ဗုဒ္ဓ၏ လက္ခဏာကြီး(၃၂)ပါး

အကြောင်းကုသိုလ်တော်_ဗုဒ္ဓလောင်းလျာ ဘဝများစွာတွင် ကုသိုလ်ကောင်းမှု အလုပ်ဟူမူ မည်သည့် အကြောင်းနှင့်မျှ အပျက်မခံခိုင်မြဲ စွာပြုလုပ်တော်မူခဲ့သည်။

အကျိုးရင်းလက္ခဏာတော်_ (၁) အလယ်တွင် ဟိုက်ခြင်းဟာခြင်း မရှိဘဲ ပြည့်ဖြိုးကာ တစ်ပြေးညီ တည် သော ခြေဖဝါးပြင်ရှိခြင်း။

အကျိုးဆက်_မည်သူ့ကိုမျှလည်း မကြောက်ရွံ့တတ်၊ မည်သည့် ရန်သူကမျှလည်း နှောက်ယှက်ဖျက်ဆီးခြင်းငှာ မတတ်နိုင်ပေ။

အကြောင်းကုသိုလ်တော်_လူအပေါင်း၏ချမ်းသာကိုဆောင်ရွက်ခြင်း၊ကြောက်ရွံ့နေသူကို တရား သဖြင့်စောင့်ရှောက်ခြင်းနှင့်လှူဒါန်းသည့် အခါတိုင်း မူလဒါနကို သက်ဆိုင်ရာ အခြံအရံပစ္စည်းများ ပါဖြည့်စွက်လျက်သာ လှူဒါန်းခြင်းကို ပြုတော်မူခဲ့သည်။

အကျိုးရင်းလက္ခဏာတော်_(၂) ခြေဖဝါးတွင် တစ်ရာ့ရှစ်ကွက် စက်လက္ခဏာတော် ပါရှိခြင်း။

အကျိုးဆက်_ အခြံအရံများစွာရှိခြင်း။

အကြောင်းကုသိုလ်တော်_ ဘဝများစွာတွင် သူ့အသက်သတ်ခြင်း ကင်းခဲ့သည်။

အကျိုးရင်းလက္ခဏာတော်_(၃) ရှည်သွယ်သော ခြေဖနောင့်တော်ရှိခြင်း၊

(၄) လက်ချောင်းတော်များ ရှည်ပြီး အရင်းမှအဖျားတိုင် သွယ်ခြင်း၊

(၅) ဖယောင်းတိုင်ပမာ ဖြောင့်စင်းသော ခန္ဓာကိုယ်ရှိခြင်း။

အကျိုးဆက်_ အသက်ရှည်ခြင်း၊ ကိုယ်တော်တိုင် ချေချွတ်မှရမည့် သတ္တဝါ ကျန်ရှိနေသေး၍ နေဦးမည် ဆိုပါလျှင် အာယုကပ်ကုန်သည်ထိပင် တည်နေနိုင်ခြင်း၊ မည်သူကမျှ သတ်ဖြတ်၍ မရခြင်း။

အကြောင်းကုသိုလ်တော်_အပိုအလိုမရှိအဆီသြဇာပြည့်စုံပြီးချိုမြိန် ကောင်းမြတ်သော အရသာရှိသည့် အာဟာရတို့ကို ပေးလှူခဲ့သည်။

အကျိုးရင်းလက္ခဏာတော်_(၆) လက်ဖမိုး၊ ခြေဖမိုး၊ ပခုံးနှင့် လည်ဂုတ် စသော ခုနစ်နေရာတွင် အသား ပြည့်ဖြိုးခြင်း။

အကျိုးဆက်_ အရသာ အထူးအမြတ်ကို မပြတ်သုံးဆောင်ရခြင်း။

အကြောင်းကုသိုလ်တော်_ သင်္ဂဟတရားလေးပါးနှင့် အညီ လူအပေါင်းကို ချီးမြှောက်တော်မူခဲ့သည်။

အကျိုးရင်းလက္ခဏာတော်_(၇) လက်ဖဝါး၊ ခြေဖဝါး နူးညံ့ခြင်း၊ လက်မမှအပ ကျန်လက်ချောင်း ရှစ်ချောင်းတို့သည် အရှည်အတိုမရှိ တညီတည်းဖြစ်ခြင်း လက်ဆစ်အရေး အကြောင်းများ ဖြောင့်ခြင်း။

(၈) ခြေချောင်း ဆယ်ချောင်းလုံး ညီညာခြင်း။

အကျိုးဆက်_ လက်ထဲတွင် ဆုပ်ထားသကဲ့သို့မပြိုကွဲသော ပရိသတ်ရှိခြင်း။

အကြောင်းကုသိုလ်တော်_ အကြောင်းအကျိုးကို ဖေါ်ပြ၍ မြတ်သော တရားဓမ္မကိုသာ ဟောကြားတော်မူခဲ့သည်။

အကျိုးရင်းလက္ခဏာတော်_(၉) ခြေဖမျက်တော်(ခြေမျက်စေ့)သည် ခြေဖမိုးအထက်မြင့်သော နေရာ၌ တည်ရှိပြီး ဖူးမောက် နေခြင်း မရှိ ပြေပြစ်လျက်ရှိခြင်း။

(၁ဝ) တစ်ကိုယ်လုံးရှိ မွေးညင်းတော် များသည် မျက်နှာတော်ကို မော်၍ ဖူးဘိအလား အပေါ်သို့အဖျား လှည့်ကာနေခြင်း။

အကျိုးဆက်_သတ္တဝါအားလုံးကို လွှမ်းဖုံးကာ အသာဆုံး အမြတ်ဆုံး ဖြစ်ခြင်း။

အကြောင်းကုသိုလ်တော်_သူတစ်ပါးအား နှုတ်မှုအတတ်၊ လက်မှုအတတ်များကို မြန်ဆန်စွာတတ်ကျွမ်းအောင် ကောင်းစွာသင်ကြားပေးတော်မူခဲ့သည်။

အကျိုးရင်းလက္ခဏာတော်_(၁၁) ခြေသလုံးသည်စပါးဖုံးကဲ့သို့ လေးဖက်လေးတန် ပြည့်ဖြိုးကာ တင့်တယ် တော်မူခြင်း။

အကျိုးဆက်_ရဟန်းနှင့်ဆိုင်သောအသုံးအဆောင်ပစ္စည်းများကိုလိုလေ သေးမရှိ အလုံးစုံရရှိခြင်း။

အကြောင်းကုသိုလ်တော်_မိမိသိလိုသော အမေးပြဿနာများကို သိမည်ဟု ယူဆရသည့် ရဟန်းသံဃာ ဆရာသမားများအား ချဉ်းကပ်မေးမြန်း ခဲ့သည်။

အကျိုးရင်းလက္ခဏာတော်_(၁၂) ပိန်းကြာရွက်တွင် ရေမတင်သကဲ့သို့အသားအရေ နုညံ့ချောမွတ်နေခြင်း။

အကျိုးဆက်_ မြေထုပမာ ကြီးကျယ်သောပညာ၊ ရွှင်သော ဟာသပညာ၊ လျင်သော ဇဝနပညာ၊ ထက်သော တိက္ခပညာ၊ နက်နဲသော ဂမ္ဘီရပညာ၊ ကိလေသာကို ဖေါက်ခွဲနိုင်သော နိဗ္ဗိန္ဓပညာနှင့် အလုံးစုံကို သိသော သဗ္ဗညုတဉာဏ်တော်များ ရရှိခြင်း။

အကြောင်းကုသိုလ်တော်_ နာကျင်အောင် မည်သို့ပြောဆိုစေ အမျက်မထွက်ဘဲ စိတ်ရှည်ခဲ့ခြင်းနှင့် အလွန်ကောင်းမွန်ချောမွေ့သည့် အဝတ်၊ အခြုံ၊ အခင်းတို့ကို လှူဒါန်းတော်မူခဲ့သည်။

အကျိုးရင်းလက္ခဏာတော်_(၁၃) ဇမ္ဗူရစ် ရွှေအဆင်းပမာ ဝါဝင်းသော အသားအရေရှိခြင်း။

အကျိုးဆက်_ အလွန်ကောင်းမွန် ချောမွေ့သည့် အဝတ်၊ အခြုံ၊ အခင်းများ ရရှိခြင်း။

အကြောင်းကုသိုလ်တော်_ကွဲကွာနေသော အမိနှင့် သား၊ သို့မဟုတ် သမီး၊ အဖနှင့် သား၊ သို့မဟုတ် သမီး၊ ဇနီးမောင်နှံ၊ မောင်နှမ၊ ညီအစ်မ၊ ညီအစ်ကို၊ ဆရာတပည့် စသည်တို့ကို တွေ့အောင် ရှာဖွေပေးကာ ပြန်လည်ဆက်စပ်ပေးခဲ့သည်။

အကျိုးရင်းလက္ခဏာတော်_(၁၄) ဆဒ္ဒန်ဆင်မင်း ပုံစံကဲ့သို သော ယောကျ်ားနိမိတ် ရှိခြင်း။

အကျိုးဆက်_ ထောင်သောင်းမကသော သားတော်ရဟန်းများ ရှိခြင်းဖြင့် ဘုရားအဆုံးအမကို လိုက်နာကာ သာသနာပြုကြ၍ လူ  နတ်ဗြဟ္မာ တို့ ကောင်းကျိုးချမ်းသာ ရရှိစေခြင်း။

အကြောင်းကုသိုလ်တော်_ ဘဝ ပေါင်းများစွာ လှူဒါန်းခဲ့ရာ၌ အယုတ် အလတ် အမြတ်ဟူ၍ ရွေးချယ်ကာလျော်သလို လှူဒါန်းခဲ့၏။

အကျိုးရင်းလက္ခဏာတော်_(၁၅) ပညောင်ပင်ပမာ အလံနှင့် အရပ် ညီခြင်း။

(၁၆) မတ်တပ်ရပ်လျက်နှင့် ခါးမကုံး ဒူးမညွတ်ဘဲ ဒူးတော်ကို ကိုင်နိုင်ခြင်း။

အကျိုးဆက်_သူတော်ကောင်းဥစ္စာ ခုနစ်ပါး (သဒ္ဓါ၊ သီလ၊ သုတ၊ စာဂ၊ ပညာ၊ ဟိရီ၊ သြတ္တပ္ပ) နှင့် ပြည့်စုံခြင်း။

အကြောင်းကုသိုလ်တော်_ အနှစ်သာရမရှိသော စကားကို မည်သည့် အခါမျှ မပြောဆိုခဲ့ပေ။

အကြောင်းကုသိုလ်တော်_သူတစ်ပါးကို ကောင်းစေလို၍ ကုသိုလ်၊

ဥစ္စာ၊ မိတ်ဆွေ၊ ပညာလိုရာများတိုးပွါးရာတိုးပွါးကြောင်းဆောင်ရွက်ပေးခဲ့သည်။

အကျိုးရင်းလက္ခဏာတော်_(၁၇) မရိုးစည်ကဲ့သို့လုံးဝန်းသည့်လည်ပင်းရှိခြင်း။

အကျိုးရင်းလက္ခဏာတော်_ (၁၈)လက်ပြင်ရိုးနှစ်ဖက်အကြား၌ အသားပြည့်ဖြိုး

နေပြီး ကျောကုံးမှာလည်း ခွက်၍ မနေ၊ အရေးအကြောင်းမထင် ဘဲ ပြည့်ဖြိုးခြင်း။

အကျိုးရင်းလက္ခဏာတော်_ (၁၉) ခြင်္သေ့မင်း၏ ရှေ့ကိုယ်ထည်ပမာ ရှေ့ပိုင်းကိုယ်ထည်ကြီးကာ ယောကျ်ားပီသခြင်း။

အကျိုးဆက်_လောကီနှင့် လောကုတ္တရာဂုဏ်ကျေးဇူးများ အလုံးစုံပြည့်စုံခြင်း။

အကြောင်းကုသိုလ်တော်_သတ္တဝါများကို နာကျင်ပင်ပန်းအောင် ညှဉ်းပန်းမှု မပြုခဲ့ပေ။

အကျိုးရင်းလက္ခဏာတော်_(၂ဝ) ပါစက ဝမ်းမီးကို မျှတစေသည့် အရသာကို ဆောင်ယူနိုင်သော အကြော ခုနစ်ထောင်ရှိခြင်း။

အကျိုးဆက်_မည်သည့် ရောဂါမျှမရှိ ပကတိကျန်းမာခြင်း။

အကြောင်းကုသိုလ်တော်_မည်သည့်အခါမျှ သူတစ်ပါးအား မျက်စောင်းမထိုး၊ မျက်မှောင်မကုတ်၊ ဒေါသနှင့် မကြည့်၊ ပြုံးပြုံးရွှင်ရွှင် ကြည်ကြည် လင်လင်နှင့်သာ ကြည့်တော်မူခဲ့သည်။

အကျိုးရင်းလက္ခဏာတော်_(၂၁) ညိုကြည်သော မျက်လုံးရှိခြင်း။ 

အကျိုးရင်းလက္ခဏာတော်_ (၂၂) မျက်တောင်မွေး သေးသွယ်ကော့ပျံ၍နေခြင်း။

အကျိုးဆက်_ပီယသိဒ္ဓိဆေး ရှိသည့်အလား လူ နတ် ဗြဟ္မာ သတ္တဝါအားလုံးတို့၏ ကြည်ညို ချစ်ခင်ခြင်းကို ခံတော်မူရခြင်း။

အကြောင်းကုသိုလ်တော်_ဘဝတိုင်းတွင် မည်သည့်ကုသိုလ်ကို ပြုသည်ဖြစ်စေ ခေါင်းဆောင်ဖြစ်ခဲ့သည်။

အကျိုးရင်းလက္ခဏာတော်_(၂၃) နဖူးတော် (ဆံစ၏ အောက်လက်နှစ်သစ်) တွင် နဖူးသင်းကျစ်တော်ရှိခြင်း။

အကျိုးဆက်_ သုံးဆယ့်တစ်ဘုံ၌ ကျင်လည်ကြကုန်သော သတ္တဝါ အားလုံးသည် ဗုဒ္ဓ၏ နောက်တော်သို့ လိုက်ကြသဖြင့် နောက်လိုက်ခြွေရံများပြားခြင်း။

အကြောင်းကုသိုလ်တော်_ဘဝတိုင်းတွင် မည်သည့်အခါမျှ မုသား စကား မပြောဘဲ အမှန်ချည်းသာပြောခဲ့သည်။

အကျိုးရင်းလက္ခဏာတော်_(၂၄) မွေးညင်းတွင်းတစ်တွင်းတွင် မွေးညင်း တစ်ပင်စီသာ ပေါက်ခြင်း။

အကျိုးရင်းလက္ခဏာတော်_(၂၅) မျက်ခုံးနှစ်ဖက်အကြားတွင် ဥဏ္ဏလုံ မွေရှင်တော်ရှိခြင်း (ဆန့်လိုက်သော် နှစ်တောင်ခန့် ရှည်ပြီး၊ ဝါဂွမ်းကဲ့သို့ ဖြူဖွေးကာ ဂွမ်းပုံ ပုံထားသည့်အလား လကျ်ာရစ်ရစ်ပြီး ပုံနေသည်။)

အကျိုးဆက်_သတ္တဝါအားလုံးတို့သည် မြတ်စွာဘုရား၏ စိတ်တိုင်းကျ လိုက်ပါကြခြင်း။

အကြောင်းကုသိုလ်တော်_ဘဝတိုင်းတွင် တစ်ယောက်နှင့် တစ်ယောက် ကွဲကွာစေမည့် ကုန်းတိုက်ခြင်းအမှုကို မပြုလုပ်ခဲ့၊ ကွဲကွာနေသူများကို စေ့စပ်ပေးသည်။ သင့်မြတ်နေသူများကို သင့်မြတ်သည် ထက် သင့်မြတ်အောင် အစဉ်အားပေးသမှုပြုခဲ့သည်။

အကျိုးရင်းလက္ခဏာတော်_(၂၆) သွားတော်လေးဆယ် ရှိတော်မူခြင်း။

အကျိုးရင်းလက္ခဏာတော်_ (၂၇) သွားတော်များမှာ သေးသွယ်ကာ မကျဲဘဲ စိပ်စိပ်ရှိခြင်း။

အကျိုးဆက်_ပရိသတ်များပြားခြင်း၊ ရှိပြီးသော ပရိသတ် မပြိုကွဲခြင်း။

အကြောင်းကုသိုလ်တော်_နားမချမ်းသာစေမည့် ကြမ်းတမ်းသော

စကားကို မည်သည့်အခါမျှ မပြောဆို၊ ထာဝစဉ် ကြည်အေးချို

သာသော စကားကိုသာ ပြောဆိုခဲ့သည်။

အကျိုးရင်းလက္ခဏာတော်_(၂၈) လျာတော်ရှည်ကာ ပြန့်ကျယ်နူးညံ့ခြင်း။

အကျိုးရင်းလက္ခဏာတော်_ (၂၉) ဗြဟ္မာမင်း၏ အသံပမာသာယာနာပျော်ဖွယ် အသံတော် ရှိခြင်း။

အကျိုးဆက်_ စကားတော်ကို အများကြည်ညို လိုက်နာကြခြင်း။

အကျိုးရင်းလက္ခဏာတော်_(၃ဝ) ခြင်္သေ့မင်း၏ မေးအလား ကား၍ ကြီးသော မေး ရှိခြင်း။

အကျိုးဆက်_ မည်သည့်ရန်သူကမျှ နှိပ်စက်ဖျက်ဆီး၍ မရခြင်း။

အကြောင်းကုသိုလ်တော်_ ရှေးရှေးသော ဘဝများ၌ အရောင်း အဝယ် ပြုလုပ်ရာတွင် ချိန်ခွင် အလေးတင်းတောင်း အသပြာ ခိုးခြင်းမရှိခဲ့၊ လိမ်လည် လုယက် သတ်ဖြတ်၍လည်း အသက်မွေးခြင်း မပြုလုပ်ခဲ့၊ အသက်မွေးမှု မှန်ကန်ခဲ့သည်။

အကျိုးရင်းလက္ခဏာတော်_(၃၁)သွားတော်များမှာအထဲသို့လည်း ဝင်မနေ အပြင်သို့လည်း ခေါမနေဘဲ စိန်စီထားသည့်ပမာ ညီညာခြင်း။

အကျိုးရင်းလက္ခဏာတော်_ (၃၂) သွားတော်လေးဆယ်နှင့် စွယ်တော်လေးဆူ သည် သွားဖုံးတော်ဝယ်အလွန်သန့်ရှင်းစင်ကြယ် ဖြူဖွေးလျက် တည်ရှိခြင်း။ အကျိုးဆက်_ ကိုယ်တော်တိုင် စင်ကြယ်ခြင်းနှင့်အတူ စင်ကြယ်သပ်ရပ် မြတ်သော ရဟန်းပရိသတ် အခြံအရံများရှိခြင်း။