အမျိုးသမီးနှင့် ဘုရားဆုပန်

အမျိုးသမီးများသည် သဗ္ဗညုတ ဘုရားရှင်၊ စကြာဝတေးမင်း၊ သိကြားမင်း၊ မာရ်နတ်၊ မဟာဗြဟ္မာမင်း စသော ဘဝငါးမျိုးကို ရရှိရန် အခွင့်အလမ်းမရှိဟု မြတ်စွာဘုရားရှင်သည် အင်္ဂုတ္တိုရ်တွင် ဟောကြားတော်မူသည်။ ထိုသို့ ‌ဟောတော်မူခြင်းသည် ပစ္စုပ္ပန်ဘဝကိုပင် ဆိုလိုရင်းဖြစ်သည်။အမျိုးသမီးများသည် နောင်အနာဂတ်ဘဝအတွက် ဘုရားဆုကို ဆုတောင်းနိုင်သည်။ အမျိုးသမီးများသည် ဘုရားဆုပန်ခြင်းကို မျက်ကွယ်ဗျာဒိတ်ရကြောင်း သောတတ္ထကီကျမ်းတွင် ပြဆိုထားသည်။

ဒီပင်္ကရာ မြတ်စွာဘုရားသည် ဤဘဒ္ဒကမ္ဘာမှနေ၍ နောက်ပြန်‌ရေတွက်လျှင် ကမ္ဘာပေါင်း သင်္ချေ ၂၀ နှင့် ကမ္ဘာတစ်သိန်းထက်တွင် ပွင့်တော်မူသည်။ ထိုဘုရားရှင်သည် ဦးစွာပွင့်၍ ‘ပေါရာဏ ဒီပင်္ကရာ’ မြတ်စွာဘုရားဟု ခေါ်သည်။ ဂေါတမမြတ်စွာဘုရားလောင်း သုမေဓါရှင်ရသေ့ကို ဗျာဒိတ်ပေးတော်မူသော  ဒီပင်္ကရာ မြတ်စွာဘုရားကို ‘ဗျာဒိတ်ပေး ဒီပင်္ကရာ မြတ်စွာဘုရား’ ဟုခေါ်သည်။

ပေါရာဏ ဒီပင်္ကရာ လက်ထက်တွင် ဂေါတမမြတ်စွာဘုရားလောင်းသည် အမျိုးသမီးဘဝဖြင့် ဘုရင့်သမီးတော် တစ်ပါးဖြစ်ခဲ့သည်။ ပေါရာဏ ဒီပင်္ကရာ မြတ်စွာဘုရားရှင်နှင့် အဖေတူ အမေကွဲ မောင်နှစ်မတော်စပ်သည်။ ထိုအချိန်တွင် ဗျာဒိတ်ပေး ဒီပင်္ကရာမြတ်စွာဘုရားလောင်းသည် ရဟန်းဘဝဖြင့် ဖြစ်သည်။ ညနေချိန်တိုင်း ဆီအလှူခံ ထွက်လေ့ရှိပြီး ပေါရာဏ ဒီပင်္ကရာ မြတ်စွာဘုရားရှင်အား ဆီမီးပူဇော်လေ့ရှိသည်။ တစ်နေ့တွင် ဂေါတမ မြတ်စွာဘုရားလောင်းဖြစ်သော ဘုရင့်သမီးတော်သည် မြင်တွေ့သောအခါ ရဟန်းတော်လေးကို ပင့်လျှောက်ပြီး ဆီအလှူခံရသည့် အကြောင်းရင်းကို မေးမြန်းလျှောက်ထားသည်။ ထိုအခါ မင်းသမီးသည် ရဟန်းတော်လေးအား မုန်ညင်းဆီကို သပိတ်အပြည့် လှူဒါန်းလိုက်သည်။

မင်းသမီးသည် မုန်ညင်းဆီကို လှူဒါန်းပြီး “အရှင်ဘုရား…ဤမုန်ညင်းဆီကို လှူဒါန်းရသော ကောင်းမှု့ကြောင့် နောင်သောအခါ သဗ္ဗညု ဘုရား စင်စစ်ဖြစ်၍ ဤမုန်ညင်းဆီ၏ အမည်ဖြင့် သိဒ္ဓတ္ထအမည်ကို ရလိုပါ၏” ဟု ခုတောင်းခဲ့သည်။

ထိုအကြောင်းကို ရဟန်းတော်သည် ပေါရာဏ ဒီပင်္ကရာ မြတ်စွာဘုရားရှင်အား “အရှင်ဘုရား၏ နှမတော်သည် သူမတောင့်တအပ်သော ဘုရားအဖြစ်ကို မရနိုင်တော့ဘူးလား”ဟု မေးလျှောက်သည်။ ထိုအခါ မြတ်စွာဘုရားရှင်က “ချစ်သားရဟန်း…ဤကမ္ဘာမှ ဆယ့်ခြောက်အသင်္ချေ၊ ကမ္ဘာတစ်သိန်း လွန်သောအခါ သင်ရဟန်းသည် ငါကဲ့သို့ ဒီပင်္ကရာဟူသော ဘွဲ့အမည်ဖြင့် ဘုရားဖြစ်လိမ့်မည်။ ထိုအခါ သင်သည် နှမတော်ကို ဗျာဒိတ်စကား မြွက်ကြားနိုင်လိမ့်မည်”ဟု မျက်ကွယ်ဗျာဒိတ်စကားကို မိန့်ကြားတော်မူခဲ့သည်။

မဟာဓမ္မာစရိယ ဦးသိန်းထွန်း