အလှူဒါနငါးမျိူး

၁။ သဒ္ဓါဒါန။

၂။ သက္ကစ္စဒါန။

၃။ ကာလဒါန။

၄။ အနုဂ္ဂဟိတဒါန။

၅။ အနုပဟစ္စဒါန တို့ဖြစ်ကြသည်။

(၁) သဒ္ဓါဒါန

ကံ ကံ၏အကျိုးကို ယုံကြည်၍ အလှူခံပုဂ္ဂိုလ်တို့အား ပေးလှူခြင်းကို သဒ္ဓါဒါနဟု ခေါ်သည်။

ထိုသူသည် ဖြစ်လေရာ ဘုံဘ၀တို့၌ ဥစ္စာပစ္စည်း ကြွယ်၀ချမ်းသာ၏။

များသော အသုံးအဆောင်ရှိ၏။

ရှုချင်စဖွယ်ရှိ၏။

စိတ်ကြည်လင်ဖွယ်ရှိ၏။

လွန်ကဲသော အဆင်းသဏ္ဍန်နှင့် ပြည့်စုံ၏။

(၂) သက္ကစ္စဒါန

လှူဖွယ်၀တ္ထုကို ကောင်းကောင်းမွန်မွန် သပ်သပ်ရပ်ရပ် သန့်သန့်ရှင်းရှင်း ပြုပြင်၍ အလှူခံပုဂ္ဂိုလ်အား ရိုသေစွာ လှူခြင်းကို သက္ကစ္စဒါနဟု ခေါ်သည်။

ထိုသူသည် ဖြစ်လေရာ ဘုံဘ၀တို့၌ ဥစ္စာပစ္စည်း ကြွယ်၀ချမ်းသာ၏။

များသော အသုံးအဆောင်ရှိ၏။

သား၊ မယား၊ ကျေးကျွန်၊ အခြွေအရံတို့ မိမိစကားကို နားထောင်တတ်သည်။

တတ်သိနားလည်လွယ်သော ဉာဏ်ရှိသည်။

[လှူဖွယ်၀တ္ထုကို ကောင်းမွန်စွာ မစီမံဘဲ ဖြစ်ကတတ်ဆန်း လှူသောသူသည် ဖြစ်လေရာ ဘုံဘ၀၌ ဥစ္စာစည်းစိမ် ရှိသော်လည်း သား မယား ကျေးကျွန်တို့အပေါ်၌ မိမိသြဇာ မညောင်းဖြစ်တတ်သည်။]

(၃) ကာလဒါန

လှူဖွယ်ပစ္စည်းတို့ကို အချိန်ကာလနှင့် လျော်ညီစွာ လှူဒါန်းခြင်းကို ကာလဒါနဟု ခေါ်ဆိုသည်။

ထိုသူသည် ဖြစ်လေရာ ဘုံဘ၀တို့၌ ဥစ္စာပစ္စည်း ကြွယ်၀ချမ်းသာ၏။

များသော အသုံးအဆောင်ရှိ၏။

အချိန်ကာလနှင့်လျော်စွာ အကျိုးတရား များစွာရနိုင်သည်။

လိုအပ်သောအချိန်၌ လိုအပ်သောပစ္စည်းကို ရတတ်သည်။

[အချိန်အခါမဟုတ်ဘဲ လှူဒါန်းသောသူသည် ဥစ္စာစည်းစိမ်ရှိသော်လည်း လိုအပ်သောအချိန်၌ လိုအပ်သောပစ္စည်းကို မရတတ်။]

(၄) အနုဂ္ဂဟိတဒါန

အလှူခံပုဂ္ဂိုလ်အား ချီးမြောက်လို၍ လှူခြင်းကို အနုဂ္ဂဟိတဒါနဟုခေါ်သည်။

ထိုသူသည် ဖြစ်လေရာ ဘုံဘ၀တို့၌ ဥစ္စာပစ္စည်း ကြွယ်၀ချမ်းသာ၏။

များသော အသုံးအဆောင်ရှိ၏။

ရရှိသော စည်းစိမ်ဥစ္စာအပေါ်၌ သုံးဆောင်လိုစိတ်ရှိသည်။ သုံးလည်းသုံးဆောင်သည်။

[အလှူခံအပေါ် ချီးမြှောက်လိုစိတ်မရှိဘဲ လှူသောသူသည် ဥစ္စာစည်းစိမ်ရှိသော်လည်း မွန်မြတ်သော အသုံးအဆောင်တို့ကို သုံးဆောင်လိုစိတ်မရှိ၊ မသုံးဆောင်ရဘဲလည်း ရှိတတ်သည်။ အညံ့စားတို့ကိုသာ သုံးဆောင်ရတတ်သည်။]

(၅) အနုပဟစ္စဒါန

မိမိကိုလည်းကောင်း သူတစ်ပါးကိုလည်းကောင်း မငြိစွန်း မထိခိုက်စေဘဲ လှူခြင်းကို အနုပဟစ္စဒါနဟု ခေါ်သည်။

ထိုသူသည် ဖြစ်လေရာ ဘုံဘ၀တို့၌ ဥစ္စာပစ္စည်း ကြွယ်၀ချမ်းသာ၏။

များသော အသုံးအဆောင်ရှိ၏။

မိမိဥစ္စာကို ရန်သူမျိုးငါးပါး မဖျက်ဆီးနိုင်။

အမွေခံ သားဆိုး သမီးဆိုးတို့ မဖျက်ဆီးနိုင်။

[မိမိနှင့် သူတပါးကို ငြိစွန်းထိခိုက်၍ လှူဒါန်းသူသည် စည်းစိမ်ဥစ္စာရှိသော်လည်း ရန်သူမျိုးငါးပါးတို့၏ နှိပ်စက်ဖျက်ဆီးခြင်းကို ခံရတတ်သည်။]