မယ်တော်မာယာ၏အံ့ဖွယ် (၁၂) ပါး

၁။ တစ်ကွမ်းစားအိုးမှ ဘယ်အခါမျှ ထမင်းမလျော့သောအိုးကို ရရှိခြင်း။
၂။ အနာနှိပ်စက်သူအား ကိုင်တွယ်လျှင် အနာပျောက်ကင်းခြင်း။
၃။ အလိုရှိမူ ကိုင်တွယ်သော ၀တ္ထုမှန်သမျှ ရွှေဖြစ်ခြင်း။
၄။ မျိုးစေ့ သစ်စေ့ကို စိုက်လျှင် ချက်ချင်း သီးပွင့်ခြင်း။
၅။ ရေ အလိုရှိက တောင်ထိပ်က ရေထွက်ခြင်း။
၆။ အစာလိုက တောင်စောင့်နတ်၊ မြို့စောင့်နတ်တို့က ပေးခြင်း။
၇။ အ၀တ်လိုက နတ်တို့က ပေးဆက်ရခြင်း။
၈။ အိပ်သော် နတ်မင်းရှစ်ယောက် အမြဲစောင့်ရှောက်ခြင်း။
၉။ လမ်းသွားရာတွင် ဗကနတ်တို့က စောင့်ရှောက်ခြင်း။
၁၀။ ပူအိုက်သည်ရှိသော် နတ်တို့က ရေလာဆက်ခြင်း။
၁၁။ ချမ်းအေးသော် နတ်တို့ကပုဆိုးဆက်ခြင်း။
၁၂။ အလှူဒါန ပြုလိုမူ ရတနာမိုး ရွာချခြင်းတို့ ဖြစ်ပါတယ်။ ။

မယ်တော်မာယာ နတ်ရွာစံသော အရွယ်

မယ်တော်မာယာ လူဖြစ်သည့် အနှစ်တစ်ရာတမ်းကို သုံးစုပြုသော် ပထမ အရွယ် သုံးဆယ့်သုံးနှစ်လေးလ၊ မဇ္ဈိမအရွယ် သုံးဆယ့်သုံးနှစ်လေးလ၊ ပစ္ဆိမအရွယ် သုံးဆယ့်သုံးနှစ်လေးလ အသီးသီးရှိရာ ပထမအရွယ် သုံးဆယ့်သုံးနှစ်လေးလ၌ စည်းစိမ်ခံစား၍ မဇ္ဈိမအရွယ် သုံးဆယ့်သုံးနှစ်လေးလကို သုံးစုံသုံးပုံပြုသော ပထမအစုံအပုံ တစ်ဆယ့်တစ်နှစ် တစ်လနှင့် ဆယ်ရက်၊ ဒုတိယ အစုံအပုံ တစ်ဆယ့်တစ်နှစ် တစ်လနှင့် ဆယ်ရက်၊ တတိယ အစုံအပုံ တစ်ဆယ့်တစ်နှစ် တစ်လနှင့် ဆယ်ရက် အစုံအပုံ ကျသည်ရှိသည်တွင် ပထမအစုံအပုံ နှင့် ဒုတိယအစုံအပုံ နှစ်ရပ် ပေါင်းလျှင် နှစ်ဆယ့်နှစ်နှစ် နှစ်လ အရက် နှစ်ဆယ် ရသည်။ ထိုကို ပထမအရွယ် သုံးဆယ့်သုံးနှစ်လေးလ နှင့် ပေါင်းပြန်သော် ငါးဆယ့်ငါးနှစ် နှင့် ခြောက်လ အရက် နှစ်ဆယ် ရ၏။ ထိုအခါ မယ်တော်သည် ဘုရားအလောင်းကို ပဋိသန္ဓေ ယူ၏။

ဤ ငါးဆယ့်ငါးနှစ် နှင့် ခြောက်လ အရက် နှစ်ဆယ် ထဲတွင် အလောင်းတော် ပဋိသန္ဓေ နေသည့် ဆယ်လ၊ ဖွားမြင်ပြီးနောက် ခုနစ်ရက်ကို ပေါင်းထည့်သော် မယ်တော်မာယာ နတ်ရွာစံသော အရွယ်သည် ငါးဆယ့်ခြောက်နှစ် နှင့် လေးလ အရက် နှစ်ဆယ့် ခုနစ်ရက် ရှိသည်။ ဤသည်ကို ရည်၍ ဆပညာသ၊ ငါးမာသဝယ်၊ သုံးရက်ပယ်၊ အကယ်မယွက်၊ မယ်တော်သက် ဟူ၍ ဖွဲ့ဆိုလေသည်။
ယောပနဘိက္ခု

  • မေသပြေ