ဘဒ္ဒန္တ ကေသရ ဆရာတော်

ဘဒ္ဒန္တ ကေသရ ဆရာတော်

ဝင်းစိန်ရတနာတောင် တောရ
ဆရာတော်လောင်းလျာကို မွန်ပြည်နယ်၊ မုဒုံမြို့နယ် တောင်ဘက် (၇) မိုင်အကွာရှိ လက်တက်ကျေးရွာ အလယ်ပိုင်းတွင် နေထိုင်ကြသော အဖ ဦးနိုင်ဖေ၊ အမိ ဒေါ်တရုတ်မ တို့မှ ၁၂၈၃ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၁၀ ရက်၊ တနင်္လါနေ့ ည ၉ နာရီ အချိန်တွင် ဖွားမြင်တော်မူခဲ့ပါသည်။

ငယ်စဥ်ဘဝ
ငယ်နာမည်မှာ မောင်ချစ်သိန်းဖြစ်သည်။ မွေးဖွယးစဥ် အချင်းစလွယ်တိုင်းဖြင့် မြေပြင်သို့ ကျခဲ့သည်။ ထိုသို့ကျစဥ် ခန္ဓာကိုယ် တစ်ခြမ်းပိန်သွား၍ မောင်ပိန်ဟု ချစ်စနိုး ခေါ်တွင်ခဲ့သည်။ မွေးချင်း (၈) ယောက်အနက် တတိယမြောက် သားရတနာဖြစ်သည်။
အသက် ၁၃-နှစ်အရွယ်တွင် ရှင်သာမနေ ဘဝသို့ ရောက်ရှိပြီး လက်တက်ရွာ တိုက်ကျောင်းသစ်တွင် ၃-ဝါ နေထိုင်၍ စာသင်ကြားခဲ့သည်။
ငယ်စဥ်အခါက ရပ်ရွာ လူမှုရေး လုပ်ငန်းများတွင် တက်တက်ကြွကြွ ပါဝင်ခဲ့ပြီး အသက် ၁၇-နှစ်အရွယ်တွင် ရပ်ကွက်အငြိမ့်၌ လူရွှင်တော်အဖြစ် ပါဝင်ကပြခဲ့ဖူးသည်း။
ဆရာတော် ပြောပြချက်အရ ဂျပန်ခေတ်နှင့် ဗမာ့တပ်မတော် တော်လှန်ရေးခေတ်တွင် ရဲဘော်သုံးကျိတ်နှင့် အတူ ကာကွယ်ရေးလုပ်ငန်းများ၌ အပျော်တမ်း ပါဝင်ဆောင်ရွက်ခဲ့သည်။

ပထမအကြိမ် သာသနာ့ဘောင်သို့ ဝင်ခြင်း
အသက် ၂၃-နှစ်တွင် လက်တက်ရွာ တိုက်ကျောင်းသစ်ဆရာတော် ဦးနိ ကို ဥပဇ္ဈာယ်ပြု၍ မြင့်မြတ်သော ရဟန်းဘဝသို့ ရောက်ရှိတော် မူခဲ့ပါသည်။ ဘွဲ့တော်မှာ အရှင်ကေသရ ဖြစ်ပါသည်။
သဒ္ဒါ၊ သင်္ဂြိုဟ် ပရိယတ္တိစာပေများကို သင်ကြားခဲ့ပါသည်။ မုဒုံမြို့ရှိ သိမ်ကျောင်းစာသင်တိုက်တွင် စာပေသင်ကြားရန် စီစဥ်နေစဥ် အစ်ကိုကြီးဖြစ်သူ ဦးဖိုးရိန်မှာ ဖခင်၏ လယ်ယာလုပ်ငန်းကို ဦးစီး၍ မလုပ်ကိုင်နိုင်သဖြင့် ဖခင်၏ မေတ္တာကု တုံ့ပြန်သောအားဖြင့် လူ့ဘဝသို့ ကူးပြောင်း၍ လယ်ယာလုပ်ကိုင်ခဲ့ရသည်။ ရဟန်းဘဝတွင် (၃) ဝါ နေထိုင်ခွင့် ရခဲ့ပါသည်။
လူ့ဘဝသို့ ရောက်ရှိပြီး ၁၃၁၃-ခုနှစ်၊ အသက် ၃၀-အရွယ်တွင် လက်တက်ရွာသူ ဒေါ်ချစ်တော်နှင့် အိမ်ထောင်ကျပြီး သားသမီး ၅-ယောက် ထွန်းကားခဲ့သည်။

တောထွက်ရန် အဓိဋ္ဌာန်ပြုခြင်း
ဦးချစ်သိန်းသည် လူ့ဘောင်လောကကို ငြီးငွေ့သဖြင့် ၄၉-ရက် အဓိဋ္ဌာန်ပြု၍ တရားထိုင်ခဲ့သည်။ ၄၉-ရက် ပြည့်မြောက်သော နေ့တွင် ရဟန်းတပါးပါး အိမ်ရှေ့တွင် လာ၍ရပ်ပါက ရဟန်းပြု၍ တောထွက်မည်ဟု အဓိဋ္ဌာန်ပြုခဲ့သည်။
အဓိဋ္ဌာန် ၄၉-ရက် ပြည့်မြောက်သော နံနက်တွင် ရဟန်းတော်တပါး အိမ်ရှေ့တွင် လာ၍ ရပ်တော်မူနေသည်ကို ဖူးတွေ့ရသဖြင့် ရဟန်းဘောင်သို့ ဝင်ရန် ဆုံးဖြတ်ချက် ချလိုက်ပါသည်။

ဒုတိယအကြိမ် ရဟန်းဘောင်သို့ ဝင်ခြင်း
ထိုအချိန်တွင် ဆရာတော်လောင်းလျာ ဦးချစ်သိန်းသည် အသက် ၅၀-အရွယ်သို့ ရောက်နေပြီဖြစ်သည်။ ၁၃၃၃ ခုနှစ်၊ တန်ခူးလဆန်း ၁၃-ရက်၊ နံနက် ၇း၄၅ အချိန်တွင် မော်လမြိုင်မြို့ ၊ ဈေးကြိုရပ်၊ ဇောတိကာရာမကျောင်းထိုင်ဆရာတော်ကြီး ဦးသောဘိတကို ဥပဇ္ဈာယ်ပြု၍ မြင့်မြတ်သောရဟန်းဘဝသို့ ရေယက်ရှိခဲ့ပါသည်။ ဘွဲ့တော်မှာ ဦးကေသရဖြစ်ပြီး သံဃာ့ဂိုဏ်းကြီး (၉) ဂိုဏ်းအနက် သုဓမ္မာဂိုဏ်းမှ ဖြစ်ပါသည်။ ရဟန်းဝတ်ပြီး (၇) ရက်မြောက်တွင် တောရဆောက်တည်ခဲ့ပါသည်။
စာပေပရိယတ္တိကို ကတိုးကော့နှပ်ကျောင်းနှင့် မုဒုံမြို့နယ် လက်တက်ကျေးရွာ ကျောင်းသစ်ကျောင်းဆရာတော် ဦးဝေပုလ္လတို့ထံတွင် ကျမ်းကြီးပေါက်သည်အထိ သင်ကြားတော်မူခဲ့ပါသည်။
ဆရာတော်သည် မော်လမြိုင်မြို့၊ သီရိမြိုင်ရပ်ကွက်၊ (၅) လမ်း၊ မြသိန်းတန်ကျောင်းရှိ တောင်လေးလုံးဆရာတော်၏ညီ ဘိလပ်ပြန် (၄၆) ဝါရ ကရင်ဘုန်းတော်ကြီးနှင့် ဓုတင်ကျင့်စဥ်များကို ဆွေးနွေးခဲ့သည်။ ဆရာတော်သည် ဈေးကြို ဇောတိကာရာမကျောင်းရှိ သိမ်အနီးတွင် တစ်ပါးကျောင်း တဲထိုးပြီး ညအချိန်များ၌ အနီးအနားရှိ သင်္ချိုင်းများတွင် အသုဘကမ္မဋ္ဌာန်းကို ရှုပွားရင်း တရားကျင့်ကြံခဲ့သည်။ ထိုအချိန်မှစ၍ ဓူတင် ၁၃ ပါးကို ကျင့်ကြံအားထုတ်ခဲ့ပါသည်။

ဓူတင် ၁၃ ပါး၊ ကျင့်စဥ် (၁၀)ဝါ
ဆရာတော်ကြီးသည် အထက်မြန်မာနိုင်ငံ သရက်မြို့မှ အောက်မြန်မာနိုင်ငံ တနင်္သါရီမြို့သို့တိုင်အောင် တောတောင်ပေါင်း မြောက်မြားစွာကို သပိတ်တစ်လုံး သုံးထည်သော သင်္ကန်းဖြင့် တိစီဝရိတ်ဓူတင် ဆောင်ပြီး တောလမ်းများအတိုင်း ခြေလျှင်ခရီးကြမ်းနှင်၍ သုသာန်ပေါင်းများစွာတွင် သုသာန်ဓူတင် ဆောက်တည်တော်မူခဲ့သည်။
ဆရာတော်ကြီးသည် ကိလေသာကို ပယ်ခွာစေသည့် ဓူတင် ၁၃ ပါးလုံးကို ဆောက်တည်လျှက် သုသာန်ပေါင်း ၁၃၃ ခုတို့တွင် မလျှော့သော ဇွဲလုံ့လ ဝီရိယဖြင့် ၁၀ နှစ်တိုင်တိုင် ပြင်းပြင်းထန်ထန် နေ့မနားညမနားပဲ ကျင့်ကြံကြိုးကုတ် အားထုတ်တော်မူခဲ့ပါသည်။
ဆရာတော်ကြီးသည် တောတောင်အမြောက်အမြား၊ သုသာန်များစွာတို့တွင် ကျေနပ်အားရသည်အထိ အားထုတ်တော်မူခဲ့သဖြင့်ရဟန်းရှင်လူ ပြည်သူတို့က လေးမြတ်ကော်ရော် ပူဇော်ခြင်းကိုလည်း ခံယူတော်မူရပါသည်။
သုသာန်ဓူတင်ဆောက်တည်သဖြင့် သုသာန်ကိုယ်တော်ဟူ၍ပင် တချို့က ခေါ်ဝေါ်သမုတ်ကြသကဲ့သို့ မုဒုံမြို့နယ် နဂါးမောက်ကျောက်တောင်တွင် သီတင်းသုံး၍ အားထုတ်သောအခါ ကျောက်တစ်လုံးဆရာတော်ဟူ၍ ထင်ရှားလာခဲ့ပါသည်။
ကျောက်တစ်လုံးတောင်မှတဆင့် ၁၃၄၃ ခုနှစ်၊ တပေါင်းလပြည့်နေ့တွင် ဘဲလူးတောင်ထိပ်ရှိ အောင်လင်းစေတီတော် ဌာပနာတော် အဖောက်ခံရသဖြင့် တောင်ပေါ်သို့ ကြွရောက်ပြီး စေတီတော်ကို ပြန်လည်ပြုပြင်ခဲ့သည်။
ဆရာတော်သည် စေတီတော် ဌာပနာပိတ်ပြီး တောင်အောက်သို့ ပြန်ကြွခဲ့သည်။ တောင်ခြေ သရက်တော စခန်းအနီးတွင် နားနေတော်မူရင်း ဆရာတော်ကြီးသည် ဤနေရာမှာပင် သာသနာပြုတော့မည်ဟူ၍ ဆုံးဖြတ်ချက်ချတော်မူခဲ့ပါသည်။
ဝင်းစိန်တောရ သာသနာပြု စခန်း၊ ဝင်းစိန်ရတနာတောင် တောရဆရာတော်ကြီးဟူ၍ ထင်ရှားတော်မူခဲ့သည်။ ဝင်းစိန်တောရ စခန်းသည် မွန်ပြည်နယ်၊ မုဒုံမြို့နယ်၊ မြိုင်ကုန်းကျေးရွာ၊ မော်လမြိုင်-သံဖြူဇရပ်လမ်း မိုင်တိုင်အမှတ် ၁၄ တွင် တည်ရှိသည်။ အတွင်းဘက်သို့ (၁) မိုင် (၂) ဖာလုံခန့် ဝင်ရသည်။
ဝင်းစိန်တောရ သာသနာပြုစခန်းသည် မြေ (၄၉၉.၆၂) ဧကရှိပြီး စေတီပုထိုးပေါင်း (၆၀၀) ခန့်၊ ရဟန္တာရုပ်ပွားတော် (၅၀၀)၊ သာသနိက အဆောက်အအုံ (၃၀) ကျော်၊ ရဟန်းသာမနေ၊ သီလရှင်၊ ယောဂီများစွာ သီတင်းသုံးလျက်ရှိသည်။
ဆရာတော်ကြီးသည် ဝင်းစိန်တောရတွင် အတောင် (၄၀၀)ရှိ ကမ္ဘာ့အကြီးဆုံး ရုပ်ပွားတော်မြတ်ကြီးကို ဦးစီး၍ တည်ဆောက်ခဲ့ပြီး ဗုဒ္ဓဝင်ပြခန်း၊ (၅၅၀) ဇာတ်တော် စသည်ဖြင့် အခန်းပေါင်း (၂၀၀) ကျော် ပါဝင်လျက် ရှိနေပါသည်။
အတောင် (၆၀၀) လျောင်းတော်မူ ဘုရားကိုလည်း တည်ထားသည်။ အတောင် (၄၀၀) လျောင်းတော်မူဘုရား၏ မျက်နှာချင်းဆိုင်တွင် အမြင့်ပေ (၁၂၀) ချင်းတူညီသည်။ အတောင် (၄၀၀) ရုပ်ပွားတော်သည် အနောက်အရပ်သို့ ဦးခေါင်းတော်လှည့်၍ အတောင် (၆၀၀) ရုပ်ပွားတော်မှာ အရှေ့အရပ်သို့ ဦးခေါင်းတော်လှည့်သည်။
ဆရာတော်ကြီးသည် နိုင်ငံတော်အစိုးရက ၂၀၁၁ ခုနှစ်၊ ဇန်နဝါရီလ (၄) ရက်နေ့တွင် အဂ္ဂမဟာသဒ္ဓမ္မ ဇောတိကဓဇဘွဲ့ တံဆိပ်တော်ကို ကပ်လှူပူဇော်ခဲ့ပါသည်။
ဆရာတော်ာကြီး၏ သာသနာပြုစာရင်း
– မုဒုံမြို့နယ်၊ ကမာဝက်ကျေးရွာ၊ ခရဲ့ကွင်းတွင် စေတီ (၁) ဆူနှင့် ကျောင်း (၁) ကျောင်း
– မုဒုံမြို့နယ်၊ ကမာဝက်ရွာ၊ ကမာချိုင့်ကွင်းတွင် စေတီ (၁) ဆူနှင့် ကျောင်း (၁) ကျောင်း
– မုဒုံမြို့နယ်၊ ကမာဝက်ရွာ၊ ကမာတာကွင်းတွင် စေတီ (၁) ဆူနှင့် ကျောင်း (၁) ကျောင်း
– မော်လမြိုင်မြို့နယ်၊ ဖားအောက်ကျေးရွာ နောက်ဘက်ကွင်းတွင် စေတီ (၁) ဆူနှင့် ကျောင်း (၁) ကျောင်း
– မုဒုံမြို့နယ်၊ မြို့မ (၂) ရပ်ကွက်၊ ကော့ဟဘင်ကွင်းတွင် စေတီ (၁) ဆူနှင့် ကျောင်း (၁) ကျောင်း
– မုဒုံမြို့နယ်၊ ကွေ့ဝမ်းကျေးရွာတွင် စေတီ (၁) ဆူ
– ကရင်ပြည်နယ်၊ ဖားအံမြို့နယ်၊ ဇာသပြင် အနောက်ကျေးရွာအုပ်စု၊ ကော့ကျိုက်ပွန်ကွင်း ၇၃၄ ဧကတွင် စေတီ (၆)ဆူနှင့် ကျောင်း (၂) ကျောင်းစီ တည်ဆောက်၍ သာသနာပြုခဲ့သည်။