုံမိသဖြင့် ကြားစိတ်၊ မြင်စိတ်၊ ​ဒေါသစိတ် စတဲ့ နာမ်ဓမ္မဖြစ်​ပေါ်လာသည်။ ဒီလိုဖြစ်​ပေါ်လာ​သော အပွင့်ဓါတ် န္မ်ဓမ္မကြားစိတ်သည် ဖြစ်ပြီး ပျက်သွားတာပဲ၊ ​ဒေါသစိတ်သည် ​ပေါ်ပြီး ပျက်သာပဲ။ သင်္ခါရတရား​တွေ ​ပေါ် ပြီး ပျက်သွားတာပဲ။ ငါမဟုတ် သူလည်းမဟုတ်။ ငါကြားတာမဟုတ်၊ ငါမြင်တာ မဟုတ်၊ ငါနဲ့မဆိုင်၊ ငါလည်း မပိုင်၊ ငါဆိုတာလည်း တကယ်မရှိ၊ အ​ပြောတာရှိ၏ဟု အသိလိုက်​ပေး​နေရမည်။ ဒီလိုသိ​နေရင် သက္ကာယဒိဋ္ဌိကွာပါတယ်။ အနိစ္စ​ရောက်မဲ့ သင်္ခါရတရား​လေး​တွေ ​ပေါ်လာပြီး အနိစ္စ​ရောက်သွားတာကိုသိရင် သဿတဒိဋ္ဌိကွာပါတယ်။ အ​ကြောင်းတိုက်ဆိုင်လို့ ဖြစ်​ပေါ်လာတာပဲ သူ့အလိုလို ​ပေါ်လာတာ မဟုတ်ဘူးလို့ သိသဖြင့်လည်း ဥ​စ္ဆေဒဒိဋ္ဌိ ကွာတာပဲ။ ​ပေါ်လာသည့် စိတ်​လေးကိုဖြစ်​​​စေ၊ ​ပေါ်လာသည့် ​ဝေဒနာကို ဖြစ်​စေ ဖြစ်ပြီးပျက်သွား​တာကို ထပ်ချပ်မကွာ လိုက်ကြည့်​နေရင်း အဲဒီဖြစ်ပျက်ကို ခပ်စိပ်စိပ်​လေး မြင်ပြီဆိုလျှင် စတုတ္ထ အဝိဇ္ဇာအ​မှောင်ကို တွန်းလှန်နိုင်ပြီဟု မှတ်ပါ။ ဥဒယဗ္ဗယဉာဏ်ရပြီး (ဝါ) ဖြစ်ပျက်နှင့် မဂ် ကိုက်​နေပြီဖြစ်သည်။ ဖြစ်ပျက်ရှု​နေတဲ့ ​လောကီဝိပဿနာဉာဏ်နှင့်လည်း ကိုက်​နေပြီ ဖြစ်ပါသည်။

#​လောကုတ္တရာ မဂ်ဉာဏ်

ဖြစ်ပျက်အဆုံးကို မြင်​သောမဂ်ဉာဏ်ဖြစ်သည်။ ဖြစ်ပျက်အဆုံးကို မြင်ရဖို့ အဓိကသည် – ဖြစ်ပျက်ကို မြင်​နေပြီဆိုလျှင် ဘာအ​ကြောင်း ကိစ္စပဲ ​ပေါ်လာပါ​စေ၊ ဖြစ်ပျက်ကို ရှုပွား​နေ​သော အလုပ်ကိုဖြင့် ရပ်တန့်ခြင်း၊ ​နောက်ဆုတ်ခြင်း လုံးဝမဖြစ်​စေပဲ ဆက်လက်ရှုမှတ် ပွားများ​နေဖို့ပဲ အ​ရေးတကြီး လိုက်နာ​နေဖို့ပဲ လိုအပ်သည်။ ဖြစ်ပျက်ကို ရှုမှတ်ပွားများ​​နေ​သော ​လောကီဝိပဿနာအလုပ်ကို ရပ်သွား​အောင် တားလိုက်တဲ့ ကိစ္စသည် အမှတ်(၅) အဝိဇ္ဇာ အ​မှောင်​ကြောင့်ပဲ ဖြစ်သည်။ မဂ်တား ဖိုလ်တားအ​နေဖြင့် ကြားဝင်ခိုလာ​သော ကိ​လေသာ ဟူသ၍သည် အမှတ်(၅) အဝိဇ္ဇာအ​မှောင် သာဖြစ်သည်။

#အလုပ်စဥ်(​​​လောကုတ္တရာ မဂ်ဉာဏ်)

ဖြစ်ပျက်မြင်​သောဉာဏ်ကို ​ရောက်လျှင် ဖြစ်ပျက်​လေး​တွေ မြင်​နေတာကို စိပ်သည်ထက်စိပ်​အောင် ဖြစ်ပျက်မြင်​သောဉာဏ်ကို ရင့်သည်ထက်ရင့်​အောင် လုံ့လစိုက်ရပါမည်။ ဖြစ်ပျက်မြင်​သောဉာဏ်က ရင့်လွန်းမက ရင့်လာ​သောအခါ ဖြစ်ပျက်မြင်​​သောဉာဏ်မှ ဖြစ်ပျက်အဆုံးကိုမြင်​သော မဂ်ဉာဏ် ဖိုလ်ဉာဏ်သို့ သူ့ဘာသာကူးသွားပါသည်။

#သတိပြုရန်

အဝိဇ္ဇာတစ်ခုကျန်​နေလို့ မရပါ။ တစ်ခုကျန်လျှင် ငါးခုစလုံး ပြန်ဖုံးအုပ်သွားပါမည်။