အဓိပ္ပါယ်
ပဋိစ္စသမုပ္ပါဒ်ဆိုသည်မှာ ပါဠိစကားဖြစ်၍ စကားသုံးလုံး ဆက်စပ်လျက်ရှိ၏။ ပဋိစ္စ – စွဲ၍၊ သံ-ကောင်စွာ၊ ဥပ္ပါဒ-ဖြစ်သည်။ ”အကြောင်းကိုစွဲ၍ ကောင်းစွာဖြစ်ပေါ်ခြင်း” ဟု အဓိပ္ပါယ်ရသည်။
အကြောင်းကိုစွဲ၍ ကောင်းစွာဖြစ်ပေါ်ခြင်းဆိုသည်မှာ အဘယ်ကဲ့သို့ အကြောင်းကို စွဲ၍ ကောင်းစွာဖြစ်ပေါ်သနည်းဟု ဆိုသော်…
1. အဝိဇ္ဇာတည်းဟူသော အကြောင်းခံကြောင့် ပြုပြင်မှု သင်္ခါရတရား ဖြစ်ပေါ်၏။
2. ပြုပြင်မှု သင်္ခါရဟူသော အကြောင်းခံကြောင့် ဝိညာဏ်တည်းဟူသော သိမှုတရား ဖြစ်ပေါ်၏။
3. သိမှု ဝိညာဏ်ဟူသော အကြောင်းခံကြောင့် နာမ်ရုပ်တည်း ဟူသောတရား ဖြစ်ပေါ်၏။
4. နာမ်ရုပ်တည်း ဟူသော အကြောင်းခံကြောင့် တည်ရာဟူသော အာယတနတရား ခြောက်ပါးဖြစ်ပေါ်လာ၏။
5. တည်ရာ အာယတနခြောက်ပါး အကြောင်းခံကြောင့် တွေ့ထိမှုဟူသော ဖဿတရားဖြစ်ပေါ်လာ၏။
6. တွေ့ထိမှု ဖဿဟူသော အကြောင်းခံကြောင့် ခံစားမှု တည်းဟူသော ဝေဒနာဖြစ်ပေါ်လာ၏။
7. ခံစားမှုတည်းဟူသော ဝေဒနာအကြောင်းခံကြောင့် လိုချင်မှု တဏှာ ဖြစ်ပေါ်လာ၏။
8. လိုချင်မှု တဏှာတည်းဟူသော အကြောင်းခံကြောင့် စွဲလမ်းမှုတည်းဟူသော ဥပါဒါန်ဖြစ်ပေါ်လာ၏။
9. ဥပါဒါန်တည်းဟူသော စွဲလမ်းမှု အကြောင်းခံကြောင့် ဘဝတည်းဟူသော တရားဖြစ်ပေါ်လာ၏။
10. ဘဝ ဟူသော အကြောင်းခံကြောင့် ဇာတိဟူသော ပဋိသန္ဓေနေမှု ဖြစ်ပေါ်လာ၏။
11. ဇာတိဟူသော အကြောင်းခံကြောင့် အိုမှု၊ နာမှု၊ သေမှု၊ ပြင်းစွာပူပန်မှုတို့ ဖြစ်ပေါ်လာ၏။ဤသို့ အလုံးစုံသော ဆင်းရဲအစုတို့ ဖြစ်ပွားပေါ်ပေါက်လာ၏။
သဘောတရား
1. သံသရာ အစကို၎င်း၊ သမုတိသစ္စာ အလိုအားဖြင့် လူဟူ၍၎င်း၊ ပုဂ္ဂိုလ် သတ္တဝါဟယ၍၎င်း သမုတ်ကြသူတို့၏ အစသည် အဝိဇ္ဇာနှင့် တဏှာဟု ပေါ်လွင်ထင်ရှားစွာ ပြသခြင်း။
2. ထိုကဲ့သို့ သမုတိသစ္စ အနေအားဖြင့် လူပုဂ္ဂိုလ် သတ္တဝါဟူ၍ ခေါ်ဝေါ်သမုတ်ကြသော ခန္ဓာအစဥ်တန်းခြင်းကို ပြသထင်ရှားစေခြင်း။
3. ပရမတ္ထသစ္စာ အလိုအားဖြင့် ပုဂ္ဂိုလ်၊ သတ္တဝါ၊ ယောက်ျား၊ မိန်းမ၊ ငါ၊ သူတပါးဟူ၍ မရှိ။ ဤအကြောင်းတရားဖြစ်ခဲ့သော် ဤအကျိုးတရား ဖြစ်ပေါ်၏။ ဤအကြောင်းတရားချုပ်ခဲ့သော် ဤအကျိုးတရားချုပ်ခြင်း စသည်ဖြင့် ပေါ်လွင်ထင်ရှားစေခြင်းကို ပြသခြင်း။
4. သင်္ခါရနှင့် ဝိညာဏ်အစပ်၊ ဝေဒနာနှင့် တဏှာအစပ်၊ ကမ္မဘဝနှင့် ဇာတိအစပ်ကို အမျှင်မပြတ် တရစပ် ဆက်စပ်နေခြင်းကို ပြခြင်း။
5. ဇာတိဟုဆိုအပ်သော ပဋိသန္ဓေနေခြင်း၊ အိုခြင်း၊ နာခြင်း၊ သေခြင်း၊ တစ်ဖန် ပဋိသန္ဓေနေခြင်းကဲ့သို့ ဖြစ်သည်ကို ပြသပေါ်လွင်စေခြင်း
6. ဒက္ခအစုများ တစ်ခုပြီးတစ်ခု အစဥ်တန်းနေခြင်းသာဖြစ်ကြောင်းကို ပြသခြင်း။
7. လောင်စာနှင့် မီးသာ ထပ်ကာတလဲလဲ လောင်စာထည့်လိုက် မီးလောင်လိုက်ဟူ၍ ဆက်ကာဆက်ကာဖြစ်ပွားနေသာ်ကို ပြသခြင်း။
8. သမုဒယသစ္စာနှင့် ဒုက္ခသစ္စာ ဤသစ္စာနှစ်ပါးသာ လှည့်နေခြင်းကို ပြခြင်း။
9. ကိလေသာဝဋ်၊ ကမ္မဝဋ်၊ ဝိပါကဝဋ် တည်းဟူသော ဝဋ်သုံးပါးသာလျှင် မရပ်မနား ရဟတ်ခြားပမာ လှည့်လည်နေခြင်းကို ပြခြင်း။
10. လွန်လေပြီးသော အတိတ်ဘဝ၊ ဖြစ်ဆဲ ပစ္စုပ္ပန်ဘဝ၊ အနာဂတ်ဘဝ ဟူ၍ ဘဝသုံးပါး လှည့်လည်နေခြင်းကို ပြသခြင်းတို့ ဖြစ်သည်။
အမှတ်(၁)လင်္ကာ
အဝိဇ္ဇာနှင့် တဏှာနှင့် တဏှာရင်းခံ ဥပါဒါန်နှင့် ကံကြောင့် ရုပ်နာမ်ပေါ်။
အပင်မှမျိုး၊ မျိုးမှအပင်၊ အမျှင်မပြတ်၊ ဆက်စပ်သည့်ဟန်၊ ကံကြောင့် ရုပ်နာမ်၊ ရုပ်နာမ်ကြောင့် ကံ၊ အဖန်ဖန် ဖြစ်ပြန်နည်းအလျော်၊ ဗြဟ္မာ သိကြား စသည်များက ထင်ရှားပြုပြင်၊ စီရင် ဖန်ဆင်း အကြောင်းရင်းကြောင့်၊ လူနတ်များစွာ သတ္တဝါတို့ ဖြစ်လာရမှု မဟုတ်ဟု ဉာဏ်ဖြင့်ရှု၍မျှော်။
အဓိပ္ပါယ်
လူနတ်ဗြဟ္မာ သတ္တဝါဟုခေါ်သော ရုပ်နာမ်တို့သည် အဝိဇ္ဇာ တဏှာ ဥပါဒါန် ကံ ဟူသော အကြောင်း(၄)ပါးကြောင့် ဖြစ်လာရပါသည်။
ကံ-ဟူသော အကြောင်းတရားကြောင့် ရုပ်နာမ်ခန္ဓါ၊ လူနတ်ဗြဟ္မာ သတ္တဝါဟူ၍ ဖြစ်ပေါ်လာကြပြီး ရုပ်နာမ်အပေါ်မှာ ဖြစ်ပျက်ဟူ၍ မမြင်သောကြောင့် ကံဟူသော အကျိုးတရားအတွက် ကြိုးစားလုပ်ဆောင်လိုက်ကြပြန်တော့ (၃၁)ဘုံ အတွင်းမှာ သံသရာလည်ပြီး ကရွတ်ကွင်း လျှောက်သလို ဆက်ကာဆက်ကာ အမျှင်မပြတ် ဖြစ်ပွားနေကြသည်။
ဥပမာပြ၍ ပြောရလျှင် မျိုးစေ့မှ အပင်၊ အပင်မှ မျိုးစေ့ အမျှင်မပြတ် တရစပ် ပေါက်ပွား ဖြစ်ပေါ်နေကြသည်။
လူနတ်ဗြဟ္မာသတ္တဝါဟူသော ရုပ်နာမ်သည် (၃၁)ဘုံအတွင်းမှာ ဖြစ်ပျက်နေကြရတာသည် တနခိုးရှင်၊ ထာဝရဘုရားက ဖန်ဆင်းလို့ ဖြစ်လာကြ ပျက်သွားကြရတာ မဟုတ်ပါ။ အကြောင်း ကမ္မတရားတွေကြောင့် အကျိုး ဝိပါက တရားများ ဖြစ်ပေါ်လာကြတာပဲဟူ၍ ဉာဏ်ဖြင့် သိထားကြရပါမည်။
အမှတ်(၂)လင်္ကာ
မူလနှစ်ဖြာ၊ သစ္စာနှစ်ခု၊ လေးခုအလွှာ၊ အင်္ဂါတစ်ဆယ့်နှစ်ပါး၊ တရားကိုယ်များနှင့် သုံးပါးအစပ် နှစ်ရပ်မူလ ဝဋ်သုံးဝနှင့်၊ ကာလသုံးဖြာ ခြင်းရာနှစ်ဆယ်၊ ဤရှစ်သွယ်ကို အလွတ်ကျက်မှတ် သိစေအပ်သည် သံသရာမှ လွတ်ကြောင်းတည်း။
အဓိပ္ပါယ်
မူလနှစ်ဖြာဆိုတာ အဝိဇ္ဇာနှင့် တဏှာကို ဆိုလိုပါသည်။
အဝိဇ္ဇာသည် အတိတ်အကြောင်းမူလ ဖြစ်သည်။ အဝိဇ္ဇာကြောင့် ပစ္စုပ္ပန်ခန္ဓာကို ဖြစ်စေသည်။ ယင်းအဝိဇ္ဇာ၏ သဘောသည် သစ္စာလေးပါးတရားကို မသိတာဖြစ်သည်။
အဝိဇ္ဇာ၏ မသိပုံက –
- ဆင်းရဲကျိုးအမှန်ဖြစ်သော ဒုက္ခာသစ္စာကိုလည်း မသိပါ။
- ဆင်းရဲကြောင်းအမှန်ဖြစ်သော သမုဒယသစ္စာကိုလည်း မသိပါ။
- ဆင်းရဲခြင်း ချုပ်ရာအမှန် ဖြစ်သော နိရောဓသစ္စာကိုလည်း မသိပါ။
- ဆင်းရဲခြင်း ချုပ်ကြောင်း အမှန်ဖြစ်သော မဂ္ဂသစ္စာလည်း မသိပါ။
အဝိဇ္ဇာသည် ရှေ့အစွန်း(ရှေးအတိတ်က ဖြစ်ခဲ့သော ခန္ဓာ အာယတနဓါတ်)ကိုလည်း မသိ။ သံသရာ၏ နောက်အစွန်း(နောင်အနာဂတ်တွင် ဖြစ်လာမည့် ခန္ဓာ အာယတနဓါတ်)ကိုလည်း မသိ။ ခန္ဓာပဋိစ္စ သမုပ္ပါဒ်ဖြစ်ကြောင်းနှင့် ချုပ်ကြောင်းကိုလည်း မသိပါ။
အဝိဇ္ဇာ၏ တရားကိုယ်မှာ မောဟဖြစ်သည်။ အဝိဇ္ဇာမောဟသည် သိကောင်းစရာ မှန်သမျှကိုမသိတာ။ မဂ် ဖိုလ် နိဗ္ဗာန်ကို မသိဘူး။ မဂ် ဖိုလ် နိဗ္ဗာန်ကို ရစေရောက်စေသော အကျင့်ကောင်း နည်းလမ်းအမှန်ကို မသိဘူး။ ခန္ဓာတွေ ပြန်ပြန်ရစေကြောင်းနှင့် လောကီအလုပ် ဟူသ၍ကိုပဲ သိတယ်။ ဒါကြောင့် မကောင်းတာ မှန်သရွေ့ကို သိတာလည်း အဝိဇ္ဇာပါပဲ။
၃၁ ဘုံတွင် ဖြစ်ရသော ဆင်းရဲမှန်သမျှသည် အဝိဇ္ဇာကြောင့် ဖြစ်သည်။ ဒုဂ္ဂတိဘုံ အပါယ်လေးဘုံ ရကြောင်းတွင်လည်း အဝိဇ္ဇာက အဓိကဖြစ်သည်။ အဝိဇ္ဇာ မောဟသည် ကုသိုလ် အကုသိုလ်ကို ကွဲကွဲပြားပြား မသိပါ။ ဒုက္ခခပ်သိမ်းမှ ချုပ်ငြိမ်းလိုလျှင် အဝိဇ္ဇာကို ပယ်သတ်ရမည်။ ပယ်သတ်နည်းက ရုပ်နာမ်နှစ်ပါးကို ဖြစ်ပျက်ဟူ၍ မြင်အောင်ရှုရမည်။
တဏှာသည် ပစ္စုပ္ပန်၏ အကြောင်းမူလ ဖြစ်သည်။ တဏှာသည် အနာဂတ်ကို ရစေသည်။ တဏှာ၏ သဘောသည် လိုချင် မြန်နိုး တွယ်တာ သာယာတာဖြစ်သည်။ မျက်စိ၊ နား၊ နှစ်ခေါင်း၊ လျှာ၊ ကိုယ်ကာယ ဟူသော ငါးဖြာအာရုံ ကာမဂုဏ်တွေရဲ့ အပေါ်မှာ စုံမက်တာလည်း တဏှာပါပဲ။ ငါးဖြာအာရုံ ကာမဂုဏ်တွေသည် ခိုင်တယ်၊ မြဲတယ် ဟုထင်သော အယူသည် သဿတဒိဋ္ဌိ ဖြစ်သည်။ သဿတဒိဋ္ဌိနှင့် ယှဥ်တွဲပြီး ဘဝကို ခင်မင်တွယ်တာသည့် ဘဝတဏှာ ဖြစ်သည်။ ဝိပဿနာနှင့် ဒုက္ခသစ္စာကို သိမြင်တာမဟုတ်ပဲ (ဝါ) ဉာဏ်မပါပဲ ဥစ္ဆေဒဒိဋ္ဌိ အယူစွဲနဲ့ ဘဝပြတ်သွားတာ ကောင်းတယ်ဆိုပြီး ဘဝပြတ်သွားတာကို အရမ်းသာယာ သဘောကျနေတာသည် ဝိဘဝတဏှာဖြစ်သည်။ တဏှာ၏ တရားကိုယ်သည် လောဘဖြစ်သည်။
သစ္စာနှစ်ခု
အကြောင်းသမုဒယသစ္စာနှင့် အကျိုးဒုက္ခသစ္စာ ဖြစ်သည်။ မြတ်စွာဘုရားက သစ္စာလေးပါးဟု ဟောခဲ့သော်လည်း ယခုစက်ဝိုင်းတွင် သစ္စာ(၂)ပါးကိုသာ ထည့်သွင်းထားရခြင်းမှာ သတ္တဝါအပေါင်း သံသရာ၌ လည်ကြသောအခါ သမုဒယသစ္စာနှင့် ဒုက္ခသစ္စာ (၂)ပါး၌သာ လည်နေသောကြောင့် ဖြစ်သည်။ ယင်းသစ္စာ (၂)ပါးကို ဝဋ်သစ္စာ(၂)ပါးဟုခေါ်သည်။ ၎င်းအပြင် ဝိတဋ္ဋသစ္စာ (၂)ပါး ဆိုတာ မဂ္ဂသစ္စာနှင့် နိရောဓသစ္စာ နှစ်ပါးဖြစ်ပြီး ၎င်းသစ္စာနှစ်ပါးသည် ဝိပဿနာတရားအလုပ်ကို လုပ်ရမည့် သစ္စာ(၂)ပါး ဖြစ်ပါသည်။
ထို့ကြောင့် သမုဒယသစ္စာကို ပယ်ရမည့်တရားဟူ၍ သိထားရပါမည်။ ဒုက္ခသစ္စာကတော့ လောကီမဂ်ဉာဏ် (ဝါ) ဝိပဿနာမဂ်ဉာဏ်ဖြင့် ဒါသည် ဒုက္ခသစ္စာပဲ၊ ဒုက္ခသစ္စာ အစစ်ပဲဆိုပြီး ခန္ဓာကြီးကို ဒုက္ခသစ္စာဟူ၍ ပိုင်ပိုင်နိုင်နိုင် ပိုင်းခြားသိမြင် ရုံပါပဲ။ သမုဒယသစ္စာကို မီးနှင့်တူသည်၊ ဒုက္ခသစ္စာ ခန္ဓာကြီးကို လောင်စာနှင့် တူသည်ဟု တင်စားထားပါသည်။ လောင်စာနှင့် မီး တွဲလျက်ကြီးဟု ဆိုကြပါသည်။ သမုဒယသစ္စာနှင့် ဒုက္ခသစ္စာ ဇာတ်သိမ်းသွားတာ နိဗ္ဗာန် ရတာပါပဲ။
လေးခုအလွှာ
- အတိတ်အကြောင်းက တစ်လွှာ။ ယင်းသည် အဝိဇ္ဇာနှင့် သင်္ခါရဖြစ်ပြီး သစ္စာဖွဲ့ပြောလျှင် သမုဒယသစ္စာ (ဒုက္ခဖြစ်ကြောင်း အမှန်) ဖြစ်ပါသည်။
- ပစ္စုပ္ပန်အကျိုး တစ်လွှာ။ ယင်းသည် ဝိဉာဏ်၊ နာမ်ရုပ်၊ သဠာယတန၊ ဖဿ၊ ဝေဒနာ ဖြစ်ပြီး သစ္စာဖွဲ့ပြောရလျှင် ဒုက္ခသစ္စာ (ဝါ) ဒုက္ခဖြစ်ကျိုးအမှန် ဖြစ်ပါသည်။
- ပစ္စုပ္ပန် အကြောင်းတစ်လွှာ။ ယင်းသည် တဏှာ၊ ဥပါဒါန်၊ ကမ္မဘဝ ဖြစ်ပြီး သစ္စာဖွဲ့ပြောရလျှင် သမုဒယသစ္စာ (ဒုက္ခဖြစ်ကြောင်း အမှန်) ဖြစ်ပါသည်။
- အနာဂတ်အကျိုး တစ်လွှာ။ ဇာတိ၊ ဇရာ၊ မရဏ ဖြစ်ပြီး သစ္စာဖွဲ့ပြောရလျှင် ဒုက္ခသစ္စာ (ဒုက္ခဖြစ်ကျိုး အမှန်) ဖြစ်သည်။
သမုဒယသစ္စာကို အကြောင်းသမုဒယသစ္စာဟု သိရမည်။
ဒုက္ခသစ္စာကို အကျိုးဒုက္ခသစ္စာဟု သိရမည်။
အင်္ဂါတစ်ဆယ့်နှစ်ပါး
အဝိဇ္ဇာ-အင်္ခါရ-ဝိဉာဏ်-နာမ်ရုပ်-သဠာယတန-ဖဿ-ဝေဒနာ-တဏှာ-ဥပါဒါန်-ကမ္မဘဝ-ဇာတိ-ဇရာ+မရဏ
ပါဠိတော် –
အဝိဇ္ဇာ ပစ္စယာ သင်္ခါရာ၊ သင်္ခါရပစ္စယာ ဝိညာဏံ၊ ဝိညာဏ ပစ္စယာ နာမရူပံ၊ နာမရူပ ပစ္စယာ သဠာယတနံ၊ သဠာယတန ပစ္စယာ ဖသ္သော၊ ဖဿ ပစ္စယာ ဝေဒနာ၊ ဝေဒနာ ပစ္စယာ တဏှာ၊ တဏှာ ပစ္စယာ ဥပါဒါနံ၊ ဥပါဒါန ပစ္စယာ ဘဝေါ၊ ဘဝ ပစ္စယာ ဇာတိ၊ ဇာတိ ပစ္စယာ ဇရာမရဏ သောကပရိဒေဝဒုက္ခ ဒေါမနဿုပါယာသာ သမ္ဘဝန္တိ၊ ဧဝမေတဿ ကေဝလဿ ဒက္ခက္ခန္ဓဿ သမုဒယော ဟောတိ။
၃-ပါးအစပ်
တစ်နံပါတ် အစပ်သည် သင်္ခါရနှင့် ဝိဉာဏ်အစပ်ဖြစ်သည်။ တစ်နည်းအားဖြင့် အတိတ်နှင့် ပစ္စုပ္ပန်အစပ် ဖြစ်သည်။လွန်ခဲ့ပြီ ဖြစ်သည်။
နှစ်နံပါတ်အစပ်သည် ဝေဒနာနှင့် တဏှာအစပ်ဖြစ်သည်။ တစ်နည်းအားဖြင့် ပစ္စုပ္ပန်အကျိုးနှင့် ပစ္စုပ္ပန်အကြောင်း အစပ် ဖြစ်သည်။ ထွက်ရပ်လမ်း အစပ်လည်း ဖြစ်သည်။
သုံးနံပါတ်အစပ်သည် ကမ္မဘဝနှင့် ဇာတိအစပ် ဖြစ်သည်။ ပစ္စုပ္ပန်အကြောင်းနှင့် အနာဂတ်အကျိုး အစပ်ဖြစ်သည်။
အကြောင်းတရားကို ပဋိစ္စသမုပ္ပါဒ် ဟုဆိုသည်။
အကျိုးတရားကို ပဋိစ္စသမုပ္ပန္န ဟုဆိုသည်။
ပဋိစ္စသမုပ္ပါဒ်အကြောင်းတရားကို ပြတ်အောင်လုပ်တာသည် မှန်ကန်သော အကျင့်၊ မှန်ကန်သော အလုပ်ဖြစ်ပြီး သုဂတိနှင့် နိဗ္ဗာန်ကို ရောက်စေသည်။ ပဋိစ္စသမုပ္ပါဒ်အကြောင်းတရားကို ဆက်စေအောင်လုပ်လျှင် မှားသော အယူအကျင့်ဖြစ်ပြီး အပ္ပါယ်လေးဘုံကို ရောက်စေသည်။
အဝိဇ္ဇာကြောင့် သင်္ခါရ၊ သင်္ခါရကြောင့် ဇာတိ ဟူ၍ ဘဝစက်ကြီး သုံးပါးသည် အမြဲမပြတ် ဆက်စပ်၍ လည်နေတာကို ပဋိစ္စ သမုပ္ပါဒ် ဟုခေါ်သည်။
နံပါတ်နှစ်အစပ်ဖြစ်သော ဝေဒနာနှင့် တဏှာအစပ်သည် ဖြတ်ရမည့်အစပ် ဖြစ်သည်။သောတာပန် ဖြစ်ခြင်လျှင် ဤအစပ်မှ ဖြတ်ရမည်။ သကဒါဂါမ်၊ အနာဂါမ်၊ ရဟန္တာ ဖြစ်ချင်လျှင်လည်း ဤအစပ်မှပင် ဖြတ်ရမည် ဖြစ်ပါသည်။ ဘုရားသည်လည်း ဒီဝေဒနာနှင့် တဏှာအကြား အစပ်မှပင် ဘုရားဖြစ်ပါသည်။
ဝေဒနာနှင့် တဏှာကြားမှာ မဂ်ဉာဏ်သွင်းရမည်။ ဝေဒနာနောက်က ဒိဋ္ဌိမကူးအောင် ဖြတ်နိုင်ရင် သောတာပန် ဖြစ်ပါမည်။ ဝေဒနာနောက်က တဏှာ မကူးအောင် ဖြတ်နိုင်လျှင် အနာဂါမ်မှ ရဟန္တာထိ ဖြစ်ပါမည်။
- သောတာပန်ပုဂ္ဂိုလ်သည် ဒိဋ္ဌိပဋိစ္စ သမုပ္ပါဒ်ကို ပယ်သည်။
- သကဒါဂါမ်ပုဂ္ဂိုလ်သည် တဏှာပဋိစ္စ သမုပ္ပါဒ်ကို အချိုးကျ ဦးစွာပယ်သည်။
- အနာဂါမ်ပုဂ္ဂိုလ်သည် တဏှာနှင့် ဒေါသ ပဋိစ္စ သမုပ္ပါဒ်ကို အကြွင်းမဲ့ ပယ်သည်။
- ရဟန္တာသည် တဏှာ၊ ဒေါသ၊ မောဟ ပဋိစ္စ သမုပ္ပါဒ်ကို အကြွင်းမဲ့ ပယ်သည်။
တစ်ခါ –
ဝေဒနာ ပစ္စယာ တဏှာ ဘာကြောင့်ဖြစ်တာလဲ ဆိုလျှင်…
သုခဝေဒနာ ဖြစ်တော့ ချမ်းသာတဲ့ သာယာနှစ်သက်တဲ့ ခံစားမှုသဘော ဝေဒနာလေးဖြစ်တော့ နှစ်သက်စွဲလမ်းပြီး လိုချင် ရချင်သော တဏှာ ဖြစ်လာပါသည်။
ဒုက္ခဝေဒနာဖြစ်တော့ ဆင်းရဲပင်ပန်းတဲ့ မခံသာတဲ့၊ ခံစားမှုတွေဖြစ်တော့ မကျေနပ်တဲ့ ဒေါသနဲ့ အဝိဇ္ဇာဖြစ်လာတယ်။ ဒုက္ခခံစားနေရတော့ သုခဝေဒနာ ဘယ်တော့မှ ဖြစ်ပါ့မလဲဆိုတဲ့ တောင့်တတဲ့တဏှာ ဖြစ်ပေါ်လာပြန်တာပါပဲ။
ဥပက္ခါဝေဒနာဖြစ်လာတော့ သုခဝေဒနာနဲ့အတူ တဏှာဖြစ်ပေါ်လာဦးမှာ ဖြစ်ပါတယ်။ တဏှာဖြစ်ပေါ်လာရင် တဏှာ၊ ဥပါဒါန်၊ ကံ-ကမ္မဘဝ၊ ဇာတိ ဆိုပြီး ပဋိစ္စသမုပ္ပါဒ် လည်တော့တာပါပဲ။
မိမိတို့၏ ကာယရုပ်အကြည်မှာ ဖြစ်ပေါ်လာကြသော ဝေဒနာများကို ဖြစ်-ပျက် ရှုနိုင်ရင် (ဖြစ်-ပျက် ကိုမြင်အောင်ရှုနိုင်ရင်)၊ တဏှာပေါ်ခွင့်မရပဲ တဏှာချုပ်နေပါတယ်။ တဏှာချုပ်ပါက ဥပါဒါန် ကံတွေ ချုပ်သဖြင့် ဇာတိချုပ်သွားသောကြောင့် ပဋိစ္စသမုပ္ပါဒ် ထွက်လမ်းလို့ခေါ်သည်။
ဒီလို ခန္ဓပဋိစ္စသမုပ္ပါဒ် စက်ဝိုင်းကြီးကို နားလည်ရင် ဒိဋ္ဌိပြုတ်ပါသည်။
ခန္ဓပဋိစ္စသမုပ္ပါဒ် စက်ဝိုင်းကြီး၏ အစပ်(၃)ပါးကို နားလည်ရင် ဒိဋ္ဌိပြုတ်ပြီးသား ဖြစ်သွားပါသည်။
နံပါတ်တစ် အစပ်သည် သင်္ခါရ ပစ္စယာ ဝိညာဏံ ဟူ၍ စပ်သွားသည်ဖြစ်ရာ သင်္ခါရ စေတနာက ချုပ်သွားပြီးမှသာ ဝိညာဏ်က ဖြစ်ပေါ်လာရတာဖြစ်သည်။ သင်္ခါရက ကျေးဇူးပြုပြီးမှသာ (ဝါ) သင်္ခါရ အကြောင်းခံ ပြီးမှသာ ဝိညာဏ်က ပေါ်ရပါသည်။ ဤတွင် သင်္ခါရဆိုသော အထည်ကြီးသည် မပျောက်ပဲနှင့် ဝိညာဏ်က ဖြစ်ပေါ်လာရတာ မဟုတ်ပါ။ တစ်ခုပျက်ပြီး တစ်ခုက အစားထိုးပေါ်လာတာ ဖြစ်သည်။ သင်္ခါရအကြောင်းကင်းပြီး ဝိညာဏ်ပေါ်လာတာလည်း မဟုတ်ပါ။ သင်္ခါရက အကြောင်း၊ ဝိညာဏ်က အကျိုး။ ဒါသည် အကြောင်းနှင့် အကျိုး ဖြစ်နေတာပဲ ဖြစ်သည်။
အကယ်၍ သင်္ခါရ စေတနာသည် မပျောက်ပျက်သွားပဲ ဝိညာဏ်ပေါ်သော အချိန်အထိ ပါလာတယ်၊ ရောက်လာတယ်ဟု ယူမိလျှင် သဿတဒိဋ္ဌိ ဖြစ်ပါမည်။
တစ်ခါ ဝိညာဏ်သည် သင်္ခါရစေတနာနှင့် ဘာအကြောင်း အကျိုး ဆက်စပ်မှုမှ မရှိဘူးဟု ယူဆလျှင် ဥစ္ဆေဒဒိဋ္ဌိ ဖြစ်ပါသည်။
တစ်ဖန် ပုညာဘိသင်္ခါရ ခေါ်သောကုသိုလ်ပြုလုပ်ထားတာလည်း “ငါ” ပဲ။ ဝိညာဏ်ဖြစ်တာလဲ “ငါ” ပဲ ဟုယူဆနေလျှင် သက္ကာယဒိဋ္ဌိ (ဝါ) အတ္တဒိဋ္ဌိ ဖြစ်ပါမည်။
ဒိဋ္ဌိ(၃)ပါး မဖြစ်ရအောင်
၁။ သင်္ခါရ ပစ္စယာ ဝိညာဏ်ဟူ၍ အစပ်ဖြစ်ပေါ်ရာတွင် သင်္ခါရဟူသော အထည်ကြီး ပျက်ပြီးမှ ဝိညာဏ်ဖြစ်ရတာပါပဲ။ သင်္ခါရက မခိုင်မြဲသလို ဝိညာဏ်ကလဲ မခိုင်မြဲဘူးဟူ၍ မှန်ကန်သော အမြင်ဖြင့် ယူစွဲလျှင် သဿတဒိဋ္ဌိပြုတ်သည်။
၂။ သင်္ခါရစေတနာသည် မခိုင်မြဲသော်လည်း သတ္တိသဘောအားဖြင့် ဝိညာဏ်အပေါ် ကျေးဇူးပြုတယ်ဟူ၍ မှန်ကန်သော အမြင်ဖြင့် ယူစွဲလျှင် ဥစ္ဆေဒဒိဋ္ဌိ ပြုတ်ပါသည်။
၃။ ပုညဘိသင်္ခါရခေါ် ကုသိုလ်သင်္ခါရကို ပြုလုပ်တာလည်း ငါမဟုတ်။ သင်္ခါရစေတနာက ပြုလုပ်တာပဲ။ ခန္ဓါကြီးက ပြုလုပ်တာပါပဲ။ ဝိညာဏ်ကလည်း ငါမဟုတ်။ ခန္ဓါပါပဲ။ ဤသို့မြင်လျှင် သက္ကာယဒိဋ္ဌိ ပြုတ်သည်။
ထို့ကြောင့် နံပါတ်တစ် အစပ်ဖြစ်သော သင်္ခါရ ပစ္စယာ ဝိညာဏ်ဟူသော အစပ်ကို အထက်ဖော်ပြပါအတိုင်း သဘောပေါက် နားလည်သွားပြီဆိုရင် ဒိဋ္ဌိများ၏ ရေသောက်မြစ်ဖြစ်သော ဒိဋ္ဌိ(၃)ပါးကို ပယ်ပြီးဖြစ်သည်။
နံပါတ်နှစ် အစပ်ဖြစ်သော ဝေဒနာ ပစ္စယာ တဏှာ ဟူသော အစပ်တွင်လည်း အထက်ပါနည်းအတိုင်း ဝေဒနာပျက်ပြီးမှ တဏှာက ပေါ်လာရတာဟူ၍ သိလျှင် သဿတဒိဋ္ဌိ ပြုတ်သည်။ ဝေဒနာသည်လည်း မခိုင်မြဲပါ။ မခိုင်မြဲပေမယ့် သတ္တိသဘောအားဖြင့် တဏှာအပေါ် ကျေးဇူးပြုသည်ဟု မှနကန်သော အမြင်ဖြင့် မြင်လျှင် ဥစ္ဆေဒဒိဋ္ဌိ ပြုတ်ပါသည်။ ဝေဒနာသည် ငါမဟုတ်။ ငါ့ဥစ္စာလည်း မဟုတ်။ ဝေဒနာသည် ခံစားမှု သဘောဖြစ်သော နာမ်ဓမ္မသာ ဖြစ်တယ်လို့သိလျှင် သက္ကာယဒိဋ္ဌိပြုတ်သည်။ တဏှာကလည်း ငါမဟုတ်။ တဏှာသည် လိုချင်သော သဘောမျှသာဖြစ်သည်။ ဤသို့မြင်လျှင် သဿတဒိဋ္ဌိပြုတ်သည်။
အကြောင်းတရားကြောင့် အကျိုးတရားဖြစ်ပေါ်သည်ဟု အမြင်ရှင်းသဖြင့် ပစ္စယပရိဂ္ဂဟဉာဏ် ပိုင်နိုင်သည်။
အဝိဇ္ဇာ သင်္ခါရတည်းဟူသော အကြောင်းခံကြောင့် နာမ်ရုပ် (ဝါ) ခန္ဓာငါးပါး ဖြစ်ပွား ပေါ်ပေါက်သည်ဟု သိသဖြင့် သိကြား ဗြဟ္မာ ဖန်ဆင်းခြင်းမဟုတ်ဟူ၍ သိသဖြင့် ဣဿရနိမ္မာန ဒိဋ္ဌိ (တန်ခိုးရှင် တစ်ဦးဦးက ဖန်ဆင်းသည်ဟု ယူဆမှု) ၊ အကိရိယ ဒိဋ္ဌိ (အကျိုးတရား တစုံတရာ မရှိဟု ယူဆမှု) ၊ အဟေတုကဒိဋ္ဌိ (အကြောင်းတရား မရှိဟု ယူဆမှု) များကင်းစင်သည်။
· ပဋိစ္စသမုပ္ပါဒ် တရားသဘောသည် အကြောင်းနှင့် အကျိုးများသာ ဖြစ်လိုက် ပျက်လိုက် မပြတ်မစဲ တသဲသဲ တရစပ် ဖြစ်ပျက်နေသဖြင့် ဒုက္ခတရား အစစ်ပင်တည်း။ ဒုက္ခမှတပါး သုခဟူ၍ လုံးဝမရှိ၊ သုခဟူ၍ မြူမှုန်လောက်မျှမရှိဟူ၍ ဉာဏ်သက်ဝင်သည်။
ပဋိစ္စသမုပ္ပါဒ်တွင် မူလနှစ်ဖြာဖြစ်သော အဝိဇ္ဇာနှင့် တဏှာတွင် အဝိဇ္ဇာကို ပုဗ္ဗန္တဘဝစက် ဟူ၍ခေါ်သည်။ တဏှာကို အပရန္တဘဝစက် ဟုခေါ်သည်။
ပုဗ္ဗန္တဘဝစက်ဖြစ်သော အဝိဇ္ဇာသည် အင်္ဂါ(၇)ပါးကို ဖော်ဆောင်သည်။ ယင်းတို့မှာ –
အဝိဇ္ဇာကြောင့် – အဝိဇ္ဇာ ပစ္စယာ သင်္ခါရာ၊ သင်္ခါရ ပစ္စယာ ဝိညာဏံ၊ ဝိညာဏ ပစ္စယာ နာမရူပံ၊ နာမရူပ ပစ္စယာ သဠာယတနံ၊ သဠာယတန ပစ္စယာ ဖသော၊ ဖဿ ပစ္စယာ ဝေဒနာ၊ ဝေဒနာ ပစ္စယာ အဝိဇ္ဇာဟူ၍ ပြန်လှည့်ပါသည်။
တဖန် –
အပရန္တဘဝစက် ဖြစ်သော တဏှာသည် အင်္ဂါ(၅)ပါးကို ဖော်ဆောင်သည်။
တဏှာကြောင့် – တဏှာ ပစ္စယာ ဥပါဒါနံ၊ ဥပဒါန ပစ္စယာ ဘဝေါ၊ ဘဝ ပစ္စယာ ဇာတိ၊ ဇာတိ ပစ္စယာ ဇရာ မရဏံ၊ ဇရာ မရဏ ပစ္စယာ တဏှာ ဟူ၍ အစမှ ပြန်လှည့်ပါသည်။ ဇရာ မရဏ ကနေ တဏှာကို လှည့်ပြီး ကျေးဇူးပြုပါသည်။
အဘယ်ကြောင့် ဇရာ မရဏ ပစ္စယာ တဏှာ ဖြစ်ရပါသလဲဆိုတော့ –
လူသားများသည် ဇရာ မရဏ ဖြစ်လာကြသောအခါ ပြန်လည်နုပျို၍ ကျန်းမာ အသက်ရှည် လိုသော ကာမာသဝ တဏှာ ဖြစ်လာကြပါသည်။ ထို့အတွက်ကြောင့် ဇရာ မရဏ ပစ္စယာ တဏှာ ဟူ၍ ပြန်လှည့်ပါသည်။
အပရန္တဘဝစက်ဖြစ်သော တဏှာသည် ပစ္စုပ္ပန်ဘဝနှင့် အနာဂတ်ဘဝကို ဆက်သွယ်ပေးသည်။ သံသရာ ဘဝတလျှောက်လုံး ဤပုဗ္ဗန္တဝစက်ဖြစ်သော အဝိဇ္ဇာနှင့် အကရန္တဘဝစက် ဖြစ်သော တဏှာဆိုသည့် ဘဝစက် (၂)ပါးကို မဖြတ်တောက်နိုင်ခဲ့သဖြင့် သံသရာ ဝဋ်ဒုက္ခမှ မလွတ်နိုင်ခဲ့ကြပါ။ မဂ် ဖိုလ် နိဗ္ဗာန်နှင့် ဝေးနေခဲ့ရပါသည်။
ယင်း ဘဝစက် (၂)ပါးကို “မူလံ ပညာယ ဆိန္ဒထ” ဟူ၍ ဟောခဲ့သဖြင့် ဝိပဿနာ ပညာ၏ မဂ်ဉာဏ်ဖြင့်သာ ဖြတ်ရပါမည်။ ဝိပဿနာမဂ်ဖြင့် ပွားများမှသာ လောကုတ္တရာမဂ်အစစ်သို့ဆိုက်ကာ ဘဝစက် (၂)ပါးကို ဖြတ်နိုင်မည်။ လောကီ ဝိပဿနာမဂ်ကို ဘာဝေတဗ္ဗကြိမ်ဖန်များစွာပွားနေမှ လောကီမဂ်မှ လောကုတ္တရာမဂ်ကို “ဖျတ်” ဆိုရောက်ရှိပါမည်။
ဝဋ်သုံးဝ
၁။ ကိလေသဝဋ် – အဝိဇ္ဇာ၊ တဏှာ၊ ဥပါဒါန် ဟူ၍ (၃) ပါးရှိသည်။
၂။ ကမ္မဝဋ် – သင်္ခါရနှင့် ကမ္မဘဝ ဟူ၍ (၂) ပါးရှိသည်။
၃။ ဝိပါကဝဋ် – ဝိညာဏ်၊ နာမ်ရုပ်၊ သဠာယတန၊ ဖဿ၊ ဝေဒနာ၊ ဇာတိ၊ ဇရာ မရဏ ဟူ၍ (၈)ပါးရှိသည်။ ဇာတိတွင် ဥပပတ္တိဘဝလည်း ပါဝင်သည်။
ဤတွင် ဝဋ်အားဖြင့် (၁၃)ပါး ဖြစ်နေပြီး အင်္ဂါအားဖြင့် (၁၂)ပါး ဖြစ်နေပါသည်။ ဝဋ်အားဖြင့် ရေဆွက်လျှင် ဘဝက ကမ္မဘဝနှင့် ဥပပတ္တိဘဝ ဟူ၍ နှစ်မျိုးကွဲသွားသဖြင့် ဖြစ်သည်။ ကမ္မဘဝသည် ကမ္မဝဋ်ထဲတွင် ပါဝင်သွားသည်။ ဥပပတ္တိဘဝသည် ဝိပါကဝဋ်တွင် ပါဝင်သွားသည်။ သို့သော် ဘဝနှစ်မျိုးကို ပြန်ပေါင်းလျှင် (ကမ္မဘဝ+ ဥပပတ္တိ) ဖြစ်ပြီး အင်္ဂါ (၁၂)ပါး သာဖြစ်ပါသည်။
တစ်ဖန် –
ကိလေသဝဋ်၊ ကမ္မဝဋ်၊ ဝိပါကဝဋ် (၃)ပါးကို ခွဲခြားပုံမှာ ကိလေသဝဋ် (၃)ပါးနှင့် ကမ္မဝဋ်(၂)ပါးသည် အကြောင်းဝဋ်(၅)ပါး ဖြစ်သည်။ ဝိပါကဝဋ် (၈)ပါးသည် အကျိုးဝဋ်(၈)ပါး ဖြစ်သည်။
နိဗ္ဗာန်ကို လိုချင်ရချင်လျှင် ကိလေသဝဋ် (၃)ပါးမှ လွတ်အောင်ကြိုးစားရမည်။ ကိလေသဝဋ်(၃)ပါးရှိနေပါက ကိလေသဝဋ်သည် အဝိဇ္ဇာ၊ တဏှာ၊ ဥပါဒါန်ဟူသော အပူဓါတ်ဖြစ်သဖြင့် နိဗ္ဗာန်ကို မရနိုင်ပါ။
နိဗ္ဗာန်ကို လိုချင်ရချင်လျှင် ကမ္မဝဋ်(၂)ပါးမှလည်း လွတ်အောင် ကြိုးစားရမည်။ ကမ္မဝဋ်(၂) ပါးမှလည်း လွတ်အောင်ကြိုးစားရမည်။ ကမ္မဝဋ်ဆိုတာ သင်္ခါရနှင့် စေတနာကံ ပါပဲ။ သင်္ခါရနှင့် စေတနာကံရှိနေလျှင် ဘဝတွေကို လှည့်ပြီး အကျိုးပေးဦးမည်။ ထို့ကြောင့် နိဗ္ဗာန်ကို မရောင်နိုင်သေးပါ။ နိဗ္ဗာန်ဆိုတာ ကုသိုလ်ကံငိုလည်းဖြတ်တယ်။ အကုသိုလ်ကံတွေကိုလည်း ဖြတ်တယ်။ ဝဋ်ကိုလည်း ဖြတ်တယ်။
ဝဋ်ကျွတ်လိုလျှင် ခန္ဓါငါးပါး ရုပ်နာမ်တရားကို အနိစ္စ၊ ဒုက္ခ၊ အနတ္တ၏ လက္ခဏာကို မြင်အောင် (ဝါ) ဖြစ်ပျက်ကို မြင်အောင် လုပ်ရပါမည်။ ဖြစ်ပျက်ကို မြင်ပြီးရင် ဖြစ်ပျက်ကို မုန်းအောင်၊ ဆုံးအောင် လုပ်ရပါမည်။ ဝိပဿနာမဂ်နှင့် ရှုမှတ်ပေးရသည်။
လူနတ်ချမ်းသာကို မျှော်ကိုးပြီး ကုသိုလ်ကောင်းမှုပြုခဲ့သော် လူနတ်ချမ်းသာကိုသာ ရပါလိမ့်မည်။ လူနတ်ချမ်းသာရတာသည် ဒုက္ခချမ်းသာ (ဝါ) ဒုက္ခသစ္စာကို ရတာဖြစ်သည်။ လူခန္ဓါလည်း ဒုက္ခသစ္စာ၊ နာမ်ခန္ဓါလည်း ဒုက္ခသစ္စာ ဖြစ်သည်။
သစ္စာကို မသိတာသည် အဝိဇ္ဇာဖြစ်သည်။ လိုချင်ရချင်တာသည် တဏှာဖြစ်သည်။ စွဲလမ်းမှု ဥပါဒါန်နှင့် ကောင်းမှုကုသိုလ် ပြုလုပ်မှုက ကံ ကမ္မဆိုပြီး အကြောင်းဝဋ် (၅)ပါးကို ထူထောင်မိလျှင် အကျိုးဝဋ် (၈)ပါးအဖြစ် ဝိညာဏ်၊ နာမ်ရုပ်၊ သဠာယတန၊ ဖဿ၊ ဝေဒနာ၊ ဇာတိ(ဥပပတ္တိဘဝ)၊ ဇရာ-မရဏ ဟူသော ဝိပါကဝဋ် (၈)ပါးကို ရရှိမည်ဖြစ်သည်။ နိဗ္ဗာန်တော့ မရနိုင်ပါ။
အတိတ်က ကိလေသဝဋ် (၃)ပါး ဖြစ်သော အဝိဇ္ဇာ၊ တဏှာ၊ ဥပါဒါန်ကို အကြောင်းခံပြီး၊ သင်္ခါရနှင့် ကမ္မဘဝ (ကမ္မဝဋ်) ဝဋ် (၂)ပါးကို ကြိုးစားလုပ်ခဲ့ကြသမျှ ယခုအခါ ဝိပါက ဝဋ်(၈)ပါးကို ရရှိထားပါသည်။ ဝိပါကဝဋ် ဆိုသလို အကျိုးပေးက လုံးလည်ပြီး နေသည်။
ကာလ (၃)ဖြာ
လွန်ခဲ့သော အတိတ်ကာလ၊ ယခု ပစ္စုပ္ပန် ဖြစ်ဆဲကာလ၊ နောင်ဖြစ်လတ္တံသော အနာဂတ်ကာလ ဟူ၍ ကာလ သုံးပါးရှိသည်။
အဝိဇ္ဇာနှင့် သင်္ခါရ အင်္ဂါ (၂)ပါးသည် အတိတ်ကာလ ဖြစ်သည်။
ဝိညာဏ်၊ နာမ်ရုပ်၊ သဠာယတန၊ ဖဿ၊ ဝေဒနာ၊ တဏှာ၊ ဥပါဒါန်၊ ကမ္မဘဝသည် ပစ္စုပ္ပန်ကာလ ဖြစ်သည်။
ဇာတိ၊ ဇရာ-မရဏ ဤသုံးပါးသည် အနာဂတ် ကာလဟူ၍ အင်္ဂါ (၁၂)ပါးနှင့် ဆက်နွယ်နေသည်။
အတိတ် အင်္ဂါ (၂)ပါးကို သမုဒယသစ္စာ၊ ပစ္စုပ္ပန် အင်္ဂါ (၅)ပါးကို ဒုက္ခသစ္စာ၊ ပစ္စုပ္ပန်အကြောင်း အင်္ဂါ (၃)ပါးကို သမုဒယသစ္စာ၊ အနာဂတ် အကျိုးအင်္ဂါ (၂)ပါးကို ဒုက္ခသစ္စာဟူ၍ အသီးသီးခေါ်တွင်ပါသည်။
ခြင်းရာ (၂၀)
အတိတ်အကြောင်းအခြင်းအရာ (၅)ပါးသည် အဝိဇ္ဇာ၊ သင်္ခါရ၊ တဏှာ၊ ဥပါဒါန်၊ ဘဝဖြစ်ပြီး သမုဒယသစ္စာဖြစ်သည်။
ပစ္စုပ္ပန်အကျိုးအခြင်းအရာ(၅)ပါးသည် ဝိညာဏ်၊ နာမ်ရုပ်၊ သဠာယတန၊ ဖဿ၊ ဝေဒနာဖြစ်ပြီး ဒုက္ခသစ္စာဖြစ်သည်။
ပစ္စုပ္ပန် အကြောင်းအခြင်းအရာ(၅)ပါးသည် တဏှာ၊ ဥပါဒါန်၊ ဘဝ၊ အဝိဇ္ဇာ၊ သင်္ခါရ ဖြစ်ပြီး သမုဒယသစ္စာ ဖြစ်သည်။
အနာဂတ်အကျိုးအခြင်းအရာ(၅)ပါးသည် ဝိညာဏ်၊ နာမ်ရုပ်၊ သဠာယတန၊ ဖဿ၊ ဝေဒနာဖြစ်ပြီး ဒုက္ခသစ္စာ ဖြစ်သည်။
အကြောင်းက သမုဒယသစ္စာ၊ အကျိုးက ဒုက္ခသစ္စာ ဖြစ်သည်။
အတိတ်အကြောင်းအခြင်းအရာ(၅)ပါးကြောင့် ပစ္စုပ္ပန်အကျိုးအခြင်းအရာ(၅)ပါးကို ရတယ်ဟုသိရင် ယုံမှားခြင်းသံသယ ဝိစိကိစ္ဆာစင်သွားပါသည်။
ပစ္စုပ္ပန် အကျိုးအခြင်းအရာ(၅)ပါးကို ဒုက္ခသစ္စာသာ ဖြစ်သည်ဟုသိလျှင် သက္ကာယဒိဋ္ဌိပြုတ်သည်။ ဤကဲ့သို့ အမှန်တွေကို မသိလျှင် အနာဂတ် အကျိုးအခြင်းအရာ (၅)ပါးကို ပြန်ရဦးမည်။ ဒုက္ခသစ္စာ ရဦးမှာဖြစ်သည်။
ဤခန္ဓါ ပဋိစ္စသမုပ္ပါဒ်ကို မည်ကဲ့သို့ နားလည်ပါက မဂ်ဖိုလ် ရနိုင်ပါသလဲ ဟူ၍ မေးလာလျှင် –
ခန္ဓါ ပဋိစ္စသမုပ္ပါဒ်ကို ပရိညာ (၃)ပါးဖြင့် ပိုင်းခြားနားလည်လျှင် မဂ်ဖိုလ် ရနိုင်ပါတယ်။ ပရိညာဆိုတာက ပိုင်းခြားသိမြင်မှု (၃)မျိုးကို ခေါ်သည်။
၁။ ဉာတပရိညာ – ဆရာက သင်ပေးသော အသိနှင့် ပိုင်းခြားသိမှု။
၂။ တီရဏပရိညာ – ကိုယ်တိုင် ရှုမှတ်၍ ပိုင်းခြားသိမှု။
၃။ ပဟာနပရိညာ – အကျင့်နှင့် ပယ်သတ်ပြီး ပိုင်းခြားသိမှု တို့ဖြစ်သည်။
ပရိညာ (၃)ပါးနှင့် ဒိဋ္ဌိဖြုတ်ပုံမှာ –
မိမိသန္တာန်၌ ခန္ဓါငါးပါး ပေါ်လာလျှင် ငါ၊ ငါ့ဥစ္စာဟူ၍ မစွဲလမ်းပဲ ခန္ဓါ ငါးပါးပေါ်လာတာပါပဲဟု သိသိပေးနေလျှင် ဉာတပရိညာနှင့် သက္ကာယဒိဋ္ဌိပြုတ်ပြီး ပယ်ပြီးဖြစ်သည်။
ဝိပဿနာမဂ်နှင့် ခန္ဓါငါးပါး၏ ဖြစ်မှု ပျက်မှုကို မြင်လျှင် တီရဏပရိညာဖြင့် သဿတဒိဋ္ဌိနှင့် သက္ကာယဒိဋ္ဌိကို ပြုတ်စေပါသည်။
ခန္ဓါငါးပါး ဖြစ်ပျက်နေတာကို မြင်ဖန်များတော့ မုန်းပြီး၊ ငြီးငွေ့လာပြီး၊ ခန္ဓါငါးပါးကြီးကို မလိုချင်ဘူး ဖြစ်လာမည်။ မုန်းရာ မလိုချင်ရာကနေ ဖြစ်ပျက် ဒုက္ခသစ္စာကြီးသည် “ဖျတ်” ဆို ချုပ်ပျောက်သွားသည်ကို မြင်ရင် ဒါသည် ပဟာန ပရိညာ ခေါ်သော အကျင့်နှင့် ပယ်သတ်ပြီး ပိုင်းခြားသိမြင်ကာ ဒိဋ္ဌိကို အပြီးတိုင် ပယ်ပါသည်။ ဒိဋ္ဌိကို အပြီးတိုင် ပယ်သတ်ပြီးဖြစ်လို့ ပထမ မဂ်-ဖိုလ် ကိုရကာ မဟာသောတာပန် ဖြစ်ပါမည်။
ခန္ဓါ၊ အာယတန၊ ဓါတ်၊ သစ္စာ၊ ခန္ဓပဋိစ္စသမုပ္ပါဒ်ကို သုတမယဉာဏ်နှင့် သိပြီး ရုပ်နာမ်ကိုလည်း ခွဲခြားသိမယ်၊ အကြောင်းအကျိုးကို သိမ်းဆည်းသိသော ပစ္စယ ပရိဂ္ဂဉာဏ်ကိုလည်း သိမယ်၊ ဝိပဿနာ လောကီမဂ်နှင့် ဖြစ်-ပျက် ကိုလည်း ကိုယ်တိုင်သိမြင်မည်ဆိုလျှင် စူဠသောတာပန် ဖြစ်ပါမည်။ တစ်ဘဝ၊ နှစ်ဘဝမက အပါယ်လွတ်ပြီး ဒုတိယဘဝတွင် နတ်ရွာ သုဂတိဘုံ၌ မဟာသောတာပန် ဖြစ်ပါမည်။
ကိုးကား။ ။ဦးသန်းတင်
You must be logged in to post a comment.