စကား အရာ

စကားအရာ အင်္ဂါရပ်များ

မာတိကာ

  • အင်္ဂါရပ်များ
  • စကား ၆ ခွန်း
  • စကားကြီး ဆယ်မျိုး

အင်္ဂါရပ်များ

သုဘာတိတ – ကောင်းသောစကားကိုသာ ပြောဆိုရာ၏။ ဆိုးရွား ယုတ်မာသော စကားကို မပြောဆိုရာ။

ဓမ္မ – တရားနှင့် လျော်သောစကားကိုသာ ပြောဆိုရာ၏။ တရားမဲ့သောစကားကို မပြောဆိုရာ။

ပိယ – ချစ်ဖွယ်သောစကားကိုသာ ပြောဆိုရာ၏။ ရွံမုန်းဖွယ်ဖြစ်သော စကားကို မပြောဆိုရာ။

သစ္စ – မှန်ကန်သော စကားကိုသာ ပြောဆိုရာ၏။ ချွတ်ချော်တိမ်းပါး လွဲမှားသော စကားကို မပြောဆိုရာ။

( သုတ္တနိပါတ်ပါဠိတော်-၃၄၄)

ကာလ – ပြောသင့်သော အခါမှ ပြောရာ၏။ အချိန်မတန်လျှင် မပြောဆိုရာ။

သစ္စ – အမှန်ကိုသာ ပြောဆိုရာ၏။ မမှန်သော စကားကို မပြောဆိုရာ။

သဏှ – နူးညံ့ချိုသာသော စကားကိုသာ ပြောဆိုရာ၏။ ခက်ထန်ရင့်သီးသော စကားကို မပြောဆိုရာ။

အတ္တသံဟိတ – အကျိုးစီးပွား ဖြစ်မည့် စကားကိုသာ ပြောဆိုရာ၏။ အကျိုးယုတ်စေမည့် စကားကို မပြောဆိုရာ။

မေတ္တာစိတ္တ – မေတ္တာရှေ့ထားပြောဆိုရာ၏။ ဒေါသနှင့် မပြောဆိုရာ။

( အင်္ဂုတ္ထိုရ်ပါဠိတော်၊ ဒုတိယတွဲ – ၁၇၂။)

စကား ၆ ခွန်း

သူတပါးတို့ မနှစ်သက်သော စကား ၃ ခွန်း

  • မဟုတ်မမှန်၊ အကျိုးမရှိ၊ သူတပါးတို့လည်း မနှစ်သက်သောစကား။
  • ဟုတ်မှန်၊ အကျိုးမရှိ၊ သူတပါးတို့လည်း မနှစ်သက်သောစကား။
  • ဟုတ်မှန်၊ အကျိုးရှိ၊ သူတပါးတို့ မနှစ်သက်သောစကား။

သူတပါးတို့ နှစ်သက်သော စကား ၃ ခွန်း

  • မဟုတ်မမှန်၊ အကျိုးမရှိ၊ သူတပါးတို့လည်းနှစ်သက်သောစကား။
  • ဟုတ်မှန်၊ အကျိုးမရှိ၊ သူတပါးတို့လည်း နှစ်သက်သောစကား။
  • ဟုတ်မှန်၊ အကျိုးရှိ၊ သူတပါးတို့လည်းနှစ်သက်သောစကား။

“ စကားခြောက်ခွန်း၊ လူ၌ထွန်း၊ လေးခွန်းကိုပယ်၊ နှစ်ခွန်းတွယ်” ဆိုသည်မှာ ဟုတ်မှန်၊ အကျိုးရှိ၊ သူတပါးနှစ်သက်သော စကား နှင့် ဟုတ်မှန်၊ အကျိုးရှိ၊ သူတပါးတို့ မနှစ်သက်သောစကား ကိုပြောဆိုသင့်ကြောင်း မြတ်စစွာဘုရားရှင်သည် ဟောကြားခဲ့သည်။

( မဇ္ဈိမပဏ္ဏာသ ပါဠိတော် – ၅၇။ )

စကားကြီး ဆယ်မျိုး

မုန်တိုင်ပင် ဆရာတော်၏ အလင်္ကာမှာ –

  • ရေကူးညာတင်
  • ကောက်ပင်ရိတ်လှီး
  • ရေစီးဖောင်ဆန်
  • အိုးတန်ဆန်ခတ်
  • ဆီပွတ် ကျည်ပွေ့
  • ဆင်ဝှေ့ရန်ရှောင်
  • တောင်သူယာခုတ်
  • ကြက်ဆုတ်ခွပ်ပစ်
  • ရေစစ်သည့်အင်
  • ခက်တင်မောင်းနင်း

အခြင်းဆယ်ပါး၊ ဤစကားကို၊ မှတ်သားဝမ်းတွင်း လေ့စေမင်း။

(က) ရေကူးညာတင် စကားပြောနည်း

မြစ်တစ်ဘက်ကမ်းမှ လိုရာဘက်ကမ်းသို့ ကူးလိုလျှင် မြစ်ညာမှ စတင်၍ကူးမှ လိုရာသို့ ရောက်သကဲ့သို့ မိမိအလိုရှိရာသို့ရောက်အောင် အထက်က တင်ကူးပြောဆိုခြင်းသည်”ရေကူးညာတင် စကားပြောနည်း” မည်၏။

ဥပမာ – သူဌေးသားတစ်ဦးသည် ဝမ်းတွင်း၌ အူထုံးဖွဲ့နေရာ သမားတော် ဇီဝကသည် ရက်သတ္တပတ်မျှ ကုသလျှင် ပျောက်နိုင်မည်ဟု သိသော်လည်း သူဌေးသား ကြောက်ရွံ့ငြင်းဆန်မည်ဖြစ်၍ ကုသရန် မလွယ်ကြောင်း ဥပါယ်တံမျဥ်ဖြင့် ခုနှစ်လ အိပ်သော်မှ ကုနိုင်မည်ဟု ပြောဆိုခဲ့ပြီးနောက် အလီလီနှိမ့်ချ၍ ငါးလ၊ သုံးလ၊ တစ်လ အိပ်ရမည်ဟု အချိန်တောင်းဆိုခဲ့သည်။နောက်ဆုံး အမှန်တကယ် အချိန်ကုန်မည့် ရက်သတ္တ တစ်ပတ်ကို အိပ်ယာထဲတွင် နေပါမည်ဟု သူဌေးသားက သဘောတူ လိုက်လျောခဲ့ရာ ခုနှစ်ရက် အိပ်ပျော်စေပြီး ထုံးနေသောအူကို လွယ်ကူစွာ ဖြေရှင်းကာ မူလအတိုင်း သွတ်သွင်း၍ ခွဲစိတ်မှု အရာ ပြီးမြောက်စေခဲ့သည်။ ဤကဲ့သို့ မိမိလိုရာ နောက်ဆုံးရောက်အောင် ကြိုတင်၍ အလီလီပြောဆိုခြင်းကို “ရေကူးညာတင် စကားပြောနည်း” ဟု မှတ်သားကြပါသည်။

(ခ) ကောက်ပင်ရိတ်လှီး စကားပြောနည်း

စပါးရိတ်လျှင် ကောက်ပင်ကို လက်တစ်ဖက်ဖြင့် ဆုပ်သိမ်းကာ တံစဥ်ဖြင့် အရင်းမှဖြတ်၍ ရိတ်ယူသကဲ့သို့ တစ်ဖက်လူ၏ စကားကို သိမ်းကြုံးဖမ်းယူပြီးမှ အရင်းကဖြတ်၍ ပိုင်လောက်အောင်ပြောဆိုခြင်းသည် “ကောက်ပင်ရိတ်လှီး စကားပြောခြင်း” မည်၏။

ရှေးအခါက သူဌေးသားတစ်ဦးသည် မြားပစ်ရာဝယ် လွန်စွာကျွမ်းကျင်လှသည်။တစ်ခါက သူသည် ဗျိုင်းတစ်ကောင်ကို အလွယ်တကူ ပစ်ယူရရှိခဲ့ရာ ဗျိုင်းငှက်၏အနီး မလှမ်းမကမ်းတွင် ရှိနေသူ တစ်ဦးက အကြံအဖန် အမြတ်ထုတ်လိုသဖြင့် သူဌေးသားပစ်လိုက်သောဗျိုင်းငှက်သည် ၎င်း၏ ဗျိုင်းငှက်ဖြစ်ကြောင်း၊ ထိုဗျိုင်းငှက်သည် နေ့စဥ်နေ့တိုင်း ရွှေတစ်ကျပ်သားချီ၍ ၎င်းအားပေးအပ်ကြောင်း အလျှော်ရရေး စကားဆိုလေသည်။ ထိုအခါ သူဌေးသားက သင်၏ဗျိုင်းငှက်သည် ယခုကဲ့သို့ နေ့စဥ် ရွှေစင်တစ်ကျပ်သားချီ၍ ပေးအပ်ခဲ့သည်မှာ အချိန်မည်မျှကြာနေပြီနည်းဟု မေးသည့်အခါ ဗျိုင်းရှင်ဟု ဆိုသူက တစ်နှစ်ခန့် ကြာပြီဖြစ်ကြောင်း ပြောသည့်အခါ သူဌေးသားက ဤသို့ဆိုလျှင် ငါ့အိမ်ရှေ့တွင် ခင်းကျင်းထားသော ရွှေပြား ၃၆၅ ချပ် ပျောက်ဆုံးနေသည်မှာ သင့်ဗျိုင်းငှက် ခိုးယူခဲ့ခြင်း ဖြစ်သည်။ သင့်မှာလည်း ခိုးရာပါပစ္စည်း လက်ခံထားသူ ဖြစ်လေရာ အမြန်ပေးလျော်ရမည်။ မလျော်နိုင်ပါက တရားစွဲဆို အရေးယူမည်ဟု ပြောကြားသောအခါ ဗျိုင်းရှင်ဆိုသူမှာ မနေဝံ့ပဲ ရွှေပြးများကို ပေးလျော်နိုင်စွမ်း မရှိသဖြင့် အပြစ်မှ ခွင့်လွှတ်ပါရန် သူဌေးသားအား ကြောက်ရွံ့ထိတ်လန့်စွာ တိုးလျှိုးတောင်းပန်ရလေသည်။ ဤကဲ့သို့ တစ်ဖက်သား ပြောသည့်အပေါ်တွင် အခြေခံ၍ အပိုင်စီးနင်း ပြောဆိုခြင်းသည် “ကောက်ပင်ရိတ်လှီး စကားပြောနည်း” ဟု ဆိုစမှတ် ပြုကြသည်။

(ဂ) ရေးစီး ဖောင်ဆန် စကားပြောနည်း

လှေ၊ ဖောင်များ မြစ်ညာသို့ ဆန်တက်သောအခါ လိုရာဆန္ဒ ရှိသမျှ ပစ္စည်းများကို တင်ဆောင်၍ ရေစီး၊ ရေလာ၊ ရေကြောင်းစီးဆင်းမှုကို ကြည့်၍ ဖြည်းညင်းညင်သာစွာ ဆန်တက်ပါက လိုရာခရီးသို့ ရောက်နိုင်သကဲ့သို့ စကားပြောဆိုရာတွင်လည်း အများနားထောင်ရသည်မှာ ခံသာနားလည်အောင် ဥပမာ၊ ဥပမေယျတို့ဖြင့် လိုရာရောက်အောင် ဖြည်းညင်းသာယာစွာ ပြောဆိုခြင်းသည် “ ရေစီးဖောင်ဆန် စကားပြောနည်း” ဟူ၍ မှတ်သားရပါသည်။

ဒွါရာဝတီမင်းသည် တနင်္သာရီသို့ စစ်ချီတက်စဥ် ခဏစခန်းချနေကြောင်း ရာဇဓိရာဇ်ဘုရင် သိရှိသဖြင့် တနင်္သာရီသို့ စစ်ခင်းခြင်းအား သည်းခံပါရန် တောင်းပန်စကား ပြောဆိုလိုသဖြင့် ပညာရှိ အမတ်တစ်ဦးအား သဝဏ်လွှာ စာပို့ စေလွှတ်ခဲ့သည်။ ထိုစာကို ဒွါရဝတီမင်း ဖတ်ရသောအခါ စကားအသုံးအနှုန်းတွင် “အဆွေတော်” ဟု သုံးနှုန်းထားသည်ကို နှစ်သက်ခြင်းမရှိပဲ အမျက်ဒေါသ ထွက်ခဲ့လေသည်။

ဒွါရဝတီမင်း၏ ထင်မြင်ချက်မှာ အချင်းချင်းဖြစ်၍ “ အကြည်တော်” ဟူသော အသုံးအနှုန်းကို သုံးနှုန်းလက်ခံ လိုသည့် စိတ်ထားရှိဟန် တူပါသည်။ ထိုအခြင်းအရာကို သိမြင်ရသည့် ရာဇဓိရာဇ်မင်း၏ ပညာရှိအမတ်က အဆွေတော် ဟူသော အသုံးအနှုန်းသည် ရှေးကျမ်းဂန်များ အလာအရ မည်မျှ အဆင့်မြင့် မြင့်မြတ်လှကြောင်းကို လျှောက်ထားခဲ့သည်။ မင်းမဖြစ်သေးသောသူတို့ အချင်းချင်း ဆက်ဆံကြရာဝယ် အကြည်တော်ဟူ၍သာ သုံးနှုန်းခဲ့ကြပြီး မင်းဖြစ်ပြီးသော သူများသာလျှင် ဘုရင်အချင်းချင်း “ အဆွေတော် ”ဟု သုံးနှုန်းခဲ့ကြောင်း ရှေးထုံးသာဓကအဖြစ် ဒွါရဝတီမင်း နားဝင်အောင် လျှောက်ထားသည့်အခါ ပညာရှိအမတ်၏ လျှောက်ထားချက်ကို ဒွါရဝတီမင်း လွန်စွာမှပင် အားရချီးကျူး ချီးမြှောက်မှု ပြုခဲ့ပါသည်။

ဤသို့ စကားပြောရာတွင် နားဝင်လာအောင် လိမ္မာပါးနပ်စွာဖြင့် ပြောကြားခြင်းမျိုးကို “ ရေစီး ဖောင်ဆန် စကားပြောနည်း” ဟု မြန်မာတို့ ဆိုစမှတ်ပြုခဲ့ကြသည်။

(ဃ) အိုးတန်ဆန်ခတ် စကားပြောနည်း

အိုးနှင့်ဆန်သည် တန်အောင်ချက်လျှင် နူးညံ့စွာ သုံးဆောင်ရသကဲ့သို့ စကားအရာတွင်လည်း လိုရင်းရောက်အောင် မယုတ်မလွန် ပြောဆိုခြင်းဖြင့် လိုရာဆန္ဒကိစ္စ ပြီးမြောက်ရသည်။ ဤသို့ပြောဆိုခြင်းကို “အိုးတန်ဆန်ခတ် စကားပြောနည်း” ဖြစ်သည်။

တစ်ခါက ဗာရာဏသီမင်းသည် မုဆိုးအသွင်ဖြင့် တောလည်ရာတွင် မျက်မမြင် မိဘနှစ်ပါးအား လုပ်ကျွေးနေသော ဘုရားလောင်း သုဝဏ္ဏသာမ မင်းသားကို သားသမင် ထင်မှတ်၍ မြားဖြင့်ပစ်ခတ်မိရာတွင် သုဝဏ္ဏသာမ မြားဆိပ်သင့်၍ သေငယ်ဇောဖြင့် မေ့မြောနေခဲ့သည်။ ထိုအခြင်းအရာကို သိရှိသော သိကြားမင်းသည် သုဝဏ္ဏသာမ၏ မိဘနှစ်ပါးအား “အသင်တို့ မပူကြလင့် အသင်တို့သား အသက် အရှင်လိုမှု၊ အသင်တို့၏ မျက်စိမြင်လိုမှု၊ ရွှေအသပြာများ ထည့်ထားသော ရွှေအိုးရလိုမှု ဤသုံးဆုတွင် သင်တို့လိုရာ တောင်းနိုင်ပါသည်”ဟု သိကြားမင်းက ပြောကြားသော အခါတွင် သုဝဏ္ဏသာမ၏ မိဘများ ဖြစ်ကြသော ဒုကူလနှင့် ပါရိကာတို့သည် စကားသုံးမျိုးအား ပြောဆိုသည်မှာ “သားရွှေအိုး ထမ်းလာသည်ကို မြင်လိုပါသည်”ဟု အားလုံး အကျုံးဝင်အောင် သိမ်းပိုက် ပြောဆိုနိုင်ခဲ့သဖြင့် စကားတစ်ခွန်းတည်းဖြင့် လိုရာကို ပြီးပြည့်စုံစွာ ရရှိခဲ့သည်။

ဤစကားပြောနည်းကို “အိုးတန်ဆန်ခတ် စကားပြောနည်း”ဟု ခေါ်သည်။

(င) ဆီပွတ်ကျည်ပွေ့ ပြောနည်း

ဆီကိုရအောင် ပွတ်သည့်အခါ အထပ်ထပ် အခါခါ ပွတ်ရသကဲ့သို့ အလိုရှိသော စကားကိုလည်း တစ်ကြိမ်နှင့် မအောင်မြင်လျှင် နှစ်ကြိမ်၊ နှစ်ကြိမ်နှင့် မအောင်မြင်လျှင် သုံးကြိမ် စသည်ဖြင့် အထပ်ထပ် အခါခါ ပြောဆိုခြင်းဖြင့် လိုရာဆန္ဒကို ပြည့်ဝစေခြင်းသည် “ဆီပွတ် ကျည်ပွေ့ စကားပြောနည်း”မည်၏။

အခါတစ်ပါး မဟာစေတီ တည်ရာတွင် ပိန္နဲတိုင် စိုက်ထူရန်အတွက် မကျည်းနှစ်သားကို အသုံးပြုလိုသဖြင့် “မကျည်းနှစ်သား မာပါ၏လားဟု” မေးလာသောအခါ ပညာရှိအမတ်က “မကျည်းနှစ်သားလည်း မာပါသည်၊ ကျွန်းသားလည်း မာပါသည်”ဟု လျှောက်ထားရာ နောက်တစ်ကြိမ် ဘုရင်က “ရှားနှစ်သား မာပါသလား”ဟု မေးသည့်အခါ “ရှားနှစ်သားလည်း မာပါသည်၊ ကျွန်းသားလည်း မာပါသည်”ဟု ထပ်မံ လျှောက်ထားပြန်သည်။ ထိုကဲ့သို့ ပညာရှိ အမတ်မှ ဘုရင်ပြောသည့် စကားကို ပယ်ရှားရိုး မဟုတ်ပဲ အမှန်တကယ်မာသည့် အသုံးပြုမည့် ကျွန်းသားကို မကျည်းနှစ်သား၊ ရှားသားကဲ့သို့ မာကြောင်း ထပ်တလဲလဲ လျှောက်ထားသည့်အခါ ဘုရင်သည် ကျွန်းသားကို နှစ်သက်ပြီး ဘုရားပိန္နဲတိုင်အဖြစ် စိုက်ထူရန် သဘောတူခဲ့လေသည်။

(စ) ဆင်ဝှေ့ ရန်ရှောင် စကားပြောနည်း

ဆင်ဝှေ့ရန် လိုက်လာသည့်အခါ လွတ်ရာလွတ်ကြောင်း လှည့်ပတ်တိမ်းရှောင် ပြေးတတ်သဖြင့် အသက်ဘေးမှ ချမ်းသာရာ ရရှိသကဲ့သို့ စကားပြောရာတွင်လည်း မိမိအသက်ဘေးအန္တရာယ်မှ အကျဥ်းအကျပ် စကားမျိုးကို အန္တရာယ်မှ ကင်းလွတ်အောင် စကားပရိယာယ်ဖြင့် ရှောင်လွှဲပြောဆိုတတ်ခြင်းကို “ဆင်ဝှေ့ရန်ရှောင် စကားပြောနည်း”ဟု ခေါ်သည်။

အခါတစ်ပါး ဘုန်းခေါင်ညီရင်း အိမ်ရှေ့မင်းသည် ကြည်ညိုခြင်းသဒ္ဓါ လွန်ကဲသောကြောင့် ကျောင်းဆောက်လှူဒါန်းရာ၌ ကျောင်း၏အောက်ခြေ ယက်မအောက်ထိ အောက်ပိုင်းများကိုပါ ရွှေချထားသည်ကို မြို့ဝန်မင်းတွေ့ရှိသောအခါ မသင့်လျော်သည့်အတွက် အောက်ပိုင်းမှ ရွှေများကို ဖျက်စေခဲ့ပါသည်။ ထိုအခြင်းအရာကို အိမ်ရှေ့မင်းသား တွေ့မြင်သည့်အခါ ဒေါသအမျက် ပြင်းစွာထွက်သဖြင့် မြို့ဝန်မင်းအား ချက်ချင်းသတ်မည်ဟု ခေါ်စေခဲ့ရာတွင် မြို့ဝန်မင်းက အိမ်ရှေ့မင်းသားအား လျှောက်ထားရာ၌ အရှင်မင်းသား သည်းခံတော်မူပါ ဘုရား၊ အရှင်မင်းသားသည် ဘုန်းသမ္ဘာပြည့်စုံသောကြောင့် မလွဲအမှန် ဘုရင်ဖြစ်မည့်သူပါ ဘုရား။ ထိုကဲ့သို့ ဘုရင်ဖြစ်သည့် အခါမှသာလျှင် ကျောင်းတစ်ကျောင်းလုံးကို အောက်ခြေမှမကျန် ရွှေချနိုင်ရန်အတွက် ယခုခေတ္တ ချန်လှပ်ထားတော်မူပါ ဘုရား”ဟု လျှောက်ထားရာတွင် အိမ်ရှေ့မင်းသားသည် အမျက်တော်ပြေ သဘောတော်ကျသဖြင့် ဆုလာဘ်များပင် ပေးသနားစေခဲ့သည်။

ဤကဲ့သို့ တစ်ဖက်သားအား အမျက်ပြေစေရန် မိမိလည်း အန္တရာယ်မှ ကင်းဝေးစေရန်အတွက် စကားအရာ လိမ္မာပါးနပ်စွာဖြင့် လှည့်ပတ်ပြောဆိုတတ်ခြင်းကို “ဆင်ဝှေ့ရန်ရှောင် စကားပြောနည်း”ဟု ခေါ်ကြသည်။

(ဆ) တောင်သူယာခုတ် စကားပြောနည်း

တောင်သူတို့သည် လယ်ယာစိုက်ပျိုးရန်အတွက် တောင်ယာများ ခုတ်ထွင်ရှင်းလင်းရာတွင် ချုံနွယ်ပိတ်ပေါင်း၊ သစ်ပင်ငယ်တို့ကို ဦးစွာရှင်းလင်းပြီးမှ သစ်ပင်ကြီးများကို ခုတ်လှဲရှင်းလင်းသကဲ့သို့ စကားအရာတွင်လည်း ပထမဦးစွာ တန်ဖိုးနည်းသောစကားငယ်၊ စကားပရိယာယ်များကိုသာလျှင် ပြောကြသည်။ နောက်ဆုံး အဆုံးအဖြတ်ပေးမည့် တန်ဖိုးကြီး စကားများဖြင့် အဆုံးသတ်ပြောကြားခြင်းမျိုးကို “တောင်သူယာခုတ် စကားပြောနည်း”ဟု ခေါ်သည်။

မိတ္ထီလာပြည့်ရှင် ဝိဒေဟရာဇ်မင်းကြီး၏ သိန်းအမတ် အပါအဝင် သုခမိန်ကျော် အမတ်ကြီးလေးပါးနှင့် ဘုရားလောင်း ပညာရှိ သုခမိန် မဟော်သဓာအမတ်တို့ စကားစစ်ထိုးကြရာတွင် သိန်းအမတ်ကြီးက ပြောကြားရာတွင် ပညာနှင့် ဥစ္စာ နှစ်ခုအနက် ဥစ္စာပစ္စည်းသာလျှင် အဓိကကျကြောင်း ပြောကြားသောအခါ မဟော်သဓာအမတ်က ပညာသာလျှင် အမြတ်ဆုံးဖြစ်ကြောင်း တင်လျှောက်ခဲ့သည်။

ထိုအခါဝယ် သိန်းအမတ်က မဟော်သဓာသည် ငယ်ရွယ်သူ ဖြစ်သည့်အတွက် မှန်ရာကို မသိခြင်းသာ ဖြစ်ပါသည်။အမှန်စင်စစ်မှာ ဥစ္စာရှိမှသာလျှင် လူအများတို့ ခယဝပ်တွားပြီးမှ စကားနာခံသည်ဟု ထပ်မံလျှောက်ထားပါသည်။

သိန်းအမတ်၏ စကားကို မဟော်သဓာက ချေပထားခဲ့ရာတွင် အချို့သော လူတို့တွင် ဥစ္စာဓန ပေါများကြွယ်ဝသော်လည်း ရောဂါဥပါဒ် တစ်စုံတစ်ရာ ကပ်ညိသောအခါတွင် ကုသရန် မည်သို့မျှ တတ်နိုင်စွမ်း မရှိသဖြင့် ပညာရှိရှေ့သို့သာ အရောက်လာ၍ ဆည်းကပ်မှီခိုကြရသည်ဟု မင်းကြီးအား ‌လျှောက်ထားသည်။

သိန်းအမတ်က ပြန်လည်ချေပရာတွင် “မှန်လှပါ ဘုရား၊ အရှင်မင်းကြီးသည် ဥစ္စာရတနာနှင့် ပြည့်စုံပြီး ပြည်ရွာရဋ္ဌ အစိုးရဖြစ်နေ၍သာ လူအပေါင်း ခညောင်း ဝပ်တွား၍ ရိုသေနေကြခြင်း ဖြစ်ပါသည် ဘုရား။”ဟု လျှောက်ထားလေသည်။

မဟော်သဓာအမတ် နောက်ဆုံးလျှောက်ထားသည်မှာ ပဏ္ဍိတက ဗုဒ္ဓမြတ်စွာ စိန္တေယျာမှာ ဥစ္စာမရှိ သို့ဖြစ်ဘိလည်း ဉာဏ်ပညာ ကြီးမားသောကြောင့် လူနတ် ဗြဟ္မာတို့ ပူဇော်ခယ ဆည်းကပ်ကြသည်။ မြတ်စွာဘုရားတွင် ကြီးမားသော သဗ္ဗညုတဉာဏ်တော်မှအပ မည်သည့်ဥစ္စာမှ တွယ်တာစုဆောင်းခြင်းမရှိ။ လူနတ် ဗြဟ္မာတို့၏ ရွှေတောင်ကြီးအလား အားထားရသည်ကို ကြည့်ခြင်းအားဖြင့် ပညာသည်သာလျှင် အမြတ်ဆုံးဟု လျှောက်ထားခဲ့ရာ သိန်းအမတ်ကြီး အပါအဝင် အမတ်ကြီး လေးဦးစလုံး အရှုံးပေးလိုက်ရသည်။

ဤကဲ့သို့ ငယ်ရာမှကြီး၊ နည်းရာမှ များ စကားပရိယာယ်ကြွယ်ဝစွာဖြင့် ပြောဆိုခြင်းကို “တောင်သူယာခုတ် စကားပြောနည်း”ဟု ခေါ်သည်။

(ဇ) ကြက်ဆုတ်ခွပ်ပစ် စကားပြောနည်း

တိုက်ကြက်တို့၏ သဘောသည် ခွပ်မည်ပြုသောအခါ နောက်သို့ ဆုတ်ဟန်ပြု၍ တကယ်ခွပ်သောအခါမှသာ အားမာန်အပြည့်ဖြင့် စီး၍ခွပ်သကဲ့သို့ စကားအရာတွင်လည်း တစ်ဖက်လူ၏ အလိုကို ထိုက်တန်သ၍ လိုက်၍ ပြောဆိုပြီးလျှင် မိမိဘက်မှ အသာစီးရသည့် အခါမှသာ အထက်စီးဖြင့် ပိုင်ပိုင်နိုင်နိုင် ပြောဆိုသောစကားကို ကြက်ဆုတ်ခွပ်ပစ် စကားပြောနည်း”ဟု ခေါ်သည်။

တစ်ချိန်တစ်ခါက အိမ်နီးနားချင်းနိုင်ငံမှ သံအမတ်နှင့် အင်းဝနေပြည်တော်ရှိ အမတ်ဦးပေါ်ဦးတို့ စကားစစ်ထိုး ပြောဆိုခဲ့ကြပြီးနောက် နှစ်နိုင်ငံပြည်ရွာသို့ သာယာဝပြောကြကြောင်း၊ မြန်မာပြည်တွင် ၁၂-လ ရာသီအလိုက် ပွဲတော်များ ကျင်းပကာ စည်ကားသိုက်မြိုက်လျှက်ရှိကြောင်း အမတ်ကြီး ဦးပေါ်ဦးက မြန်မာပြည်၏ ဖွံ့ဖြိုးတိုးတက်ပုံကို ချီးမွမ်းခန်းဖွင့် ပြောဆိုခဲ့ပါသည်။ ထိုသို့ ဦးပေါ်ဦးပြောသောစကားကို သံအမန်က ပြန်လည်ပြောကြားရာတွင် မြန်မာပြည်တွင် ပွဲလမ်းသဘင်သည်သာ စည်ကားသည်မဟုတ် ကျွန်ုပ်တို့သံအဖွဲ့ အင်းဝနေပြည်တော်သို့ လာရောက်ရာတွင် လမ်းတလျှောက်တွင် လူကြီး၊ လူငယ်၊ လူလတ်မရွေး တအံ့တဩ ရင်သပ်ရှုမော ကောင်းချီးဩဘာပေး ကြည့်ရှုကြသည်ဟု ဝင့်ကြွားစွာ ပြောဆိုလိုက်သည်။

ဦးပေါ်ဦးက ပြန်လည်ပြောကြားရာတွင် ကျွန်ုပ်တို့ အင်းဝနေပြည်တော်တွင် ဘုရင့်စွယ်စုံဆင်ကို ကကြိုးတန်ဆာများဆင်၍ တစ်နေ့သုံးကြိမ် ရေချရေချိုး ဆင်းသော်လည်း မည်သူတစ်ဦးတစ်ယောက်မျှ လာရောက်ကြည့်ရှုခဲ့ခြင်း မရှိပါ။ သို့‌သော် အခါတစ်ပါး သစ်ဆွဲဆင်၊ တောရိုင်းဆင်တစ်ကောင် မြို့ပေါ်ရောက်လာသည့် အခါတွင် လူကြီး၊ လူငယ်၊ လူငယ်မကျန် အားလုံးထွက်၍ အထူးအဆန်းသဖွယ် ကြည့်ရှုကြပါသည်ဟု ပြောဆိုလိုက်ရာ တိုင်းတပါးသား သံအမတ်သည် မည်သို့မျှ ချေပပြောဆိုနိုင်ခြင်း မရှိပဲ ငြိမ်သက်သွားခဲ့ပါသည်။

ဤသို့ တစ်ဖက်သားကို လိုက်လျှောသလို နောက်ဆုတ်ပြီး ပိုင်နိုင်သည့် အခါမှ ရှေ့ထွက်ထိုးနှက် ပြောဆိုခြင်းကို “ကြက်ဆုတ်ခွပ်ပစ် စကားပြောနည်းဟု ဆိုကြသည်။

(ဈ) ရေစစ်ပမာ စကားပြောနည်း

ဓမ္မကရိုဏ်ခေါ်သော ရေစစ်ကို ရေတွက်နှစ်၍ ရေပြည့်လျှင် အပေါက်ကို လက်ဖြင့်ပိတ်ယူပါက ရေမထွက်နိုင် သကဲ့သို့ တစ်ဖက်လူ၏ စကားကို ပိတ်မိအောင် ပြောဆိုခြင်းသည် “ရေစစ်ပမာ စကားပြောနည်း”ဟု ခေါ်သည်။

တစ်ခါက လူငယ်လေးယောက်နှင့် အဘိုးအို တစ်ယောက်တို့သည် ယုံတမ်းစကားပြောတမ်း ကတိပြုကြပါသည်။ တဖက်ကပြောဆိုသည့် စကားကို တဖက်က မယုံဟုဆိုလျှင် မယုံသည့်ဘက်မှ အရှုံးဖြစ်ပါသည်။ ထိုသို့ ကတိကဝတ်ထားပြီး အပြန်အလှန်စကား ဆိုကြရာဝယ် လူငယ်များ ပြောစကားသည် ခပ်ပေါ့ပေါ့ စကားများသာ ပြောကြားမေးမြန်းနိုင်သဖြင့် ယုံပါသည် ဆိုသော်လည်း အန္တရာယ်မရှိပါ။ ခပ်ပေါ့ပေါ့ အသွင်လောက်သာ ဖြစ်ပါသည်။

သို့သော် လူအိုမေးရမည့် အလှည့်သို့ရောက်သောအခါ လူအိုက လုငယ်များအား ပြောကြားသည်မှာ သင်တို့သည် ငါ့အိမ်တွင် မွေးခဲ့သော ငွေဝယ်ကျွန်များမှ ပေါက်ဖွားလာသူများ ဖြစ်သဖြင့် သင်တို့လေးယောက်စလုံး ငါ့အတွက် ကျွန်အဆစ်လေးများသာ ဖြစ်သည်ဟု ယုံ၊ မယုံ မေးမြန်းပြောကြားလိုက်ရာ လူငယ်များအတွက် မယုံကြည်ပါဟု ပြန်ပြောလျှင်လည်း အတိစကားအရ အရှုံးဖြစ်ပေလိမ့်မည်။ ယုံကြည်ပါသည်ဟု ပြောပါကလည်း အလိုအလျှောက် ကျွန်ဖြစ်သွားပေလိမ့်မည်။ ထိုကဲ့သို့ တစ်ဖက်လူ ရှောင်လွှဲမရနိုင်စေရန် ပိတ်မိအောင် ပြောဆိုခြင်းကို “ရေစစ်ပမာ စကားပြောနည်း”ဟု ခေါ်ကြသည်။

(ည) စက်တင် မောင်းနင်း စကားပြောနည်း

သူ့စကားကို ဟုတ်သည်ဟုလည်းမဆို၊ မဟုတ်ဘူးဟုလည်း မဆိုပဲ၊ မတင်မကျ ပြောဆိုခြင်းသည် “ခက်တက်မောင်းနင်း” မည်၏။

တစ်ခါက မှူးမတ်ဗိုလ်ပါ တစ်စုသည် သူခိုးစစ်၊ သူခိုးမှန် တစ်ယောက်ကို သတ်ပစ်အံ့ငှာ ဖမ်းလာခဲ့သည်။ ထိုအခါ သူခိုးဖြစ်သူက ပရိယာယ်ဖြင့် ဖမ်းသူများ ဇဝေဇဝါဖြစ်စေရန် သူသည် သူခိုးမဟုတ်ပါ၊ သူခိုးအစစ်သည် သူ့ရှေ့တွင်ပင် ထွက်ပြေးသွားပြီး ဖြစ်ပါသည်။ သူကား တောင်ဖီလာဆရာတော်ထံတွင် ပညာသင်ကြားနေသော ဆရာတော်၏ တူအရင်း ဖြစ်ပါသည်ဟု ပရိယာယ်ဖြင့် ပြောဆိုသောအခါ အမတ်ဗိုလ်ပါတို့လည်း ဇဝေဇဝါဖြစ်ပြီး ၎င်းအား ခေါ်ယူကာ ဆရာတော်ထံ သွားရောက်၍ ဆရာတော်၏ တူဟုတ်မဟုတ် မေးမြန်းလျှောက်ထားကြသည်။

ထိုအခါ ဆရာတော်က စဥ်းစားခဲ့သည်မှာ “ငါ့တူဟု မြွက်ဖော် ပြောကြားပါက ငါ့မှာ မုသားမလွတ်ချေ”ဟု စဥ်းစားမိ၍ အကယ်၍ ငါ့တူမဟုတ်ပါဟု ငြင်းဆိုလိုက်ပါက ထိုသူသေတော့မည်ကို ဆင်ခြင်မိ၏။ သူ့အတွက် ဉာဏ်ဆင်၍ “ဤလူငယ် ငါ့တူအရင်း မဟုတ်ဟု မည်သူက ပြောကြားသလဲ”ဟု မြွက်ဆိုပြီး မျက်မှောက်ချ၍ ဣန္ဒြေဖြင့် နေလိုက်သည့်အခါ မှူးမတ်ဗိုလ်ပါတို့လည်း ဆရာတော်၏ မတင်မကျပြောသည့်စကားကို ထပ်မံစဥ်းစား မေးမြန်းခြင်း မပြုတော့ပဲ တူအရင်းဟု ထင်မှတ်ကာ ဖမ်းလာသည့် လူငယ်အား ပြန်လွှတ်ပေးလိုက်သည်။

ဤသို့ မတင်မကျ ပြောသော အသွင်ကို “ခက်တင် မောင်းနင်း စကားပြောနည်း” မည်၏။