မြတ်သောအကျင့် မဂ္ဂဗြဟ္မစရိယ၏ အစဖြစ်သော ဝိပဿနာပညာကို မရသေးသော် ရရန်ရပြီးသော် လွန်စွာတိုးပွား စည်ပင်ပြန့်ပွားရန် ပွားများမှု ထက်ဝန်းကျင် ပြည့်စုံစေရန် အကြောင်းအထောက်အပံ့ ရှစ်ပါးရှိ၏။၎င်းတို့ကား—-
၁။ ဆရာကိုဖြစ်စေ အလေးအမြတ်ပြုထိုက်သော သီတင်းသုံးဖော် တစ်ဦးဦးကိုဖြစ်စေ အမှီပြု၍ နေကာ ထိုဆရာ ထိုသီတင်းသုံးဖော်အပေါ်၌ ထက်သန်သော ရှက်ကြောက်မှု ချစ်မြတ်နိုးမှု ရိုသေလေးစားမှု ရှေးရှုတည်ရခြင်း။
၂။ ထိုဆရာ အလေးအမြတ်ပြုထိုက်သော ထိုသီတင်သုံးဖော်ထံ ရံခါရံခါ ချဉ်းကပ်၍ ” အရှင်ဘုရား ! ဤပါဠိကား အဘယ်သို့ သဘောရှိပါသနည်း၊ ဤပါဠိ၏ အနက်ကား အဘယ်ပါနည်း “ဟု အဖန်ဖန် မေးမြန်း စိစစ်ခြင်း။ ထိုသို့ မေးမြန်းသော် ထိုအရှင်တို့သည် မဖွင့်ပြရသေးသော ပါဠိကို ဖွင့်ပြကြ၏။ မပေါ်လွင်သော ပါဠိကို ပေါ်လွင်အောင် ပြုကြကုန်၏။ သံသယဖြစ်စရာ တရားတို့၌ သံသယကို ပယ်ဖျောက်ကြကုန်၏။
၃။ ထိုတရားကို နာကြားပြီး၍ ကိုယ်ဖြင့်အပေါင်းအဖော်မှ ကင်းဝေးမှု စိတ်၏ ကိလေသာတို့မှကင်းဝေးမှုဟူသော ကင်းဆိတ်မှု နှစ်ပါးဖြင့် ပြည့်စုံစေခြင်း။
၄။ အနည်းငယ်သောအပြစ်တို့၌ ဘေးဟု ရှုလေ့ရှိသည်ဖြစ်၍ သီလသိက္ခာကို ဆောက်တည်ကာကျင့်သုံးခြင်း။
၅။ မြတ်စွာဘုရား ဟောကြားတော်မူအပ်သောတရားတို့ကို များစွာ နာကြား ဆောင်ထားကာလေ့ကျက် မှတ်သားပညာဖြင့် ကောင်းစွာ ထိုးထွင်း၍ သိခြင်း။
၆။ အကုသိုလ်တရားတို့ကို ပယ်ရန် ကုသိုလ်တရားတို့ တိုးပွားစေရန် အားထုတ်အပ်သောဝီရိယရှိခြင်း။ အားအစွမ်းနှင့် ပြည့်စုံ ခိုင်မြဲသောအားထုတ်ခြင်းရှိသည်ဖြစ်၍ ကုသိုလ်တရားတို့၌အားထုတ်မှု ဝန်ကို ချမထားခြင်း။
၇။ သံဃာ့ဘောင် သီတင်းသုံးဖော်တို့ စုဝေးရာသို့ ရောက်လတ်သော် အထူးထူးသော စကားမဂ်ဖိုလ်နှင့် ဆန့်ကျင်ဘက်စကားကို ပြောလေ့မရှိဘဲ ကိုယ်တိုင်လည်း တရားဟော သူတစ်ပါးကိုလည်း တရားဟောရန် တိုက်တွန်းတတ်သည်ဖြစ်၍ မြတ်သော ဆိတ်ဆိတ်နေခြင်းကိုလည်းမထီမဲ့မြင် မပြုခြင်း။
၈။ ဥပါဒါနက္ခန္ဓာ ငါးပါးတို့၌ ” ဤကား ရုပ်၊ ဤကား ရုပ်ဖြစ်ကြောင်း၊ ဤကား ရုပ်၏ချုပ်ပျောက်မှုတည်း။ဤကား ဝေဒနာ—— ” စသည်ဖြင့် ဖြစ်မှု ပျက်မှုကို အဖန်ဖန်ရှုလေ့ရှိသည်ဖြစ်၍ နေခြင်းတို့ ဖြစ်၏။
ဤရှစ်ပါးသော အကြောင်းတို့နှင့် ပြည့်စုံသူကို သီတင်းသုံးဖော်တို့က ” ဤအရှင်သည် ဆရာကိုဖြစ်စေ အလေးအမြတ်ပြုထိုက်သော သီတင်းသုံးဖော် တစ်ဦးဦးကိုဖြစ်စေ အမှီပြု၍ နေကာ ထိုဆရာ ထိုသီတင်သုံးဖော်အပေါ်၌ ထက်သန်သော ရှက်ကြောက်မှု ချစ်မြတ်နိုးမှု ရိုသေ လေးစားမှု ရှေးရှုတည်၏။မချွတ်ဧကန် ဤအရှင်သည်သိသင့်သိထိုက်သော တရားကို သိ၍ မြင်သင့်မြင်ထိုက်သော တရားကို မြင်ပေ၏ ” စသည်ဖြင့်ချီးမွမ်းကြ၏။ဤချီးမွမ်းခြင်း သဘောတရားသည်လည်း ချစ်မြတ်နိုးရန် လေးစားရန် နှလုံးကို ပွားစေရန် ရဟန်းတရားကို ရရန် အပေါက်အကြားမရှိ တစ်ပေါင်းတည်းဖြစ်ရန် ဖြစ်ပေ၏။ပါဠိတော်၌အကြောင်း တစ်ခုစီ ချီးမွမ်းခြင်း ဖြစ်၏။
( အင်္ဂုတ္တိုရ် ၊ တ – ၂ ၊ ပညာသုတ် )