ဘာဝနာနည်းလေးဆယ်

အနိစ္စာနုပဿနာ ဆယ်ပါး

အနစ္စတော၊ ပလောကတော၊ စလတော၊ ပဘင်္ဂုတော၊ အဓုဝတော၊ ဝိပဂယရိဏာမတော၊ အသာရတော၊ ဝိဘာဝတော၊ မစ္စုတော၊ သင်္ခတတော ပေါင်းဆယ်ပါးဖြစ်သည်။
၁။ အနိစ္စတော၊ ဖြစ်-တည်-ပျက်ဆဲ မရပ်စဲသောကြောင့် အမြဲမရှိပါပေ။
၂။ ပလောကတော၊ အို-နာ-သေ-နေ ဘေးအထွေထွေကြောင့် အခြေကင်းပြတ် ပျက်စီးတတ်ပါပေ၏။
၃။ စလတော၊ လောကဓံစိုးအုပ် မထိန်းချုပ်နိုင်ဘဲ တုန်လှုပ်တတ်ပါပေ၏။
၄။ ပဘဂုင်္တော၊ ထိခိုက်မှုအစားစား သဘောများကြောင့် ပျက်ပြားတတ်ပါပေ၏။
၅။ အဒ္ဓုဝတော၊ မထိန်းသိမ်းနိုင် ပြိုလဲယိုင်တတ်သောကြောင့် မခိုင်ခံ့ မတည်မြဲပါပေ။
၆။ ဝိပရိဏာမဓမ္မတော၊ အို-နာ-သေရန် ဘေးအတန်တန်တို့ကြောင့် ဖောက်ပြန် ရွေ့ရှားတတ်ပါပေ၏။
၇။ အသာရကတော၊ ဉာဏ်ဖြင့်ယူညစ် သဘောစစ်ပါက အနှစ်သာရကင်း အကာအဖျင်းတွေသာ ဖြစ်ပါပေ၏။
၈။ ဝိဘဝတော၊ အစီးအပွားမရှိ တဏှာဒိဋ္ဌိလျှင် ကပ်ငြိတွယ်တာခြင်း အကြောင်းရင်းရှိပါပေ၏။
၉။ သင်္ခတတော၊ သင်္ခါရခေါ်တွင် ကြောင်းလေးအင်တို့ စီစဉ်ပေါင်းစပ် ပြုပြင်တတ်သော သဘောရှိပါပေ၏။
၁၀။ မရဏဓမ္မတော၊ ရုပ်နာမ်နှစ်ချက် ကြုံတိုင်းထွက်သော်လဲ သေပျက်ကုန်ခန်းတတ်ပါပေ၏။

ဒုက္ခာနုပဿနာ နှစ်ဆယ့်ငါးပါး

ဒုက္ခတော၊ ရောဂတော၊ အဃတော၊ ဂဏ္ဍတော၊ သလ္လတော၊ အာဗာဓတော၊ ဥပဒ္ဒတော၊ ဘယတော၊ ပတိတော၊ ဥပသဂ္ဂတော၊ အတာဏတော၊ အလေဏတော၊ အသရဏတော၊ ဝဓကတော၊ အဃမူလတော၊ အာဒီနဝတော၊ အာသဝတော၊ မာရာမိသတော၊ ဇာတိဓမ္မတော၊ ဗျာဓိဓမ္မတော၊ သောကတော၊ ပရိဒေဝတော၊ ဥပါယာသတော၊ သံကိလေသဓမ္မတော၊ ပေါင်းနှစ်ဆယ့်ငါးပါးဖြစ်သည်။
၁။ ဒုက္ခတော၊ ဖြစ်တည် ပျက်သဲ ကျိတ်ချေဆွဲသောကြောင့် ဆင်းရဲခြင်းအစားစား ကျယ်ပွားလှပါပေ၏။
၂။ ရောဂတော၊ ဝေဒနာ အထပ်ထပ်ဖြစ်ပေါ်တတ်သောကြောင့် မတ်ရပ်နာနှင့် တူလှပါပေ၏။
၃။ ဂဏ္ဍတော၊ ပျောက်နိုင်ခဲပါ အိုင်းအနာကြီးနှင့်သာ ပမာမသွေ တူလှပါပေ၏။
၄။ သလ္လတော၊ ထိုးစိုက်စူးဝင် ထောင်ပစ်တင်သည့် တံကျင်မြားကျောက်နှင့်သာ တူလှပါပေ၏။
၅။ အဃတော၊ ဝဋ်ဆင်းရဲပေါင်း တည်နေအောင်းသဖြင့် မကောင်းကျိုးသာ ပေးတတ်ပါပေ၏။
၆။ အာဗာဓတော၊ သည်းထန်ပြင်းစွာ ဖြစ်ပေါ်လာတတ်တဲ့ ရောဂါအစားစား အနာများနှင့် တူလှပါပေ၏။
၇။ ဤတိတော၊ ရွံ့ကြောက်ဖွယ်ရှိသမျှ တွေ့ကြုံကြတတ်သောကြောင့် ပြင်ပဝိုင်းထား ရန်သူများနှင့်လည်း တူလှပါပေ၏
၈။ ဥပဒ္ဒဝတော၊ ရန်မျိုးအရပ်ရပ် တည်ချဉ်းကပ်နိုင်၍ ဥပဒ္ဒဝေါလည်း မည်ပါပေ၏။
၉။ ဘယတော၊ ရှိသမျှဥဿုံ ဘေးမျိုးစုံတို့ စုဆုံတည်နားရာဖြစ်သောကြောင့် ဘေးဘယလည်း မည်ပါပေ၏။
၁၀။ ဥပသဂ္ဂတော၊ ဗျသနငါးပါး အကျိုးမဲ့များတို့၏ တည်နားမပြတ် စွဲမှီကပ်ရာလည်း ဖြစ်ပါပေ၏။
၁၁။ အတာဏတော၊ အန္တရာယ်မရောက် ကင်းဝေးလွတ်မြောက်အောင် စောင့်ရှောက်ခြင်းငှာ မတတ်နိုင်ပါပေ၏။
၁၂။ အလေဏတော၊ ရန်ဘေးအပေါင်း လွတ်မြောက်ကြောင်းဟု ပုန်းအောင်းခိုကပ်ရာ မဟုတ်နိုင်ပါပေ။
၁၃။ အသရဏတော၊ သံသရာ ဘေးခပင်း ကျွတ်လွတ်ကင်းအောင် မညှင်းဆဲတတ် ကိလေသာကို မသတ်နိုင်ပါပေ။
၁၄။ အာဒီနဝတော၊ တစ်ဆယ့်တသီး အပူမီးတို့၏ ပွားစီးတောက်လောင်ရာအစစ် လောင်စာတွေချည်း ဖြစ်ပါပေ၏။
၁၅။ အဃမူလတော၊ အလုံးစုံအကု မကောင်းမှုတို့၏ ပေါင်းစုတည်ရာကြီးသာပါပေ။
၁၆။ ၀ဓကတော၊ ချစ်ခင်လေယောင် ပုံဟန်ဆောင်လျက် တုပ်နှောင်သတ်ဖြတ်တတ်သော ရန်သူနှင့်သာ တူလှပါပေ၏။
၁၇။ သာသဝတော၊ အာသဝေါတရား အစားစားတို့ တည်နားဖို့ရာ နီးကပ်စွာသော အကြောင်းဖြစ်ပါပေ၏။
၁၈။ မာရာမိသတော၊ ကိလေသာမာရ် မစ္စုမာရ်တို့ တည်နားဖို့ရာ နီးကပ်စွာသော အကြောင်းဖြစ်ပါပေ၏။ ၁၉။ ဇာတိဓမ္မတော၊ ပဋိသန္ဓေ အစားစားတည်နား နေဖို့ရာ ထင်ရှားမသွေ ဖြစ်ပါပေ၏။
၂၀။ ဇရာဓမ္မတော၊ ဆွေးမြည့်အိုမင်း မရှောင်ကွင်းနိုင်အောင် ပြည့်တင်းသော သဘောရှိပါပေ၏။
၂၁။ ဗျာဓိဓမ္မတော၊ ကျင်နာနှိပ်စက် အခံရခက်အောင် ဆောင်ရွက်တတ်သော သဘောရှိပါပေ၏။
၂၂။ သောကဓမ္မတော၊ နှလုံးမငြိမ် အပူရှိန်တိုးအောင် စိုးရိမ်ရခြင်း အကြောင်းရင်း ဖြစ်ပါပေ၏။
၂၃။ ပရိဒေဝဓမ္မတော၊ တောက်လောင်မှုမအေး ထိုထိုအရေးများကြောင့် ငိုကြွေးရခြင်း အကြောင်းရင်း ဖြစ်ပါပေ၏။
၂၄။ ဥပါယာသဓမ္မတော၊ အပူလုံးမွှေ ပင့်သက်ဝေ၍ မြောစေမေ့စေ ပင်ပန်စေရခြင်း အကြောင်းရင်း ရှိပါပေ၏။
၂၅။ သံကိလေသိကဓမ္မတော၊ ဒုစရိုက်တဏှာ ဒိဋ္ဌိငါတို့ တည်ရာအထူး ယှဉ်ကပ်ပူးတတ်သောကြောင့် ညစ်နွမ်းခြင်းအစစ် သဘောဖြစ်ပါ၏။

အနတ္တာနုပဿနာ

ငါးပါးအနတ္တတော၊ ပရတော၊ ရိတ္တတော၊ တုစ္ဆတော၊ သုညတော ပေါင်းငါးပါး။
၁။ အနတ္တတော၊ သတ္တဝါအယောင် ပုံဟန်ဆောင်နိုင်တဲ့ အကောင်မှကင်း အစိုးမရခြင်း မရှိပါပေ။
၂။ ပရတော၊ မထောက်မထား အလွန်စိမ်းကားတဲ့ တပါးသောသူ အပြင်လူနှင့်သာ ထူလှပါပေ။
၃။ ရိတ္တတော၊ သူမိုက်တို့ ကြံဆအပ်သော တည်မြဲချမ်းသာ တင့်တယ်စွာနှင့် သူငါခပင်း ပြတ်စဲကင်းအောင် အလျင်းပင် ရှာမရပါပေ။
၄။ တုစ္ဆတော၊ ဉာဏ်ဖြင့် အသီးသီး ပေါင်းစုရှာမှီးလိုက်ပါက အချည်းနှီးထင်ရှား သဘောများ ဖြစ်ပါပေ၏။
၅။ သုညတော၊ ပြုပြင်စီရင် ခံစားချင်တဲ့ ခေါ်တွင်စရာ သတ္တဝါအားလုံး ကွယ်ပျောက်ဆုံးသဖြင့် ဆိတ်သုဉ်းသော သဘောရှိပါပေ၏။
စုစုပေါင်း ဘာဝနာနည်း လေးဆယ်ဖြစ်သည်။