ဘဂဝါဂုဏ်တော်

ဘဂဝါ—သီလစသား ဂုဏ်တော်များကြောင့် ထူးခြားမြင့်မြတ် အလေးပြုတော်မူအပ်သော မြတ်စွာဘုရား

ဘဂဝါ—ပစ္စည်းလေးဝ မြတ်ရသနှင့် သီလစသား တရားအဖို့ ရှိတော်မူသော မြတ်စွာဘုရား

ဘဂဝါ—နည်းလမ်းများစွာ ဘာဝနာဖြင့် ကောင်းစွာပွားစေအပ်သော သဘောရှိတော်မူသော မြတ်စွာဘုရား

ဘဂဝါ—လောကီ,လောကုတ္တရာ ချမ်းသာပြည့်ရန် အထွတ်အထိပ်သို့ရောက် သော ဘုန်းကံပါရမီရှိတ်ာမူသော မြတ်စွာဘုရား

ဘဂဝါ—တစ်ထောင့်ငါးရာ ကိလေသာနှင့် ငါးဖြာမာရ်မျိုး ရန်ညစ်ဆိုးကို ဖျက်ချိုး တော်မူတတ်သော မြတ်စွာဘုရား

ဘဂဝါ—ဘဝသုံးတန် ဆုံးရာမှန်သည့် မြတ်နိဗ္ဗာန်သို့ အာရုံပြုသောအားဖြင်ရောက်တော်မူသော မြတ်စွာဘုရား

ဘဂဝါ—ဣဿရိယ စသည်အပြား ဘုန်းခြောက်ပါး ရှိတော်မူသော မြတ်စွာဘုရား

ဘဂဝါ—ကုသိုလ်စသား များအပြားဖြင့် တရားအမှန်အတန်တန်ကို ဝေဖန် ထုတ်ဖော်ဟောမိန့်တော်မူတတ်သောမြတ်စွာဘုရား

ဘဂဝါ—ဥတ္တရိမနုဿ ဓမ္မအပေါင်း တရားကောင်းကို ရွက်ဟောင်းကျကြွေ ရွက်သစ်ဝေသည့် အောင်မြေရဂုံ တောရိပ်မြုံဝယ် အာရုံအမြဲ စိတ်ဝယ်စွဲကပ်
မှီဝဲတော်မူတတ်သော မြတ်စွာဘုရား
(ဥတ္တရိမနုဿ ဓမ္မ=စျာန် မဂ် ဖိုလ်တရား )

ဘဂဝါ—ဘဝသုံးပါး ရဟတ်ချားသို့ မပြတ်သွားကြောင်း တဏှာအပေါင်းကို အကြောင်းလျော်ကန် မဂ်လေးတန်ဖြင် ထွေးအန်တော်မူတတ်သော မြတ်စွာဘုရား

ဘဂေဟိ ဆဟိ ဂုဏေဟိ၊
တိလောကမကုဋော သုတော။
ဘဂဝါ ဘဂ္ဂမာရော သိ။
တဿ မေ သရဏံ ဘဝ။

ဘုန်းတော်ခြောက်စုံ တန်ခိုးဂုဏ်ဖြင့် သုံးဘုံကျော်ကြား အို…… ရှင်တော်မြတ်ဘုရား!  ရှင်တော်မြတ်ဘုရားသည် ဣဿရိယ စသည်အပြား ဘုန်းခြောက်ပါး ဖြစ်ကုန်သော ဂုဏ်တော်အပေါင်းတို့ဖြင့် သုံးဘုံသမိုက် လောကတိုက်ဝယ် မကိုဋ်သရဖူ ပမာတူသည်ဖြစ်၍ အလွန်ထင်ရှား ကျော်ကြားတော်မူပါပေ၏။
ကိလေသာမာရ်၊ မာရ်နတ်ရန်ကို ဉာဏ်တော်လက်နက် အရဟတ္တမဂ်ဖြင့် ဖြိုဖျက်တော်မူပြီး ဖြစ်ပါပေ၏။ ဘုန်းလည်းမတန် ဉာဏ်လည်းမထက် မာရ်နတ်လက်မှ
မထွက်ရသေးသော ထိုတပည့်တော်၏ ဘုန်းလည်းထိုက်တန် ဉာဏ်လည်းထက်မြတ် မာရ်နတ်လက်မှ ထွက်နိုင်ခြင်းငှာ ကိုးကွယ်ရာသည် ဖြစ်တော်မူပါဘုရား။