သောတာပန် သုံးမျိုး (ဝါ) ၂၄ မျိုး

သောတာပန် အမျိုးမျိုး

သောတာပန်တို့သည် ဘဝအပိုင်းအခြားအားဖြင့်

             ၁။ သတ္တက္ခတ္တု ပရမ သောတာပန္န- လူပြည်နှင့် နတ်ပြည်တို့၌ (၇)ဘဝသာဖြစ်၍ နိဗ္ဗာန်သို့ ဝင်စံမည့်သောတာပန်။

             ၂။ ကောလံကောလ သောတာပန္န- လူ့ပြည်နတ်ပြည်တို့၌ (၂)ဘဝမှ (၆)ဘဝသာဖြစ်၍ နိဗ္ဗာန်သို့ ဝင်စံမည့်သောတာပန်။

              ၃။ ဧကဗီဇ သောတာပန္န- လူ့ပြည်နတ်ပြည်တို့၌ (၁)ဘဝသာ ဖြစ်၍ နိဗ္ဗာန်သို့စံဝင်မည့် သောတာပန်ဟူ၍ (၃)မျိုးရှိပေသည်။ (အံ-၁-၊၂၃၄)

  • ပြဋ္ဌာန်းသော ဓုရအားဖြင့် သောတာပန်(၂)မျိုး

သောတာပန်ပုဂ္ဂိုလ်တို့သည် ပြဌာန်းသော ဓုရအားဖြင့်

               ၁။ သဒ္ဓါပြဌာန်းသော သဒ္ဓါဓုရ သောတာပန်။

               ၂။ ပညာပြဌာန်းသော ပညာဓုရ သောတာပန်ဟူ၍ (၂)မျိုး ရှိပေသည်။

ယခုဘဝမှာပင် သောတာပန်ဖြစ်လိုကြသော ပုဂ္ဂိုလ်တို့သည် ဝိပဿနာတရား အားထုတ်ကြရပေသည်။ ဝိပဿနာတရား အားထုတ်သောအခါ သဒ္ဓါရှေ့သွား၊ သဒ္ဓါပြဌာန်းသောအားဖြင့် သောတာပန်အဖြစ်သို့ ရောက်သွားမည့် ပုဂ္ဂိုလ်တို့သည် သဒ္ဓါဓုရ သောတာပန်မည်၏။ ပညာရှေ့သွား ပညာပြဌာန်းသောအားဖြင့် သောတာပန်အဖြစ်သို့ ရောက်သွားမည့် ပုဂ္ဂိုလ်တို့သည် ပညာဓုရသောတာပန်မည်၏။ အကြင်ပုဂ္ဂိုလ်တို့သည် သဒ္ဓါရှေ့သွား သဒ္ဓါပြဌာန်းသောအားဖြင့် သောတာပန်အဖြစ်သို့ ရောက်သွားမည့် ပုဂ္ဂိုလ်ဖြစ်၏။ ထိုပုဂ္ဂိုလ်တို့သည် ဝိပဿနာတရားအားထုတ်သောအခါ မိမိသည် ယခုဘဝ၌ သောတာပန်ဖြစ်နိုင်သည်ဟု ယုံကြည်ချက်သဒ္ဓါ ထက်သန်အားကောင်း၍သာ အားထုတ်နေရပေသည်။ တရားသဘောများကိုတွေ့ရာတွင် ထင်ထင်ရှားရှား မရှိလှပေ။ နာမရူပ ပရိစ္ဆေဒဉာဏ်သို့ရောက်၍ နာမ်နှင့်ရုပ်ကိုပိုင်းခြားကာ သိသောအခါ၌လည်း ကွဲကွဲပြားပြားမရှိလှပေ။ မထင်မရှားပင် သိမြင်ပေသည်။ ဆရာသမားများက ဟောပြသောအခါမှသာ သိလာတတ်ပေသည်။ ထိုပုဂ္ဂိုလ်သည် သဒ္ဓါဓုရ သောတာပန်ဖြစ်မည့် ပုဂ္ဂိုလ်ဖြစ်ပေသည်။

အကြင်ပုဂ္ဂိုလ်သည် ပစ္စယပရိဂ္ဂဟဉာဏ်- အကြောင်းနှင့်အကျိုးကို သိသောဉာဏ်၊ သမ္မသနဉာဏ်- အနိစ္စ ဒုက္ခ အနတ္တဟု သုံးသပ်ဆင်ခြင်၍ သိသောဉာဏ်၊ ဥဒယဗ္ဗယဉာဏ်- အဖြစ်အပျက်ကိုသိသောဉာဏ်၊ ဘင်္ဂဉာဏ်- အပျက်ကိုသိသောဉာဏ်၊ ဘယဉာဏ်- ကြောက်ဖွယ်ထင်သောဉာဏ်၊ အာဒီနဝဉာဏ်- အပြစ်မြင်သောာဉာဏ်၊ နိဗ္ဗိန္ဒဉာဏ်- ငြီးငွေ့သောဉာဏ်၊ မုဥ္စိတုကမျတာဉာဏ်- လွတ်မြောက်လိုသောဉာဏ်၊ ပဋိသင်္ခါဉာဏ်- တစ်ဖန်ပြန်ရှုရသောဉာဏ်၊ သင်္ခါရုပေက္ခာဉာဏ်- လျစ်လျှူရှုသော ဉာဏ်သို့ရောက်၍ ရှုမှတ်သောအခါတို့၌လည်း တရားသဘောများကို ထင်ထင်ရှားရှား ကွဲကွဲပြားပြား မသိပေ။ မထင်မရှားသာ သိပေသည်။ ထိုပုဂ္ဂိုလ်သည် သဒ္ဓါဓုရ သောတာပန်ဖြစ်မည့်ပုဂ္ဂိုလ်ဖြစ်ပေသည်။

              ဤကဲ့သို့ ဝိပဿနာတရား အားထုတ်သောအခါ၌ တရားသဘောများကို မထင်မရှားပင် သိမြင်ပါသော်လည်း အမှတ်ပြည့်သွားသောအခါ ဉာဏ်စဉ်ပြည့်သွားသောအခါ သောတာပန်အဖြစ်သို့ ရောက်သွားမည်ဖြစ်ပေသည်။ ဤသောတာပန်မျိုးကို သဒ္ဓါဓုရ သောတာပန်ဟု ဆိုရပေသည်။

               အကြင်ပုဂ္ဂိုလ်သည် ပညာရှေ့သွား ပညာပြဌာန်းသောအားဖြင့် သောတာပန်အဖြစ်သို့ ရောက်သွားမည့် ပုဂ္ဂိုလ်ဖြစ်၏။ ထိုပုဂ္ဂိုလ်သည် ဝိပဿနာတရား အားထုတ်သောအခါ တရားသဘောများကို ထင်ထင်ရှားရှားတွေ့မြင်တတ်ပေသည်။ နာမရူပ ပရိစ္ဆေဒဉာဏ်သို့ရောက်၍ နာမ်နှင့်ရုပ်ကို ပိုင်းခြားကာ သိသောအခါ၌လည်း ထင်ထင်ရှားရှား ကွဲကွဲပြားပြား သိမြင်လာတတ်ပေသည်။ ထိုပုဂ္ဂိုလ်သည် ပညာဓုရ သောတာပန်ဖြစ်မည့် ပုဂ္ဂိုလ်ဖြစ်သည်။ အထက်ပါဉာဏ်စဉ်များကိုလည်း ထင်ထင်ရှားရှား သိမြင်တတ်ပေသည်။ ထိုပုဂ္ဂိုလ်ကား ပညာဓုရသောတာပန်ဖြစ်၏။

  • သဒ္ဓါဓုရသောတာပန်သည် အကျင့်အားဖြင့်(၄)မျိုး

သဒ္ဓါဓုရ သဒ္ဓါပြဌာန်း၍ သောတာပန်အဖြစ်သို့ ရောက်ကြမည့် ပုဂ္ဂိုလ်တို့သည် အကျင့်ပဋိပဒါအားဖြင့် (၄)မျိုးကွဲပြားကြပေသည်။

         ၁။ ငြိုငြိုငြင်ငြင် ပင်ပင်ပန်းပန်းလည်း အားထုတ်ရ၍ တရားလည်း အရနှေးသော သောတာပန်။

          ၂။ ငြိုငြိုငြင်ငြင် ပင်ပင်ပန်းပန်း အားထုတ်ရ၍ တရားအရမြန်သော သောတာပန်။

           ၃။ ချမ်းချမ်းသာသာဖြင့်လည်း အားထုတ်ရ၍ တရားအရနှေးသော သောတာပန်။

            ၄။ ချမ်းချမ်းသာသာဖြင့်လည်း အားထုတ်ရ၍ တရားလည်း အရမြန်သော သောတာပန်ဟူ၍ (၄)ယောက်ဖြစ်ပါသည်။

            သဒ္ဓါဓုရ သောတာပန်ကဲ့သို့ပင် ပညာဓုရ သောတာပန်သည်လည်း အကျင့်ပဋိပဒါအားဖြင့် (၄)ယောက်ဖြစ်ပေသည်။ သဒ္ဓါဓုရသောတာပန် (၄)ယောက်၊ ပညာဓုရသောတာပန်(၄) ယောက်ဟူ၍ ပေါင်း(၈)ယောက်ဖြစ်ပါသည်။

  • သောတာပန်(၂၄)ယောက်ဖြစ်ပုံ

ဧကဗီဇသောတာပန်၊ ကောလံကောလ သောတာပန်၊ သတ္တက္ခတ္တုပရမသောတာပန် တို့၌ သဒ္ဓါဓုရသောတာပန်(၄)ယောက်၊ ပညာဓုရသောတာပန် (၄)ယောက်အားဖြင့် (၈)ယောက်စီရရှိနိုင်ကြမည်။ သို့ဖြစ်၍ (၁)ဘဝဖြင့် နိဗ္ဗာန်စံဝင်မည့် သောတာပန်(၈)ယောက်၊ (၂)ဘဝမှ(၆)ဘဝဖြင့် နိဗ္ဗာန်စံဝင်မည့် သောတာပန်(၈)ယောက်၊ (၇)ဘဝဖြင့် နိဗ္ဗာန်စံဝင်မည့် သောတာပန်(၈)ယောက်ဟူ၍ သောတာပန်(၂၄)ယောက်ဖြစ်တော့၏။

              ဤသောတာပန်(၂၄)မျိုးတို့တွင် မည်သည့် သောတာပန်မျိုးပင် ဖြစ်စေ၊ အပါယ်သံသရာ အပါယ်ဘုံဝများမှ လွတ်မြောက်ကြသည်သာ ဖြစ်ပေသည်။