ဒါနတော ဘောဂဝါ

မြတ်စွာဘုရားသည် ဒါနတော ဘောဂဝါ – ဒါနပြုခြင်းကြောင့် ဖြစ်လေရာ ဘဝ၌ ပစ္စည်းဥစ္စာ ပေါများကြွယ်ဝ ချမ်းသာတတ်၏ ဟု ဟောကြားတော်မူခဲ့သည်။

၁။ ဝဋ္ဋနိဿိတ ဒါန – သံသရာလည်ကြောင်း ဒါန

၂။ ဝိဝဋ္ဋနိဿိတ ဒါန – သံသရာမှလွတ်မြောက်ကြောင်း ဒါန

ဝဋ္ဋဿိတဒါနဟူသော သံသရာလည်ကြောင်း ဒါနတွင် ဒါန ၅ မျိုး ခွဲခြားထားပါသည်။

(က) သဒ္ဓါ ဒါန

ကံ ကံ၏ အကျိုးကို ယုံကြည်၍ အလှူခံ ပုဂ္ဂိုလ်တို့အား စိတ်ကြည်ကြည်လင်လင် ပေးလှူခြင်း။

အကျိုးပေးမှာ ဖြစ်လေရာ ဘုံဘဝတွင် ဥစ္စာပစ္စည်း ပေါများကြွယ်ဝခြင်း၊ ကျားမ မရွေး ရုပ်ရည်ရူပကာ အဆင်းသဏ္ဌန် ပြည့်စုံခြင်း၊ ရူးသွပ် စိတ်နောက်ခြင်း မရှိ စိတ်ကြည်လင်ခြင်း။

(ခ) သက္ကစ္စ ဒါန

လှူဖွယ်ဝတ္ထုကို ကောင်းကောင်းမွန်မွန် သပ်သပ်ရပ်ရပ် သန့်သန့်ရှင်းရှင်း ပြုပြင်၍ အလှူခံပုဂ္ဂိုလ်တို့အား ရိုရိုသေသေလှူဒါန်းခြင်း

အကျိုးပေးမှာ – ဖြစ်လေရာဘုံဘဝတွင် ဥစ္စာပစ္စည်း ပေါများကြွယ်ဝခြင်း၊ သားမယား ကျေးကျွန် အခြွေအရံတို့အပေါ် သြဇာတည်ခြင်း၊ အိမ်ထောင်စု ပျော်ရွှင်ချမ်းမြေ့စေခြင်း။

(ဂ) ကာလဒါန

လှူဖွယ်ပစ္စည်းကို အချိန်ကာလနှင့် အခါအားလျှော်စွာ လိုအပ်သော ဝတ္ထုပစ္စည်းကို လှူဒါန်းခြင်း။

အကျိုးပေးမှာ – ဖြစ်လေရာ ဘုံဘဝတွင် ဥစ္စာပစ္စည်း ပေါများကြွယ်ဝခြင်း၊ မိမိတွင် အလိုရှိသည့် အချိန်အခါ၌ မိမိအလိုရှိသော ရာထူး ဂုဏ်သိန် ပစ္စည်းး ဥစ္စာများ အချိန်ကာလကိုလိုက်၍ ဖြစ်ပေါ်ရရှိစေခြင်း။

(ဃ) အနုဂ္ဂဟိတ ဒါန

အလှူခံပုဂ္ဂိုလ်အား ချီးမြှောက်လို၍ ပုဂ္ဂလ အစွဲမထားပဲ လှူခြင်း

အကျိုးပေးမှာ – ဖြစ်လေရာ ဘုံဘဝတွင် ဥစ္စာပစ္စည်း ပေါများကြွယ်ဝပြီး စည်းစိမ်ဥစ္စာများအပေါ် သုံးဆောင်လိုစိတ်ရှိကာ သုံးဆောင်နိုင်ခြင်း။

( ဒါနပြုရာတွင် ချီးမြှောက်လိုခြင်းမရှိပဲ ပေါ့ပေါ့တန်တန် လှူဒါန်းပါက နောင်ဘဝတွင် ဥစ္စာပစ္စည်းရှိသော်လည်း ကိုယ်တိုင်သုံးစွဲလိုစိတ် မရှိဟု မှတ်ယူရမည်။)

(င) အနုပဟစ္စ ဒါန

မိမိကိုယ်ကို၎င်း၊ သူတစ်ပါးကို၎င်း မငြိစွန်း၊ မထိခိုက်စေပဲ လှူဒါန်းခြင်း။

အကျိုးပေးမှာ – ဖြစ်လေရာ ဘုံဘဝတွင် ဥစ္စာပစ္စည်း ပေါများကြွယ်ဝခြင်း၊ ရန်သူမျိုး ငါးပါးဘေးမှ ကင်းဝေးခြင်း၊ အမွေခံ သားဆိုး၊ သမီးဆိုးတို့ဘေးမှ ကင်းဝေးခြင်း။

အထက်ဖော်ပြပါ ဝဋ္ဋနိဿိတ ဒါနမျိုးသည် ကောင်းကျိုးချမ်းသာကို ပေးစွမ်းသော်လည်း သံသရာ လည်ကြောင်းတရားများပါနေသဖြင့် ပြီးပြည့်စုံသော ကောင်းမှုဒါနဟု မဆိုနိုင်ပေ။

ဝိဝဋ္ဋဿိတဒါတမျိုးဖြစ်သော “ ဇာတိဒုက္ခစသည် လွတ်ရာလွတ်ကြောင်းဖြစ်သော နိဗ္ဗာန်သို့ ရောက်ရပါလို၏” ဟု သံသရာပြတ်သော ဒါနမျိုးသာလျှင် ဒါနအစစ်ဖြစ်ပေသည်။

(အင်္ဂုတ္ထိုရ်ပါဠိတော်၊ ပထမတွဲ-၁၅၂)