ဥပသကာဂုဏ်ရည်

ဘုရား၊ တရား၊ သံဃာတို့ကို ဆည်းကပ်သောသူသည် ဥပသကာမည်၏။ သူ့အသက်ကို သတ်ခြင်း၊ သူ့ဥစ္စာကို ခိုးယူခြင်း၊ ကာမတို့၌ မှားယွင်းစွာ ကျင့်ခြင်း၊ မမှန်သော စကားကို ပြောကြားခြင်း၊ သေရည်သေရက်ကို သောက်ခြင်းမှ ရှောင်ကြည်လေ့ရှိသော ဥပသကာသည် သီလနှင့် ပြည့်စုံသောသူဖြစ်သည်။မြတ်စွာဘုရား၏ ဗောဓိဥာဏ်ကို ယုံကြည်သော ဥပသကာသည် သဒ္ဓါနှင့် ပြည့်စုံသောသူဖြစ်သည်။ စွန့်ကြဲ ပေးကမ်းမှု၌ မွေ့လျော်သော ဥပသကာသည် စာဂနှင့် ပြည့်စုံသောသူဖြစ်သည်။ ရုပ်နာမ် နှစ်ပါးတို့၏ အဖြစ်အပျက်ကိုသိသော ဥာဏ်နှင့်ပြည့်စုံသော ဥပသကာသည် ပညာနှင့်ပြည့်စုံသောသူဖြစ်၏။

ဥပသကာဂုဏ်ရည် ၁၀ ပါးမှာ
• သံဃာတော်များနှင့် ချမ်းသာမကွဲ ဆင်းရဲအတူရှိရခြင်း။
• မြတ်စွာဘုရား၏ တရားတော်များကိုသာ အကြီးအမှူး ထားခြင်း၊ အလေးဂရုပြုခြင်း။
• မိမိ၏ စီးပွားဥစ္စာ အင်အားအလျှောက် ခွဲဝေလှူဒါန်းခြင်း။
• မြတ်စွာဘုရား၏ သာသနာ ဆုတ်ယုတ်ပျက်ပြားလာခြင်းကို မြင်သိ၊ ကြားသိပါက တည်တံ့ပြန့်ပွားအောင် ကြိုးစားအားထုတ်ခြင်း။
• ဖြောင့်မှန်သော အယူရှိခြင်း။
• ကောတုဟလကို မင်္ဂလာဟု မယုံကြည်ခြင်း။
• အသက်ဟူသော အကြောင်းကြောင့် သာသနာပြင်ပ ပုဂ္ဂိုလ်အား ကိုးကွယ်ရာ ဆရာအဖြစ် မထားခြင်း၊ မညွှန်ပြခြင်း။
• ကာယကံ၊ ဝစီကံကို စောင့်ထိန်းခြင်း။
• အချင်းချင်းညီညွတ်စွာ နေထိုင်၍ ဝန်တိုမှု၊ ငြူစူစောင်းမြောင်းမှု မရှိခြင်း။ ကောက်ကျစ်စဥ်းလဲမှု ဝါကြွားပလွှားမှု ကင်းခြင်း။
• ဘုရား၊ တရား၊ သံဃာကို ကိုးကွယ်ဆည်းကပ်ခြင်း တို့ဖြစ်သည်။

ဖောက်ပြန်ပျက်စီးတတ်သော အခြေခံ အကြောင်းတရား ငါးမျိုးရှိသည်။
• သဒ္ဓါတရား မရှိခြင်း။
• သီလပျက်ခြင်း။
• ကောတုဟလ မင်္ဂလာခေါ် အထူးအဆန်းများကို ကြီးပွားကြောင်းမင်္ဂလာဟု ယုံကြည်ခြင်း။
• လောကီမင်္ဂလာခေါ် အထူးအဆန်းကိုသာ ယုံကြည်၍ ကံကိုမယုံကြည်ခြင်း။
• မြတ်စွာဘုရား သာသနာပြင်ပ၌ အလှူခံပုဂ္ဂိုလ်ကိုရှာ၍ ဦးဦးဖျားဖျား လှူဒါန်းခြင်း တို့ဖြစ်ပါသည်။
လက်နက်ကုန် ရောင်းဝယ်ခြင်း၊ အသားကုန် ရောင်းဝယ်ခြင်း၊ သေရည်သေရက် မူးရစ်ဆေးဝါး ရောင်းဝယ်ခြင်း၊ အဆိပ်ကုန် ရောင်းဝယ်ခြင်း တို့ကို ရှောင်ကြည်ရသည်။
အကြောင်းတရားငါးပါးနှင့် ငါးပါးသီလ မမြဲသောသူ၊ အသက်မွေးမှု မစင်ကြယ်သောသူကို ဥပသကာပျက်၊ ဥပသကာ ဒွန်းစဏ္ဍား၊ ဥပသကာ အညစ်အကြေး၊ ဥပသကာ အညံ့စားဟုခေါ်သည်။
ငါးပါးသီလမြဲသောသူ၊ အသက်မွေးမှု စင်ကြယ်သောသူကို ဥပသကာကောင်း၊ ဥပသကာ ရတနာ၊ ဥပသကာ ပဒုမ္မာ၊ ဥပသကာ ပုဏ္ဍရိတ်ဟုခေါ်သည်။