တေမိယဇာတ်တော်

          ဤမူဂပက္ခဇာတ်တော်ကို မြတ်စွာဘုရား၏ မြတ်သော တောထွက်တော်မူခြင်းကို ရဟန်းတော်များ ချီးမွမ်းတော်မူနေကြရာ မြတ်စွာဘုရားက ” ယခုအခါ ပရမီတော်များ ဖြည့်ပြီးတော်မူသည်ဖြစ်၍ မင်းအဖြစ်ကို စွန့်ကာ တောထွက်တော်မူခြင်းကား အံ့ဩဘွယ်မဟုတ်သေး၊ဉာဏ်တော် မရင့်ကျက်သေးသည်ဖြစ်၍ ပါရမီတော်ဖြည့်နေစဉ် ရှေးအခါကပင် မင်းအဖြစ်ကို စွန့်ကာ မြတ်သော တောထွက်တော်မူခြင်းကို ပြုခဲ့သည်သာ ” ဟု အတိတ်ကို ဆောင်ကာ ဟောတော်မူခဲ့ပေ၏။

         ရှေးအခါက ဗာရာဏသီပြည်ဝယ် ကာသိမင်း အုပ်ချုပ်စဉ် ထိုမင်း၌ မောင်းမပေါင်း တစ်သောင်းခြောက်ထောင် ရှိကုန်၏။သို့သော် မည်သူမျှ သားသမီး မရကြပေ။မြို့သူမြို့သားတို့က မင်း၏ အနွယ်အဆက် သားမရှိဟု နှလုံးမသာမယာ ဖြစ်ကြကာ သားဆုတောင်းရန် မင်းကို လျှောက်ထားကြ၏။တစ်သောင်းခြောက်ထောင်သော မောင်းမတို့ကို သားဆုတောင်းကြဟု စေသော်လည်း မိမိတို့ ကိုးကွယ်သော နတ်တို့ကို ဆည်းကပ်ခြင်းစသည် ပြု၍ ဆုတောင်းကြရာ မည်သူမျှ မရကြပေ။မဒ္ဒရာဇ်မင်း၏ သမီးဖြစ်သော အဂ္ဂမဟေသီ စန္ဒာဒေဝီသည် သီလနှင့် ပြည့်စုံ၏။သင်လည်း သားဆုပန်ပါဟု မင်းက မိန့်လတ်သော် လပြည့်နေ၌ ဥပုသ်စောင့်သုံးကာ မိမိ၏ သီလကို ဆင်ခြင်၍ ” ငါသည် မကျိုးပျက်သော သီလရှျသည် ဖြစ်အံ့၊ငါ၏ ဤမှန်ကန်သော သစ္စာစကားကြောင့် ငါ့အား သားဆု ပြည့်ပါစေသတည်း ” ဟု သစ္စာပြုလေ၏။သားဆုပန်သူများ မှတ်ယူအပ်သော နည်းဖြစ်ပေ၏။

         အဂ္ဂမဟေသီမိဖုရား၏ သီလတန်ခိုးကြောင့် သိကြားမင်း၏ နေရာသည် ပူသော အခြင်းအရာကို ပြလေ၏။သိကြားမင်းသည် ဆင်ခြင်လတ်သော် ထိုအကြောင်းကို သိ၍ သားဆုရစေရန် နည်းလမ်းကို လုပ်ဆောင်အံ့ဟု ထိုမိဖုရားအား လျှောက်ပတ်သော သားကို ဆင်ခြင်လတ်သော် တာဝတိံသာနတ်ပြည်၌ သက်တမ်းစေ့ကာ စုတေ၍ အထက်နတ်ပြည်၌ ဖြစ်လိုသော ဘုရားအလောင်းနတ်သားကို တွေ့မြင်ကာ သွားရောက်၍ ” မိတ်ဆွေ ! သင်သည် လူ့လောက၌ ဖြစ်လတ်သော် ပါရမီတော်တို့သည်လည်း ပြည့်စုံကုန်လိမ့်လတံ့၊လူအပေါင်း၏ ကြီးပွားခြင်းသည်လည်း ဖြစ်လတံ့၊ကာသိမင်း၏ အဂ္ဂမဟေသီမိဖုရား စန္ဒာဒေဝီသည် သားဆုတောင်း၏။ထိုမိဖုရား၏ ဝမ်း၌ ဖြစ်လော့ ” ဟု ဆိုလေ၏။ဘုရားအလောင်းသည်လည်း လက်ခံကာ ပဋိသန္ဓေ နေလေ၏။သူငယ်ချင်းများ ဖြစ်ကြသော နတ်သားငါးရာသည်လည်း သက်တမ်းကုန်၍ စုတေကာ ထိုမင်းအမတ်ဇနီးတို့၏ ဝမ်းတို့၌ ပဋိသန္ဓေ ယူကြလေ၏။မိဖုရားကြီးသည် ကိုယ်ဝန်တည်သည်ကို သိ၍ မင်းအား ပြောကြားလေရာ မင်းက ကိုယ်ဝန်အစောင့်အရှောက်ကို ပေး၏။ရက်လစေ့သော် ဘုန်းကျက်သရေ လဏ္ခဏာနှင့် ပြည့်စုံပေသော သားကို ဖွားမြင်လေ၏။ထိုနေ့၌ပင် အမတ်မင်းတို့၏ အိမ်တို့၌ သားငါးရာ ဖွားမြင်ကြလေ၏။

        ထိုနှစ်ခုလုံးသော သတင်းစကားကို ကြားရသော မင်းသည် ” ငါ့သား၏ အခြံအရံတို့ပေတည်း ” ဟု ထိုကလေးငါးရာတို့အထံသို့ နို့ထိန်းငါးရာတို့ကို စေလွှတ်ကာ မင်းသားအဆင်တန်ဆာတို့ကိုလည်း ပို့စေ၏။ဘုရားအလောင်းတော်အား အရပ်ရှည်လွန်းခြင်းစသော အပြစ်ကင်းကုန်သော သားမြတ်တွဲကျခြင်း မရှိကုန်သော ခြောက်ဆယ့်လေးယောက်သော နို့ထိန်းတို့ကို ပေး၍ ကြီးစွာသော ပူဇော်မှု ပြုကာ စန္ဒာဒေဝီအား လိုရာဆုကို ပေးလေ၏။စန္ဒာဒေဝီသည်လည်း တောင်းဆိုမှုမဖက် လက်ခံသည်ဟူရုံမျှ ပြုကာ ထား၏။ဘုရားအလောင်းအား အမည်မှည့်အံ့သောနေ့ ရောက်လတ်သော် လက္ခဏာဖတ်ပုဏ္ဏားတို့အား မင်းရင်ပြင် သဘင်အခင်း၌ နေစေလျက် များစွာ ကျွေးမွေးချီးမြှောက်ခြင်း ပူဇော်သက္ကာရကို ပြုပြီးလျှင် “ဆရာပုရောဟိတ်တို့ ! ငါ၏ သားတော်၌ လက္ခဏာပါရှိသည်ကို ဆင်ခြင်၍ ထင်မြင်တိုင်းမချွတ် ဥပဒ်အန္တရာယ် မရှင်းမည်, လွတ်ကင်းမည်ကို ဖတ်ကြားလျှောက်ထားကြလော့ ” ဟု ဆိုတော်မူ၏။

        ထိုအခါ လက္ခဏာဖတ် ပုရောဟိတ်တို့သည် မင်းသား၏ လက္ခဏာအလုံးစုံကို ကြည့်ရှုဆင်ခြင်၍ ဘုန်းတန်းရှင်လက္ခဏာ ပြည့်စုံကြောင်း အခြင်းအရာကို မြင်လျှင် “ အရှင်မင်းကြီး၏ သားတော်ကား ပုဏ္ဏားပုရောဟိတ် နိမိတ်ဖတ်လက္ခဏာတတ်တို့ အတပ်ထင်ထင် မြင်ရတွေ့ရခဲသော ဘုန်းတန်းရှင် လက္ခဏာနှင့် ပြည့်စုံ၏။တစ်စုံတစ်ခုသော အန္တရာယ် အနှောင့်အယှက်လည်း မထင်။စကြာမင်းပင်သော်လည်း ဖြစ်ထိုက်၏ ” ဟု နိမိတ်ဖတ်ကြလေ၏။ပုရောဟိတ်တို့၏ စကားကို ကာသိကရာဇ်မင်းကြီး ကြားတော်မူလျှင် လွန်စွာ ဝမ်းမြောက်နှစ်သက်ခြင်းရှိသည်ဖြစ်၍ ပုရောဟိတ်တို့အား လာဘ်ပူဇော်သက္ကာရ စသည်ဖြင့် ပြုရာသည်များကို ပြုစုချီးမြှောက်ပြီးလျှင် “ အချင်းတို့ ! ငါ့သားတော်အား ငါပင် အမည်ပေးတော်မူမည်။ငါ့သားဖွားမြင်စအခါ မင်္ဂလာနေ့၌ အရွေ့ညီညာ သတ္တဝါအပေါင်း ချမ်းသာကြောင်းနိမိတ်၏:အဖြစ်ဖြင့် ကာသိကရာဇ်တစ်တိုင်းလုံး၌ မိုးရွာ၏။ငါကိုယ်တော်မှ စ၍ မှူးတော်မတ်တော်တို့ နှလုံးလည်း ရွှင်ပြုံးချမ်းမြ အေးလှသော ပီတိရည်ဖြင့် ဖျန်းဆွတ်၏။ထိုသို့ စွတ်စိုခြင်း စုံညီစွာ အခါကောင်းခိုက် ဖွားမြင်သောကြောင့် တစ်ပါးမင်းသားများမှာကဲ့သို့ အဘိုးအမည်စသည် ဖွဲ့ချည်ရန်မရှိ။ “တေမိယကုမာရ” ဟူသော အမည်သာ တွင်စေဟု ဘုရားလောင်းအား အမည်မှည့်လေ၏။တေမိယ=ရွှင်လန်းခြင်းဖြင့် စွတ်စိုစေသူ။

        ဖွားမြင်ပြီး၍ တစ်လပြည့်သော် ဘုရားအလောင်းတော်ကို တန်ဆာဆင်၍ မင်းထံသို့ ဆောင်ကြလေ၏။ထိုခဏ၌ ခိုးသူ လေးယောက်ကို ခေါ်ဆောင်လာကြရာ တစ်ယောက်အား ဆူးရှိသော ကြိမ်တို့ဖြင့် ကြိမ်ဒဏ်တစ်ထောင် ချလေ၏။တစ်ယောက်အား သံခြေကျင်းဖြင့် နှောင်ဖွဲ့ကာ အချုပ်ခန်းသို့ သွင်းစေ၏။တစ်ယောက်အား ကိုယ်၌ လှံဖြင့် ထိုးစေ၏။တစ်ယောက်အား တံကျင်လျှိုစေ၏။ဘုရားအလောင်းတော်သည် ဖခင်၏ အသံကို ကြားကာ သံဝေဂရ၍ ” ငါ၏ ခမည်းတော်သည် မင်းအဖြစ်ကို အမှီပြု၍ ကြီးလေးသော ငရဲသို့ ရောက်စေသော ကံကို ပြုပေ၏ ” ဟု ကြံလေ၏။

         နောက်တစ်နေ့၌ ဘုရားအလောင်းတော်ကို ထီးဖြူအောက် တန်ဆာဆင်အပ်သော အသရေအိပ်ယာ၌ အိပ်စေကြ၏။ဘုရားအလောင်းတော် တေမိယမင်းသားသည် အနည်းငယ် အိပ်ပျော်ကာ နိုးလတ်၍ ထီးဖြူကို ကြည့်ကာ ကြီးစွာသော အသရေကို တွေ့မြင်ကာ ပင်ကိုယ်အားဖြင့် သံဝေဂရသူဖြစ်သောကြောင့် ပို၍ ထိတ်လန့်မှု ဖြစ်လေ၏။ဤနေရာသို့ အဘယ်မှ လာခဲ့သနည်းဟု ဆင်ခြင်လတ်သော် ဇာတိဿရဉာဏ်ဖြင့် နတ်ပြည်မှ လာခဲ့သည်က်ု သိကာ ဆက်လက်၍ ဆင်ခြင်လတ်သော် ဥဿဒငရဲ၌ ခံခဲ့ရသည်ကို မြင်လေ၏။ဆက်လက်၍ ဆင်ခြင်ပြန်သော် ထိုမြို့၌ပင် မင်းအဖြစ်ကို မြင်လေ၏။ထို့နောက် ” ငါသည် အနှစ်နှစ်ဆယ် မင်းပြု၍ အနှစ်ရှစ်သောင်း ဥဿဒငရဲ၌ ကျက်ခဲ့ရ၏။ယခုလည်း တစ်ဖန် ဤသူခိုးအိမ်၌ပင် ဖြစ်ပြန်၏။ဖခမည်းတော်သည်လည်း မနေ့က ငရဲ၌ ဖြစ်စေနိုင်သော စကားကို ဆိုပေ၏။အဆုံးအစမထင် ပြန့်ပြောလှစွာ အကျိုးမဲ့ကို ဆောင်သော မင်းအဖြစ်ဖြင့် ငါ အလိုမရှိ၊အဘယ်သို့လျင် ဤသူခိုးအိမ်မှ လွတ်နိုင်ပါအံ့နည်း ” ဟု ကြံကာ အိပ်လေ၏။ထိုအခါ တစ်ခုသော ဘဝက မိခင်ဖြစ်ဖူးသော ထီးချက်စောင့် နတ်သမီးတစ်ယောက်သည် ” ချစ်သား ! အကယ်၍ ပြည်စည်းစိမ်မှ လွတ်မြောက်လိုလျှင် ကိုယ်ကို အစွမ်းမပြ အနွမ်းအလျခံလျက် မဆွံ့သော်လည်း ဆွံ့သောအလား, နား မထိုင်းသော်လည်း ထိုင်းရုပ်, နှုတ် မအသော်လည်း အ သောအသွင်၊ ဤ အင်္ဂါ ၃-ရပ်ကို အဓိဋ္ဌာန်၍ ဆောက်တည်ပါက ချမ်းသာလိမ့်မည် ” ဟု အကြံပေးကာ သက်သာရာ ရစေ၏။

        ဖွားဖက်တော် ငါးရာကို ဘုရားအလောင်း၏ အနီး၌ပင် ထားရာ နို့စို့ရန်အတွက် ငိုကြွေးကြသော်လည်း ဘုရားအလောင်းကား ငရဲဘေးမှ ကြောက်လန့်သည်ဖြစ်၍ ” မင်းအဖြစ်ထက် ခြောက်ကပ်ကာ သေခြင်းက ပို၍ မြတ်သေး၏ ” ဟု မငိုကြွေးဘဲ နေလေ၏။နို့ထိန်းတို့က ထိုအကြောင်းကို မိခင်ဖြစ်သူ စန္ဒာဒေဝီအား ပြောကြားကြရာ စန္ဒာဒေဝီကလည်း မင်းအား ပြောကြားလေ၏။မင်းသည် နိမိတ်ဖတ်ပုဏ္ဏားတို့ကို ခေါ်၍ မေးရာ ပုဏ္ဏားတို့က အချိန်လွန်မှ နို့တိုက်ပါက ငိုကြွေးကာ နို့ကို မြဲမြံစွာ ကိုင်၍ ကိုယ်တိုင်ပင် စို့ပါလိမ့်မည်ဟု ပြောကြလေ၏။ထိုအခါမှ စ၍ အချိန်လွန်မှ နို့တိုက်ကြ၏။တစ်ခါတစ်ရံ တစ်နေ့လုံးပင် နို့မတိုက်ဘဲ ထားကြလေ၏။ဆာလောင်သော်လည်း ငရဲဘေးကြောင့် နို့စို့ရန်အတွက် အသံမပြု။မိခင်သည် ” ငါ့သား ဆာနေပြီ ” ဟု ကိုယ်တိုင် နို့တိုက်၏။အကြား အကြား နို့မတိုက်ဘဲ ထားကာ တစ်နှစ်တာ စုံစမ်းသော်လည်း ထူးခြားမှုကို မတွေ့ရပေ။ရည်မှန်းချက်တစ်ခု အဓိဋ္ဌာန်မှု တစ်ခုအတွက် နေ့စဉ် နှိပ်စက်သမျှ ခန္ဓာဒုက္ခကို အရွယ်နှင့်မမျှအောင် ခံစားရသော်လည်း သည်းခံတော်မူသည်သာ။

   ထို့နောက် အမတ်တို့သည် ” တစ်နှစ်သားအရွယ် ကလေးငယ်တို့မည်သည် မုန့်ကို နှစ်သက်ကြ၏။ထိုမင်းသားကို မုန့်နှင့် စုံစမ်းကြကုန်အံ့ ” ဟု မင်းအား လျှောက်ထားကြလေ၏။ဖွားဖက်တော်ငါးရာကို ဘုရားအလောင်း၏ အနီး၌ ထိုင်စေကာ အမျိုးမျိုးသော မုန့်တို့ကို ဆောင်ယူ၍ ဘုရားအလောင်းနှင့် မနီးမဝေး ကွယ်ရာ၌ ” ကြိုက်တဲ့ မုန့်တို့ကို ယူကြ ” ဟု ပေးကြရာ အချင်းချင်း ငြင်းခုံ ပုတ်ခတ်ကြကာ ယူစားကြလေ၏။ဘုရားအလောင်းကား ” အမောင်တေမိယ ! ငရဲဘေးကို အလိုရှိသော် မုန့်ကို အလိုရှိလော့ ” ဟု မိမိကိုယ်ကို ဆုံးမကာ မုန့်ကို မကြည့်ပေ။ခွံ့ကျွေးမှသာလျင် သုံးဆောင်လေ၏။ဤသို့ မုန့်ခဲဘွယ်ဖြင့် တစ်နှစ်တိုင်တိုင် အကြား အကြား၌ စုံစမ်းသော်လည်း ထူးခြားမှုကို မတွေ့ကြရပေ။

        ထို့နောက် နှစ်နှစ်သားအရွယ် ကလေးငယ်တို့မည်သည် သစ်သီးကြီးငယ်ကို နှစ်သက်ကြကုန်၏။သစ်သီးကြီးငယ်ဖြင့် စုံစမ်းကြကုန်အံ့ ” ဟု ဘုရားအလောင်း၏ အနီး၌ ထားကာ စုံစမ်းကြပြန်၏။တစ်နှစ်ပတ်လုံး စုံစမ်းကြသော်လည်း ထူးခြားမှုကို မတွေ့ရပေ။သုံးနှစ်သားအရွယ် ကလေးငယ်တို့သည် ကစားစရာ ဘဏ္ဍာကို နှစ်သက်ကြကုန်၏ဟု ရွှေဖြင့်ပြီးသော အမျိုးမျိုးသော ဆင်ရုပ် မြင်းရုပ်စသည်တို့ကို ပြုစေကာ ဘုရားအလောင်း၏ အနီး၌ ထား၍ တစ်နှစ်ပတ်လုံး စုံစမ်းကြသော်လည်း ထို့အတူ ထူးခြားမှုကို မတွေ့ကြရပေ။လေးနှစ်သားအရွယ် သူငယ်မည်သည်ကား စားဖွယ်ခဲဖွယ်ကို ခင်မင်တတ်၏။စားဖွယ်ခဲဖွယ် အထူးထူးစီရင်၍ အလိုစမ်းသော် ကောင်း၏ဟု မင်းအမတ်တို့ အညီအညွတ် တိုင်ပင်ကြပြီးလျှင် အထူးအမြတ် ကောင်းမွန်မြန်နိုးရာ စီရင်အပ်ပြီးသော ထမင်းဟင်းလျာ ဘောဇဉ်တို့ကို ရှေးနည်းအတူ မင်းသားအထံ၌ ကပ်ကြကုန်၏။ဖွားဖက်တော်ငါးရာတို့သည် မြိန်ရှက်ဖွယ်ရာ ဘောဇဉ်တို့ကို မြင်လျှင် ခင်မင်စုံမက် နှစ်သက်ရွှင်လန်းစွာ ကိုင်ဆုပ်၍ အလုပ်အလွေးပြု မြိန်ရေရှက်ရေ စားကြကုန်၏။ဘုရားအလောင်းတော်သည်ကား ” အမောင်တေမိယ ! သင်၏ ဘောဇဉ်ကို မရခဲ့သော အတ္တဘောတို့ကား မရေမတွက်နိုင် ” ဟု မိမိကိုယ်ကို ငရဲဘေးဖြင့် ခြိမ်းခြောက်ကာ ဘောဇဉ်တို့ကို မကြည့်ပေ။မိခင်သည် ကိုယ်တိုင် နှလုံးကွဲသကဲ့သို့ သည်းမခံနိုင်သည်ဖြစ်၍ မိမိလက်ဖြင့် ကျွေးလေ၏။ဤသို့ တစ်နှစ်ပတ်လုံး အခွင့်သင့်ရာအခါ၌ စုံစမ်းသော်လည်း ထူးခြားမှုကို မတွေ့ရပေ။

         ထို့နောက် ငါးနှစ်သားအရွယ် သူငယ်တို့သည် မီးကို ကြောက်ကြ၏။မီးဖြင့် စုံစမ်းကြကုန်အံ့ဟု မင်းရင်ပြင်၌ တံခါးပေါက်များစွာ ရှိသော အိမ်ကြီးကို ပြုစေကာ ထန်းရွက်တို့ဖြင့် ကာ၍ ဖွားဖက်တော်တို့၏ အလယ်၌ ထိုင်စေကာ မီးရှိုု့ကြလေ၏။အခြားကလေးတို့သည် မီးကို မြင်ကာ အော်ဟစ်၍ ထွက်ပြေးကြလေ၏။ဘုရားအလောင်းတော်သည်ကား ” ငရဲအပူထက် ဤမီးအပူသည် အဆ တစ်ရာ တစ်ထောင် တစ်သိန်းအားဖြင့် သာ၍ မြတ်သေး၏ ” ဟု နိရောဓသမာပတ်ဝင်စားသော မဟာထေရ်ကဲ့သို့ မလှုပ်မယှက်သာ နေလေ၏။မီးသည် အနီးသို့ ရောက်လတ်သော် ဘုရားအလောင်းကို ယူ၍ မီးကို ဖယ်ရှားကြလေ၏။ဤသို့ မီးဖြင့် တစ်နှစ်ပတ်လုံး အကြား အကြား၌ စုံစမ်းကြသော်လည်း ထူးခြားမှုကို မတွေ့ကြရပေ။

         ထို့နောက် ခြောက်နှစ်သားအရွယ် သူငယ်တို့သည် အမုန်ယစ်သော ဆင်မှ ကြောက်ကြကုန်၏။အမုန်ယစ်သော ဆင်ဖြင့် စုံစမ်းကြကုန်အံ့ဟု ဆင်တစ်ကောင်ကို ကောင်းစွာ သင်ကြားစေ၍ မင်းရင်ပြင်ဝယ် ဖွာဖက်တော်တို့၏ အလယ်၌ ဘုရားအလောင်းကို ထိုင်စေကာ ထိုဆင်ကို လွှတ်ကြလေ၏။ထိုဆင်သည် ကြိုးကြာသံကဲ့သို့သော အသံကို ဟိန်းဟောက်ကာ နှာမောင်းဖြင့် မြေ၌ ပုတ်ခတ်လျက် ကြောက်မက်ဖွယ်အသွင်ကို ပြကာ လာ၏။အခြားသော ကလေးတို့သည် သေဘေးမှ ကြောက်လန့်ကာ ခြေဦးတည့်ရာ ပြေးကြလေ၏။ဘုရားအလောင်းတော်ကား အမုန်ယစ်သော ဆင်လာသည်ကို တွေ့မြင်ကာ ” ကြမ်းတမ်းသော ငရဲ၌ ကျက်ရခြင်းထက် ကြမ်းတမ်းသော ဆင်၏ လက်၌ သေရခြင်းက မြတ်သေး၏ ” ဟု မိမိကိုယ်ကို ငရဲဘေးဖြင့် ခြိမ်းခြောက်ကာ ထိုအရပ်၌ပင် ထိုင်နေလေ၏။ကောင်းစွာ သင်ကြားထားသော ဆင်သည် ဘုရားအလောင်းကို ပန်းစည်းကဲ့သို့ မြှောက်ချီကာ ဟိုဟိုသည်သည် လွှဲ၍ မပင်ပန်းစေဘဲသာလျင် သွားလေ၏။ဤသို့ ဆင်ဖြင့်လည်း တစ်နှစ်ပတ်လုံး အကြားအကြား၌ စုံစမ်းသော်လည်း ထူးခြားမှုကို မတွေ့ကြရပေ။

         တစ်ဖန် ခုနှစ်နှစ်သားအရွယ် သူငယ်တို့သည် မြွေကို ကြောက်ကြ၏။မြွေဖြင့် စုံစမ်းကြအံ့ဟု ဘုရားအလောင်းကို  အခြားကလေးတို့နှင့်အတူ မင်းရင်ပြင်၌ ထိုင်စေကာ အစွယ်နှုတ်ထားသော ပါးစပ်ကို နှောင်ဖွဲ့ထားအပ်ကုန်သော မြွေတို့ကို လွှတ်ကြကုန်၏။အခြားသော ကလေးတို့သည် မြွေကို မြင်ကာ အော်ဟစ်၍ ပြေးကြ၏။ဘုရားအလောင်းသည်ကား ငရဲဘေးကို ဆင်ခြင်၍ ” ကြမ်းတမ်းသော မြွေ၏ ခံတွင်း၌ ပျက်စီးရခြင်းက သာ၍ မြတ်သေး၏ ” ဟု နိရောဓသမာပတ်ဝင်စားသော မဟာထေရ်ကဲ့သို့ မလှုပ်မယှက်သာ နေလေ၏။မြွေသည် တစ်ကိုယ်လုံးကို ရစ်ပတ်၍ ဦးထိပ်၌ ပါးပျဉ်းကို ပြုကာ နေ၏။ဤသို့ မြွေဖြင့် တစ်နှစ်ပတ်လုံး အကြားအကြား၌ စုံစမ်းကြသော်လည်း ထူးခြားမှုကို မတွေ့ကြရပေ။

          တစ်ဖန် ရှစ်နှစ်သားအရွယ် သူငယ်တို့သည် ကခုန်မှု ပွဲသဘင်ကို နှစ်သက်ကြ၏။ကခုန်မှုဖြင့် စုံစမ်းကြကုန်အံ့ဟု ဖွားဖက်တော် ငါးရာနှင့်အတူ မင်းရင်ပြင်၌ ထိုင်စေကာ ကပွဲသဘင်ကို ပြုစေကြ၏။အခြားသော သူငယ်တို့သည် ကောင်းပေစွ ကောင်းပေစွဟု ပြောဆိုကြကာ ပြင်းစွာ ရယ်ကြလေ၏။ဘုရားအလောင်းတော်သည်ကား ” ငရဲ၌ ဖြစ်ရာအခါ၌ သင်၏ တစ်ခဏမျှ ရယ်ရွှင်ခြင်း ဝမ်းမြောက်ခြင်းသည် မရှိခဲ့ ” ဟု ငရဲဘေးကို ဆင်ခြင်ကာ မကြည့်မူ၍ မလှုပ်မယှက်သာ နေလေ၏။ကိုးနှစ်သားအရွယ် ရောက်သောအခါ သန်လျက်မှ ကြောက်ကြကုန်၏ဟု ဖွားဖက်တော် ငါးရာနှင့်အတူ မင်းရင်ပြင်၌ ထိုင်စေကာ ကလေးတို့ ကစားရာအခါ၌ ယောက်ျားတစ်ယောက်သည် ဖလ်ရောင်အဆင်းရှိသော သန်လျက်ကို ယူကာ ကြုံးဝါး ကြွေးကြော် ချာချာလည် လှည့်ပတ် ခုန်လွှား ကျယ်လောင်သော အသံ ကြောက်ရွံ့ ထိတ်လန့်ဖွယ်အသွင်အပြင်ဖြင့် “ ဟယ် အချင်းတို့ ! ကာသိကရာဇ်မင်းကြီးတွင် သူယုတ်မာ ဆွံ့အ နားပင်း သားတစ်ယောက် ရှိသည်ဟု ဆို၏။အဘယ်မှာနည်း။ထိုသူငယ်ယုတ်၏ ဦးခေါင်းကို ယခုပင် ဖြတ်မည် ” ဟု ကြိမ်းမောင်းလျက် သူငယ်အပေါင်း ကစားရာသို့ ရှေးရှုလျင်စွာ လိုက်လေ၏။ထိုယောက်ျားကို မြင်လျှင် ဖွားဖက်တော် သူငယ်ငါးရာတို့သည် ကြောက်လန့်ကာ မြည်တမ်းငိုကြွေးလျက် ပြေးပုန်းကြကုန်၏။ဘုရားအလောင်း တေမိယမင်းသားမှာမူကား “ ဤသန်လျက်ဘေးသည် ငရဲဘေးထက် မကြီးနိုင်ရာပြီ ” ဟု ဆင်ခြင်တော်မူလျက် မသိယောင်ကဲ့သို့ ပြကတေ့အတိုင်း နေတော်မူ၏။သန်လျက်စွဲသော ယောက်ျားသည် ဘုရားအလောင်းကို သန်လျက်ဖြင့်ရွယ်လျက် “ အချင်း သူယုတ်မာ ! သင့်ဦးခေါင်းကို ယခု ဖြတ်မည် ” ဟု မောင်းမဲခြိမ်းခြောက်သော်လည်း ကြောက်လန့်တုန်လှုပ်စေခြင်းငှာ မစွမ်းနိုင်သည်ဖြစ်၍ ဖဲခွာသွားလေ၏။

         ဆယ်နှစ်သားအရွယ် ရောက်သောအခါ နားထိုင်းသောအဖြစ်ကို စုံစမ်းခြင်းငှာ အသရေအိပ်ယာ၌ နေစေ၍ တင်းတိမ်ကန့်လန့်ကာဖြင့် ကာရံစေ၍ အရပ်လေးမျက်နှာတို့၌ အပေါက်တို့ကို ပြုကာ ဘုရားအလောင်းအား မပြဘဲ အိပ်ယာအောက်၌ ခရုသင်းမှုတ်သူတို့ကို နေစေကာ တစ်ပြိုင်တည်း ခရုသင်းတို့ကို မှုတ်စေကြလေ၏။ပဲ့တင်ထပ်ကာ ကျယ်လောင်သော အသံ ဖြစ်ပေါ်လာရာ နံပါးလေးဘက်တို့မှ အမတ်တို့က အပေါက်တို့မှ ချောင်းမြောင်းကြည့်ကြလေ၏။တစ်နှစ်ပတ်လုံး အကြားအကြား၌ ဤသို့ စမ်းသပ်သော်လည်း တစ်နေ့မျှ ဘုရားအလောင်း၏ သတိမေ့လျော့မှုကိုလည်းကောင်း လက်ခြေဖောက်ပြန်ခြင်းကိုလည်းကောင်း တုန်လှုပ်မှုမျှကိုလည်းကောင်း မတွေ့ကြရပေ။သောတာပန်ထက်ပင် သမာဓိကောင်း သတိကောင်းသည့် သဘောဟု ဆိုရပေမည်။သောတာပန်သည် ဒေါသကို မပယ်ရသေးသောကြောင့် ဤသို့သော စမ်းသပ်မှုမျိုးကို မတုန်မလှုပ် သည်းခံနိုင်ရန်မှာ မလွယ်ကူပေ။

           ငရဲဘေးကို ဆင်ခြင်ကာ ကြောက်လန့်မှုကြောင့်ဟု ဆိုသော်ငြား ပါရမီဖြည့်ရာ ဘဝတွေပင်မို့ သဗ္ဗညုတဉာဏ်တော်ကြီးအတွက် မဟာကရုဏာနှင့် ယှဉ်ကာ ကြိုးစားအားထုတ် သည်းခံတော်မူခဲ့ရသည့် ခန္ဓာဒုက္ခတွေပင် ဖြစ်၏။ဘုရားဖြစ်ရန် လမ်းကြောင်းမှန်ကား ဤသို့ဤနှယ် ဆူးခင်းသောလမ်း မီးကျီးလမ်းကို ဖြတ်သန်းရခြင်းပင် ဖြစ်၏။ဘုရားအလောင်းတော်၏ သတ္တဝါအနန္တ ဝဋ်ဒုက္ခတို့ ချုပ်ငြိမ်းစေလို မဟာကရုဏာတော် အာရုံပြုကာ မြတ်စွာဘုရားအား ကုသိုလ်ဓမ္မ အဝဝဖြင့် ပူဇော်သင့်လှပေစွတကား။

တစ်ဆယ့်တစ်နှစ်သားအရွယ်၌ စည်သံဖြင့် စုံစမ်းကြ၏။တစ်ဆယ့်နှစ်နှစ်သားအရွယ်၌ ဆီမီးဖြင့် စုံစမ်းကြ၏။ညအခါ အမိုက်မှောင်၌ လက် ခြေကို လှုပ်စေသလော၊မလှုပ်စေသလောဟု အိုးတို့၌ ဆီမီးတို့ကို ညှိထွန်းကာ ကြွင်းသော ဆီမီးတို့ကို ငြိမ်းစေ၍ အနည်းငယ် အမိုက်မှောင်၌ အိပ်စေပြီးလျင် အိုးတို့၌ ဆီမီးအရောင်ကို အပြင်သို့ မထွက်စေဘဲ ဖုံးအုပ်ကာ ဘုရားအလောင်းအနားသို့ လာပြီးလျင် တစ်ပြိုင်နက် ဖွင့်၍ အလင်းရောင်ပြုကာ ဣရိယာပုထ်အနေအထား ပြောင်းလဲမှု ရှိ မရှိ စုံစမ်းကြလေ၏။ဘုရားအလောင်းတော်ကား ထားသည့်အတိုင်း မလှုပ်မယှက်သာ ရှိနေပေ၏။လှုပ်ရှားမှု မရှိဘဲ ငြိမ်သက်စွာ နေနိုင်ရန်မှာ အလွန်ပင် ခဲယဉ်းသည့် အမှု ဖြစ်ပေ၏။သို့သော် မည်သို့ပင် စုံစမ်းသော်လည်း ထူးခြားမှုကို မတွေ့ကြရပေ။သိတတ်သည့်အရွယ်သို့ ရောက်နေပြီဖြစ်၍ လျှို့ဝှက်ချက်တို့ဖြင့် စုံစမ်းကြခြင်း ဖြစ်၏။

          တစ်ဆယ့်သုံးနှစ်သားအရွယ်၌ တင်လဲရည်ဖြင့် စုံစမ်းကြကုန်အံ့ဟု တစ်ကိုယ်လုံးကို တင်လဲရည်ဖြင့် လိမ်းကျံ၍ ယင်ကောင် များစွာရှိသော နေရာ၌ တစ်နေ့ပတ်လုံးထားလျက် အလိုစမ်းကြကုန်၏။ထိုအခါ ယင်ရဲတို့သည် ဘုရားအလောင်း၏ ကိုယ်အလုံးကို ဝိုင်းအုံပျံနားလျက် အပ်ဖျားဖြင့် တစ်ကိုယ်လုံးကို ထိုးဆွဘိသကဲ့သို့ ထိုတင်လဲနံ့မှလျှောက်၍ အသွေးအသားကို ဆိတ်,ပေါက်သောက်ယူ ကိုက်ခဲကြကုန်၏။အနာဂါမ်ရဟန္တာ သမာပတ်ရှင်တို့မှတစ်ပါး သာမညသူဖြစ်လျှင် ခြင်တစ်ကောင်အကိုက်ကိုမျှ သည်းခံနိုင်ခဲသော ကြီးစွာသော ဆင်းရဲကို ဘုရားအလောင်းသည် ဗျာပါဒ ဒေါသ မကင်းသေးသော ပုထုဇဉ်ဖြစ်ပါလျက် အဓိဋ္ဌာန်တော် မပျက်စေကြောင်း ကောင်းစွာ ငရဲဘေးဖြင့် ခြိမ်းခြောက်၍ “ အမောင်တေမိယ ! ဥဿဒငရဲ၌ လှံ, သန်လျက်, ချွန်းတောင်း လက်နက်မျိုးတို့ဖြင့် ငရဲထိန်းတို့ ထိုးဆွရိုက်သတ်ခြင်း ငရဲခွေး, ငရဲငှက်တို့ ထိုးပေါက်ကိုက်ခဲခြင်း ဆင်းရဲနှင့် ထောက်စာသော် ဤယင်ရဲတို့ ကိုက်ခဲခြင်းဆင်းရဲသည်ကား အဆအသိန်းအသန်းမက သင်၌ မြတ်တုံသေး၏။ကောင်းစွာသည်းခံလော့ ” ဟု မိမိကိုယ်ကို ဆုံးမတော်မူလျက် နိရောဓသမာပတ် ဝင်စားသော မဟာထေရ်ကဲ့သို့ မလှုပ်မယှက် ငြိမ်သက်တည်ကြည်စွာ နေတော်မူ၏။ဤသို့ တင်လဲဖြင့် လူး၍ ၁-နှစ်ပတ်လုံး ရံဖန်ရံခါ အလိုစမ်းကြသော်လည်း ထူးခြားမှုကို မတွေ့ကြရပေ။

        တစ်ဆယ့်လေးနှစ်သားအရွယ်သို့ ရောက်သောအခါ ယခုအခါ ကြီးရင့်သူ ဖြစ်လာပြီဖြစ်၍ စင်ကြယ်ခြင်းကို လိုလားကာ မစင်မကြယ် ရွံစဖွယ်ကို စက်ဆုပ်တတ်သောကြောင့် မစင်ကြယ်မှုဖြင့် စုံစမ်းကြကုန်အံ့ဟု ထိုအခါမှ စ၍ ရေချိုးမပေးကြကုန်၊သန့်သက်အိမ်သို့ ဆောင်၍ ကိုယ်လက်သုတ်သင်ခြင်း ကျင်ကြီးကျင်ငယ် စွန့်စေခြင်း ဝတ်ကိုလည်း ပြုလုပ်မပေးကြကုန်၊အိပ်ယာ၌ပင် ကျင်ကြီးကျင်ငယ်စွန့်၍ ကျင်ကြီးကျင်ငယ်တို့ဖြင့် ရောပြွမ်းစွာသာ နေရလေ၏။ဆိုးရွားလှစွာသော အနံ့အသက်ကြောင့် အူ အသည်းတို့ ထွက်မည်ကဲ့သို့ပင် ဖြစ်လေ၏။အနံ့ဆိုးကြောင့် ယင်ကောင်တို့သည် ထိုးနှက် ခဲစားကြလေ၏။ဘုရားအလောင်းတော်သည် မလှုပ်မယှက်သာလျင် နေတော်မူ၏။ဘုရားအလောင်းအား ဝန်းရံ၍ တည်ကြသော နို့ထိန်းတို့သည် ” ချစ်သား တေမိယမင်းသား ! သင်သည် အသက်အရွယ် ကြီးပြီ၊အဘယ်သူသည် သင့်ကို အမြဲ ပြုစုနိုင်ပါအံ့နည်း၊သင်သည် အဘယ့်ကြောင့် မရှက်ဘိသနည်း၊အဘယ့်ကြောင့် လျောင်းနေဘိသနည်း၊ထ၍ သင့်ကိုယ်ကို သုတ်သင်ပါလော့ ” ဟု ဆဲရေး ကြိမ်းမောင်းကြလေ၏။ဘုရားအလောင်းတော်သည် စက်ဆုပ်ဖွယ်ရာ ကျင်ကြီးကျင်ငယ်အစု၌ နစ်မြုပ်နေရပါသော်လည်း ယူဇနာတစ်ရာအထက်၌ တည်သူတို့ပင် အသည်းနှလုံးတို့ ပြုတ်ထွက်စေနိုင်သော ဘင်ပုတ်ငရဲ၏ အနံ့ဆိုးကို ဆင်ခြင်ကာ မလှုပ်မယှက်သာ နေပေ၏။တစ်နှစ်ပတ်လုံး အကြားအကြား၌ ဤသို့ စုံစမ်းသော်လည်း ထူးခြားမှုကို မတွေ့ကြရပေ။

         တစ်ဆယ့်ငါးနှစ် အရွယ်ဖြစ်လတ်သော် အမတ်တို့သည် “ဤမင်းသားကဲ့သို့ မကြားစဘူး အထူးထူးအပြားပြား များစွာ ဤမျှလောက် အလိုစမ်းလျှင် နားကန်း, အ,သည်ပင်ဖြစ်စေ၊ အဘယ်သူ မလှုပ်မရှား နေနိုင်ပါအံ့နည်း။အသည်းနှလုံးထဲ အစွဲတစ်ခုခုနှင့် ယခုအရွယ်တိုင်အောင် ဆွံ့အ,နားပင်းယောင်ဆောင်၍ မလှုပ်မယှက်နေသော အချက်ကို မသိရ။ပြင်းပြစွာအပူတိုက်၍ ထိခိုက်နာကျင်အောင် ပြုရလျှင် အမှုကို သည်းခံနိုင်မည်မဟုတ်၊တုန်လှုပ်ဖွယ်ရာ ရှိ၏။မီးလင်းဖိုဖြင့် ယခု စမ်းကြရသော် ကောင်း၏ ” ဟု တိုင်ပင်ညီညွတ်ကြပြီးလျှင် အထိန်းတော်တို့သည် ဘုရားအလောင်းမင်းသားကို သုတ်သင်ဆေးကြောလျက် ညောင်စောင်းသလွန်ပေါ်ထက် ထား၍ မင်းသား၏ ကိုယ်ကို အခိုးအလျှံ အရှိန်ခိုက်အောင် သလွန်အောက်၌ မီးလင်းဖိုကို ထား၍ အလိုစမ်းကြကုန်၏။ထိုအခါ ကျပ်တင်သကဲ့သို့ မီးကျီးခဲ အရှိန်အငွေ့ တခြောင်းခြောင်းထိခိုက်၍ ဘုရားလောင်း၏ ကိုယ်အလုံး မီးလောင်ဖုများ ပေါက်လျက် အလွန်ပူခြင်း, နာကျင်ခြင်းသို့ ရောက်တော်မူ၏။

        ထိုသို့ နာကျင်ပူပြင်းစွာ ခံတော်မူရသောအခါ “ အဝီစိငရဲမီးပူခြင်းကား အလျှံတွင်းသို့ မရောက်ဘဲ ယူဇနာတစ်ရာမျှ ဝေးကွာရာအရပ်တိုင် နှံ့စပ်၍ မခံနိုင်အောင် ပူ၏။ဤမီးပူကား တစ်သူမျှလောက် အလျှံမတက်။သက်သက်သာသာ အဆအရာ အသိန်းအသန်းမက ခံသာလှတုံသေး၏ ” ဟု ငရဲမီးကို ဆင်ခြင်မြော်ထောက် ဆောက်တည်လျက် စိတ်ဝိညာဉ် လွင့်စဉ်စဲချုပ်သော ပုဂ္ဂိုလ်ကဲ့သို့ မတုန်မလှုပ် ငြိမ်သက်စွာ နေတော်မူ၏။ဤသို့ တစ်နေ့လုံး မီးလင်းဖိုဖြင့် ကင်၍ တစ်နှစ်ပတ်လုံး  ရံဖန်ရံခါ အလိုစမ်းကြကုန်၏။မယ်တော်, ခမည်းတော်တို့သည်လည်း မီးပူခြင်း ဆင်းရဲကို သည်းခံလျက် မလှုပ်မယှက်နေသော သားတော်ဘုရားအလောင်းကို မြင်လျှင် သား၏ ကြင်နာခြင်းဖြင့် နှလုံးကွဲကြေ များစွာ ပင်ပန်းခြင်းရှိလေသည်ဖြစ်၍ အထိန်းတော် အချီတော် နန်းတွင်းသူ နန်းတွင်းသားအပေါင်းတို့ကို တစ်ပါးလွတ်ရာ ဖဲခွာစေလျက် မီးလင်းဖိုကိုလည်း ပယ်စေပြီးမှ မျက်နှာညှိုးငယ် သနားဖွယ်သော အမူအရာဖြင့် “ ချစ်သား တေမိယကုမာရ ! အမောင် နားပင်း, ဆွံ့အ မဟုတ်သည်ကို ငါတို့ သိကြပါ၏။ဆွံ့သူ, အသူ, နားပင်းသူတို့၏ လက်, ခြေ, ခံတွင်း, နားတွင်းတို့နှင့် တစ်စုံတစ်ခုမျှ သင့်တွင် မတူ။ အလွယ်တကူ မထင်မရှား မွေးဖွားသည့် သားလည်း မဟုတ်။ ဥပုသ်သီတင်း မိခင်သုံး၍ “ ဘုန်းလက္ခဏာနှင့် ပြည့်စုံသော သားကောင်းကို ရပါစေ ” ဟု ရိုသေနေ့ည တောင့်တခြင်း ပတ္ထနာဖြင့် သန္ဓေအခါ စွဲဦးကပင် ယောက်ျားထူး၏ တိတ်နိမိတ် အရိပ်အရှိန်ကို ထင်ရှားစွာ ပြလျက် ဖွားစကပင်လည်း ဗေဒင်နိမိတ် ပုရောဟိတ်အပေါင်းတို့ လက္ခဏာကောင်းကို မြင်လျှင်လေးကျွန်းရှင်စကြာမင်းပင် ဖြစ်ထိုက်ကြောင်း အကောင်း,အမြတ်အသွယ်သွယ် ဖတ်ကြားကြပေ၏။မိခင်, ဖခင်တို့ နှလုံး ပျက်ပြုန်းကြေကွဲအောင် မပြုပါလင့်။ဇမ္ဗူဒိပ်ရှိ မင်းအပေါင်းတို့၏ ကဲ့ရဲ့ခြင်းမှ ငါတို့ကို လွတ်စေပါလော့၊အမောင်အလိုရှိရာ အခွင့်ကို ပြောသင့်သည်။ယခုအခါ သူတစ်ပါး နားမကြားစေရအောင် ဖုံးဝှက်ပါမည်။တိုးတိုးသက်သက် အမြွက်မျှ ဆိုစမ်းပါ ” ဟု အမျိုးမျိုး တောင်းပန် ဖြားယောင်းကြကုန်၏။

     ထို့သို့ ခမည်းတော်,မယ်တော်တို့ တောင်းပန်ဖျောင်းဖျကြသော်လည်း ဘုရားအလောင်းမင်းသားသည် မကြားယောင်ဆောင်၍ မတုန်မလှုပ်ထားတိုင်းသော လျောင်းလျက်ဖြင့် ငြိမ်သက်စွာ နေတော်မူ၏။မယ်တော်,ခမည်းတော်တို့သည် တောင်းပန်ငြားသော်လည်း ဘုရားအလောင်း၏ ထူးသောအမူအရာ တစ်စုံတစ်ခုကိုမျှ မရကြလျှင် ငိုကြွေးလျက် နှလုံးသွေး လှိုက်ဆူ ပူပင်ညှိုးနွမ်းသော မျက်နှာဖြင့် မသက်မသာ ဖဲခွာကြလေ၏။ဤသို့ မီးလင်းဖိုဖြင့် ကင်ပြီးသည်၏ နောက်နောက်တို့၌ ရံခါရံခါလည်း မယ်တော်တစ်ယောက်တည်းသာ ရံခါရံခါလည်း ခမည်းတော်တစ်ယောက်တည်းသာ ရံခါ မယ်တော်, ခမည်းတော် နှစ်ဦးအစုံ တစ်နှစ်ပတ်လုံး သနားဖွယ် တောင်းပန် ဖြားယောင်းကြကုန်၏။

          တစ်ဆယ့်ခြောက်နှစ် အရွယ်ဖြစ်လတ်သော် အမတ်တို့သည် ” မသန်မစွမ်း ဆွံ့ အ နားမကြားသူပင် ဖြစ်စေကာမူအရွယ်ရောက်လတ်သော် တပ်မက်ဖွယ် အာရုံ၌ မတပ်မက်သူမည်သည် မရှိ၊ချိန်ခါသင့်ကာ ပွင့်လာသော ပန်းကဲ့သို့ တပ်မက်သည်မှာ ဓမ္မတာတည်း၊ကချေသည်တို့ကို ရှေးရှု တည်စေ၍ စုံစမ်းကြကုန်အံ့ ” ဟု အချောအလှ ကချေသည်တို့ကို ခေါ်၍ ” မင်းသားကို ရွှင်လန်းစေနိုင်သူ ကိလေသာဖြင့် ဖွဲ့နိုင်သူသည် အဂ္ဂမဟေသီ ဖြစ်စေရမည် ” ဟု မင်းသားကို နံ့သာရေတို့ဖြင့် ရေချိုးပေးကာ နတ်သားကဲ့သို့ တန်ဆာဆင်၍ နတ်ဗိမာန်နှင့် တူသော အသရေတိုက်ခန်း၌ ကောင်းစွာ ခင်းကျင်းထားအပ်သော အိပ်ယာပေါ်သို့ တင်ထားကြလေ၏။ကချေသညါတို့သည် မွေ့လျော်ပျော်ပါးစေရန် ကခုန် သီဆိုမှုတို့ဖြင့်လည်းကောင်း ချိုသာသောစကားတို့ဖြင့်လည်းကောင်း အမျိုးမျိုးအဖုံဖုံ အားထုတ်ကြ၏။ဘုရားအလောင်းတော်သည် ထိုကချေသည်တို့ကို မကြည့်ဘဲ ငါ၏ ကိုယ်အတွေ့ကို မရကြပါစေလင့်ဟု အဓိဋ္ဌာန်ကာ အသက်ရှူ ရပ်ထားလိုက်၏။ထိုအခါ ခန္ဓာကိုယ်သည် တောင့်တင်းခက်မာလာကာ ကိုယ်အတွေ့ကို မရကြတော့ဘဲ ” ဤသူကား ကြမ်းတမ်းသော ကိုယ်ရှိ၏၊လူမဟုတ်၊ဘီလူးဖြစ်လတံ့ ” ဟု ကြောက်လန့်ကာ ထွက်ပြေးကြလေ၏။တစ်နှစ်ပတ်လုံး အကြားအကြား၌ ဤသို့ စုံစမ်းသော်လည်း ထူးခြားမှုကို မတွေ့ကြရပေ။

         ဤစမ်းသပ်မှု တစ်ဆယ့်ခြောက်ခုကား အကြီးစား စမ်းသပ်မှုများ ဖြစ်၏။များစွာသော အသေးစား စမ်းပ်မှုများကိုလည်း အရွယ်အားလျော်စွာ စမ်းသပ်ခဲ့ကြသည်သာ။စမ်းသပ်မှု များလေ ပါရမီပြည့်လေ ဖြစ်သော်ငြား ပင်ပန်းလွန်းလှသည့် ပါရမီဖြည့်မှု အဓိဋ္ဌာန်မှုပင် ဖြစ်ပေ၏။

ခမည်းတော်မင်းသည် နှလုံးမသာမယာဖြစ်ကာ လက္ခဏာဖတ်ပုဏ္ဏားတို့ကို ခေါ်၍ ဟောကြားချက်များသည် လက်တွေ့နှင့် မညီညွတ်ကြောင်း ပြောလေ၏။ပုဏ္ဏားတို့ကလည်း ” မင်းမြတ် ! ဆရာတို့ မတွေ့ မမြင်သည့်အရာဟူသည် မရှိပါ၊သို့သော်လည်း မင်းမျိုးမှ တောင့်တ၍ ရအပ်သော သားသည် သူယုတ်တည်းဟု ပြောဆိုလတ်သော် သင်မင်းကြီးတို့အား နှလုံးမသာမယာခြင်းသာ ဖြစ်ရာပါ၏ဟု မပြောကြားခဲ့ကြပါ ” ဟု လျှောက်တင်ကြ၏။ယခုအခါ အဘယ်ကို ပြုလုပ်သင့်သနည်းဟု မေးလတ်သော် ” မင်းမြတ် ! ဤမင်းသားသည် ဤမင်းအိမ်၌ နေလတ်သော် မင်းကြီး၏ အသက်အန္တရာယ် ထီးဖြူ၏ အန္တရာယ် အဂ္ဂမဟေသီမိဖုရားကြီး၏ အန္တရာယ်ဟူသော အန္တရာယ်သုံးပါး ထင်ရှား ဖြစ်လာကုန်လတံ့၊ထို့ကြောင့် အချိန်မဆိုင်းဘဲ မင်္ဂလာမရှိသော ရထား၌ မင်္ဂလာမရှိသော မြင်းတို့ကို တပ်ယှဉ်ကာ ထိုရထား၌ မင်းသားကို အိပ်စေ၍ အနောက်တံခါးဖြင့် ထုတ်ဆောင်ပြီးလျင် သုသာန်၌ နံရံလေးဘက်ရှိသော တွင်းကို တူးကာ မြှုပ်သင့်ပါ၏ ” ဟု လျှောက်တင်ကြလေ၏။မင်းသည် အန္တရာယ်ဘေးဖြင့် ကြောက်လန့်ကာ ကောင်းပြီဟူ၍ ဝန်ခံလေ၏။

        စန္ဒာဒေဝီမိဖုရားကြီးသည် ထိုအကြောင်းကို ကြားကာ လျင်စွာ မင်းထံသို့ ချဉ်းကပ်၍ ရှိခိုးကာ ” မင်းကြီး ! သင်မင်းကြီးတို့သည် ကျွန်တော်မျိုးမအား ပေးအပ်သော ယူအပ်သည်အဖြစ်ဖြင့် ထားအပ်သော ဆုသည် ရှိပါ၏။ယခုအခါ ထိုဆုကို ပေးပါ ” ဟု တောင်းဆိုလေ၏။ယူလော့ဟု ဆိုလတ်သော် ကျွန်တော်မျိုးမ၏ သားအား မင်းအဖြစ်ကို ပေးပါဟု တောင်းဆိုလေ၏။င်ကြီးက မပေးနိုင်ဟု ဆိုလတ်သော် အဘယ်အကြောင်းကြောင့်နည်းဟု မေးရာ သင့်သားသည် ယုတ်ညံ့၏ဟု ဆိုလေ၏။ထိုအခါ မိဖုရားကြီးက ” အသက်ထက်ဆုံး မပေးနိုင်သော်မှ ခုနှစ်နှစ်တော့ ပေးပါ ” ဟု တောင်းဆိုလေ၏။မင်းကြီးက မပေးနိုင်ဟု ဆိုလတ်သော် ခြောက်နှစ် ငါးနှစ်စသည်အားဖြင့် လျှော့၍ တောင်းဆိုပြန်၏။

         သားအတွက် သေဘေးမှ လွတ်စေရန် စွမ်းနိုင်သမျှ လုပ်ဆောင်နေသော မိခင်၏ သောကဗျာပါဒကြားက လုပ်ဆောင်ချက်ပင် ဖြစ်၏။နောက်ဆုံး၌ ခုနှစ်ရက် ခွင့်ရခဲ့ပေ၏။ထိုအခါ သားကို တန်ဆာဆင်၍ ” ဤတိုင်းပြည်ကား တေမိယမင်းသား၏ တိုင်းပြည်တည်း ” ဟု စည်လည်စေ၍ တစ်မြို့လုံးကို တန်ဆာဆင်စေကာ သားကို ဆင်ကျောက်ကုန်းပေါ်သို့ တင်၍ ထီးဖြူမိုးကာ မြို့ကို လက်ယာရစ် လှည့်လည်၍ နန်းတော်သို့ ပြန်လာကာ အသရေအိပ်ယာ၌ အိပ်စေ၍ ချစ်လှစွာသော သားကို ” ချစ်သား တေမိယမင်းသား ! သင့်ကို အမှီပြု၍ တစ်ဆယ့်ခြောက်နှစ်တို့ပတ်လုံး အိပ်ပျော်ခြင်းကို မရဘဲ ငိုကြွေးခဲ့ရသည့် ငါ၏ မျက်လုံးတို့သည် ရဲရဲနီကာ ကျိန်းစပ်နေကုန်၏။သောကကြောင့် ငါ၏ နှလုံးသည် ကွဲမတတ် ဖြစ်ခဲ့ရ၏။ငါသည် သင်ချစ်သား၏ မဆွံ့ မအသည့်အဖြစ်ကို သိပါ၏။ငါ့ကို ကိုးကွယ်ရာမဲ့အောင် မပြုပါနှင့် ” ဟု တစ်ညလုံး တောင်းပန်၏။ဤသို့ တောင်းပန်သည်ကား ငါးရက်တိုင်တိုင် ဖြစ်၏။ဘုရားအလောင်းတော်တို့သည်သာ ခက်ခဲပင်ပန်းစွာ ပါရမီဖြည့်ရသည် မဟုတ်၊မယ်တော် ခမည်းတော်စသော ပါရမီဖြည့်ဘက်တို့သည်လည်း နှလုံးကွဲမတတ် ခက်ခဲပင်ပန်းစွာ ပါရမီဖြည့်ခဲ့ကြရသည့် ဤသာသနာတော်၏ သာသနဇာတ်ပို့ကြီးများ ဖြစ်ပေကုန်၏။

         ခြောက်ရက်မြောက်နေ့၌ကား ခမည်းတော်မင်းသည် သုနန္ဒမည်သော ရထားထိန်းကို ခေါ်၍ ” အမောင် သုနန္ဒရထားထိန်း ! မနက်ဖြန်၌ စောစောကပင် မင်္ဂလာမရှိသော ရထား၌ မင်္ဂလာမရှိသော မြင်းတို့ကို တပ်ယှဉ်ကာ ထိုရထား၌ မင်းသားကို အိပ်စေ၍ အနောက်တံခါးဖြင့် ထုတ်ဆောင်ကာ သုသာန်၌ နံရံလေးဘက်ရှိသော တွင်းတူးကာ ထိုတွင်း၌ ထည့်၍ ပေါက်တူးနှောင့်ဖြင့်ဦးခေါင်းကို ခွဲကာ သတ်၍ မြေဖို့ကာ မြေတိုးပွားခြင်းအမှု ပြုကာ ရေချိုး၍ ပြန်လာပါ ” ဟု စေခိုင်းလေ၏။မိဖုရားကြီးသည် ခြောက်ရက်မြောက်နေ့၌လည်း တောင်းပန်ကာ ” ချစ်သား တေမိယမင်းသား ! သင့်ဖခင် ကာသိမင်းသည် သင့်ကို နက်ဖြန်နံနက် စောစောကပင် သုသာန်၌ မြှုပ်ရန် အာဏာထားလေပြီ၊နက်ဖြန်နံနက် စောစောကပင် သင်ချစ်သား သေရပေတော့မည် ” ဟု ပြောဆိုလေ၏။ဘုရားအလောင်းတော်သည် ထိုစကားကို ကြား၍ ” အမောင် တေမိယမင်းသား ! တစ်ဆယ့်ခြောက်နှစ်လုံးလုံး သင်ပြုအပ်သော အားထုတ်မှုသည် ယခုအခါ အထွဋ်အထိပ်သို့ ရောက်လေပြီ ” ဟု တွေးမိကာ စိတ်တွင်း၌ နှစ်သက်မှု ပီတိ ဖြစ်ပေါ်လာလေ၏။မိခင်မှာကား နှလုံးကွဲမတတ် ဖြစ်နေပါသော်လည်း ” စိတ်အလိုသည် အထွဋ်အထိပ်သို့ ရောက်လတံ့ ” ဟု မိခင်နှင့် စကားမပြောပေ။

          နံနက်မိုးသောက် အလင်းရောက်၍ သုနန္ဒရထားထိန်းသည် ရထားကို စီစဉ်လတ်သော် နတ်တို့၏ အာနုဘော်ကြောင့် လည်းကောင်း ဘုရားအလောင်းတော် ဖြည့်ကျင့်အပ်သော ပါရမီတော်၏ အာနုဘော်ကြောင့်လည်းကောင်း မင်္ဂလာရထား မင်္ဂလာမြင်းတို့ကို ကပ်ယှဉ်၍ နန်းတော်တံခါး၌ ထားကာ မြတ်သော နန်းရင်ပြင်သို့ တက် အသရေတိုက်ခန်းသို့ ဝင်ပြီးလျင် မိဖုရားကြီးကို ရှိခိုး၍ ” မိဖုရားကြီး ! အကျွန်ုပ်အား အမျက်မထွက်ပါလင့်၊မင်းအာဏာပါ ” ဟု ပြောဆိုကာ သားကို ဖက်ကာ လဲလျောင်းနေသော မိဖုရားကြီးကို လက်ဖမိုးဖြင့် ဖယ်ရှားကာ ပန်းစည်းကဲ့သို့ မင်းသားကို မြှောက်ချီ၍ ပြာသာဒ်မှ ဆင်းလေ၏။ပြန်လည် မဆုံတွေ့နိုင်တော့သည့် ခွဲခွာခြင်း သားအပေါ် ချစ်ခြင်း သား၏ ကြုံတွေ့ရမည့် ဒုက္ခအတွက် ကရုဏာသက်ခြင်းစသော အကြောင်းစုံတို့၏ ထိုးနှက်ချက်ကို အလူးအလဲ ခံနေရသည့် မိခင်ဖြစ်သူ စန္ဒာဒေဝီသည် ရင်ဘတ်စည်တီး ကြီးစွာသော အသံဖြင့် ငိုကြွေးကာ နန်းရင်ပြင်၌ ဆုတ်နစ်ကာ ကျန်ရစ်ခဲ့ရရှာ၏။ဘုရားအလောင်းတော်သည်လည်း မယ်တော်ကို ကြည့်ကာ ” ငါ မပြောလျင်ဖြင့် မိခင်သည် ရင်နင့်နှလုံး ကွဲကြေပျက်သုဉ်းကာ သေရပေလိမ့်မည် ” ဟု သိကာ ပြောလိုပါသော်လည်း ” ငါ ပြောမိသော် တစ်ဆယ့်ခြောက်နှစ်လုံးလုံး အားထုတ်အပ်သော အားထုတ်မှုသည် အချည်းနှီး ဖြစ်ပေလိမ့်မည်၊မပြောဘဲ နေမှသာလျင် မိမိရော အမိအဖတို့ပါ လူများစွာပါ မကျန် အားလုံးအတွက် အထောက်အပံ့ ဖြစ်ပေလိမ့်မည် ” ဟု သည်းခံတော်မူရရှာ၏။နောက်ဆုံး စမ်းသပ်မှု မြင်ကွင်းဟု ဆိုရလောက်သော အနေအထားပင် ဖြစ်၏။

          ရထားထိန်းသည် ဘုရားအလောင်းတော်ကို ရထားပေါ်သို့ တင်၍ အနောက်တံခါးသို့ ရှေးရှု သွားအံ့ဟု ကြံကာ ရထားကို စေသော်လည်း ဘုရားအလောင်းတော်၏ ပါရမီတော်တို့၏ အာနုဘော်ကြောင့် နတ်ပူးဝင်အပ်သော ကိုယ်ရှိသည်ဖြစ်၍ ရထားကို ပြန်နစ်ကာ အရှေ့တံခါးသို့ ရှေးရှု စေလေ၏။ထိုအခါ ရထားဘီးသည် တံခါးခုံ၌ ထိခိုက်မိလေ၏။ဘုရားအလောင်းတော်သည် ထိုအသံကို ကြားကာ ” ငါ၏ စိတ်အလို အထွဋ်အထိပ်ကို ရောက်ပြီ ” ဟု သာ၍ ကောင်းစွာ နှစ်သက်သော စိတ်ဖြစ်လေ၏။ရထားသည် မြို့မှ ထွက်ပြီး၍ နတ်တို့၏ အာနုဘော်ဖြင့် သုံးယူဇနာခရီးသို့ ရောက်လေ၏။ထိုနေရာ၌ တစ်ခဲနက်သော တောအုပ်သည် ရထားထိန်းအား သုသာန်ဟု ရှေးရှု ထင်လာ၏။ရထားထိန်းသည် ဤနေရာ ကောင်း၏ဟု မှတ်သားကာ လမ်းမမှ ဖဲခွာ လမ်းဘေး၌ ရပ်ပြီးလျင် ရထားမှ ဆင်းသက်၍ ဘုရားအလောင်းတော်၏ အဝတ်တန်ဆာ ဘဏ္ဍာကို ချွတ်၍ အထုပ်ထုတ်ကာ သင့်လျော်ရာ၌ ထား၍ ပေါက်တူးကို ယူကာ ရထားအနီး၌ နံရံလေးဘက်ရှိသော တွင်းကို တူးရန် အားထုတ်လေ၏။

       ဘုရားအလောင်းတော်သည် ” ဤအခါသည်ကား ကိုယ်အားကို စိုက်ထုတ်ရမည့် အခါတည်း၊မှန်၏၊ငါသည် တစ်ဆယ့်ခြောက်နှစ်လုံးလုံး လက်ခြေတို့ကို မလှုပ်ရှားစေခဲ့၊ငါ့အား ခွန်အားသည် ရှိ၏လော၊မရှိသလော ” ဟု တွေးကာ ထ၍ ဘယ်လက်ဖြင့် ညာလက်ကို ညာလက်ဖြင့် ဘယ်လက်ကို သုံးသပ်ပြီးလျင် လက်နှစ်ဘက်တို့ဖြင့် ခြေတို့ကို နှိပ်နယ်ကာ ရထားမှ ဆင်းသက်လိုစိတ် ဖြစ်လာ၏။ထိုခဏ၌ ဘုရားအလောင်းတော် ခြေချရာအရပ်၌ လေဖြင့် ပြည့်သော သားရေအိတ်ကဲ့သို့ မဟာပထဝီမြေကြီးသည် မြောက်ကြွကာရထား၏ နောက်အစွန်းကို ထိ၍ တည်လေ၏။ဘုရားအလောင်းတော်သည် ရထားမှ ဆင်းသက်ကာ နှစ်ကြိမ် သုံးကြိမ် ဟိုဟိုသည်သည် စင်္ကြံကြွ၍ ” ဤနည်းဖြင့် ငါ့အား တစ်နေ့ ယူဇနာတစ်ရာ သွားနိုင်သော အားရှိ၏ ” ဟု သိကာ ” ရထားထိန်းသည် အကယ်၍ ငါနှင့် ဆန့်ကျင်ဘက် တိုက်ခိုက်မှု ပြုငြားအံ့၊ထိုရထားထိန်းနှင့် အတုန့်ပြန်၍ ဆန့်ကျင်တိုက်ခိုက်ခြင်းငှာ အားရှိ၏လော ” ဟု စုံစမ်းလိုသည်ဖြစ်၍ ရထားနောက်စွန်းကို လက်တော်ဖြင့် ဆုပ်ကိုင်လျက် သတို့သားငယ်တို့ ကစားသော ရထားငယ်,လှည်းငယ်တို့ကဲ့သို့ ကြီးစွာသော ထိုရထားကို မြှောက်ချီ၍ ပတ်ဝန်းကျင် လှည့်လည် တွန်းလျက် တည်လေ၏။ထိုအခါ ” ငါ့အား ရထားထိန်းနှင့် ဆန့်ကျင်တိုက်ခိုက်ခြင်းငှာ ခွန်အားရှိပေ၏ ” ဟု မှတ်သားကာ တန်ဆာဆင်လိုစိတ် ဖြစ်လာ၏။“ ငါ့တွင် ယခု အဝတ်တန်ဆာရှိသမျှကိုလည်း ရထားမှူး ချွတ်ယူသိမ်းထားသဖြင့် ယောကျာ်းရုပ် ပီရုံမျှသာ ရှိချေသည်။ဘုန်းကျက်သရေဟူသည်မှာ တန်ဆာဆင်ခြင်းလည်း အင်္ဂါတစ်ရပ် ဖြစ်ပေသည်။ကျက်သရေဘုန်းတန်း ပွင့်လန်းခြင်းအကြောင်း ဝတ်ကောင်းတန်ဆာ ဝတ်ဆင်ရသော် ကောင်းလေ၏ ” ဟု အကြံဖြစ်တော်မူလေ၏။

          ထိုခဏ၌ပင် သိကြား၏ ဘုံဗိမာန်သည် ပူသော အခြင်းအရာကို ပြသောကြောင့် ဆင်ခြင်လတ်သော် ထိုအကြောင်းကို သိ၍ ” တေမိယမင်းသား၏ စိတ်အလိုသည် အထွဋ်အထိပ်သို့ ရောက်လေပြီ၊ယခုအခါ တန်ဆာဆင်ခြင်းငှာ စိတ်ဖြစ်လေပြီ၊လူ၌ ဖြစ်သော အဝတ်တန်ဆာဖြင့် အဘယ်အကျိုးရှိအံ့နည်း ” ဟု နတ်၌ ဖြစ်သော အဝတ်တန်ဆာကို ယူစေ၍ ဝိသကြုံနတ်သားကို ခေါ်ကာ ” ချစ်သား ဝိသကြုံနတ်သား ! သင် သွားလော့၊ကာသိမင်း၏ သား တေမိယမင်းသားကို တန်ဆာဆင်လော့ ” ဟု စေလေ၏။ဝိသကြုံနတ်သားသည် ကောင်းပါပြီဟု ဝန်ခံကာ သွားရောက်၍ အဝတ်တစ်သောင်းတို့ဖြင့် ရစ်ပတ်ကာ နတ်၌ ဖြစ်သော အဆင်တန်ဆာ လူ၌ ဖြစ်သော အဆင်တန်ဆာတို့ဖြင့် သိကြားမင်းကဲ့သို့ တန်ဆာဆင်ကာ မိမိနေရာ ဘုံဌာနသို့ ပြန်သွားလေ၏။

  ဘုရားအလောင်းတော်သည် တန်ဆာဆင်ပြီးသောအခါ သိကြားမင်းကဲ့သို့ တင့်တယ်စွာ ရထားမှူးသုနန္ဒာ တွင်းတူးရာအရပ်သို့ သွား၍ တွင်းနား၌ ရပ်တော်မူလျက် ရထားမှူးကို ” အဆောတလျင် တွင်းတူးနေခြင်းသည် အဘယ်ကို ပြုရန်နည်း ” ဟု မေးလေ၏။ရထားထိန်းသည် မော်မကြည့်အားဘဲ တွင်းတူးလျက်ပင် ” ငါတို့အရှင် မင်းကြီး၌ ဆွံ့ အ နားမကြား စိတ်မရှိသည့်အလား သားတစ်ယောက် မွေးဖွားခဲ့ပေ၏။ထိုသားကို မြှုပ်သတ်ဖို့ရာ မင်းကြီးက တိုက်တွန်းအပ်သည်ဖြစ်၍ ထိုသားအတွက် တွင်းတူးနေပေ၏ ” ဟု ဆိုလေ၏။

         မင်းကြီးသည် ဆွံ့ အ နားမကြားသည်ဖြစ်၍ ဤသို့ စေခိုင်းသည် ဖြစ်အံ့၊ငါသည် မဆွံ့ မအ၊နားမကြားသူလည်း မဟုတ်။သို့ဖြစ်ပါလျက် မင်းကြီးဆိုတိုင်း သင်ပြုခဲ့သော် သင်သည် မတရားသော အမှုကို ပြုသည် မည်ရာ၏။ရထားထိန်း ! ငါ၏ ပေါင် လက်မောင်းတို့ကို ကြည့်ပါလော့၊ငါ့စကားကိုလည်း နားထောင်ပါလော့၊ဆွံ့ အ နားမကြားစသော အပြစ်မှ ကင်းသော ငါ့ကို တော၌ သင် မြှုပ်သတ်ခဲ့သော် သင်သည် မတရားသော အမှုကို ပြုသည် မည်ရာ၏။ထိုအခါမှ ရထားထိန်းသည် တွင်းတူးခြင်းကို ရပ်ကာ မော်ကြည့်လေရာ တန်ဆာဆင်ထားသော ဘုရားအလောင်းတော်ကို တွေ့မြင်၍ ” သင်သည် ဂန္ဓဗ္ဗနတ်လော၊သိကြားလော ” ဟု မေးလေ၏။ဘုရားအလောင်းတော်က ” ငါသည် သင်အမှီပြု၍ အသက်မွေးရာဖြစ်သော ထိုမင်း၏ သားတည်း၊အရိပ်ခိုကာ ထိုင်ဖူး အိပ်ဖူးသော သစ်ပင်၏ အကိုင်းအခက်ကို ချိုးဖဲ့ဖျက်ဆီးမှု မပြုရာ၊မိတ်ဆွေကို ဖျက်ဆီးသူသည် ယုတ်မာ၏။မင်းသည် သစ်ပင်နှင့် တူ၏၊ငါသည် အကိုင်းအခက်နှင့် တူ၏။သင်သည် အရိပ်ခိုသူနှင့် တူ၏ ” စသည်ဖြင့် ပြောလေ၏။ရထားထိန်းကား မယုံကြည်နိုင်သေး။ထို့ကြောင့် မိတ္တပူဇာဂါထာတို့ကို ဟောတော်မူ၏။

         ” မိတ်ဆွေကို မဖျက်ဆီးတတ်သော သူသည် အိမ်မှ ကင်းကွာ ခရီးဝေးသွားရာ၌ အစာရေစာ ပေါများ၏၊များစွာသော လူတို့သည် မိတ်ဆွေကို မဖျက်ဆီးတတ်သူကို အမှီပြု၍ အသက်မွေးကြရ၏။မည်သည့် အရပ်သို့ သွားသည်ဖြစ်စေ၊အရပ်ဒေသတိုင်း၌ အပူဇော်ခံရသည်သာ။ခိုးသူတို့သည် အနိုင်အထက် မပြုနိုင်ကုန်။မင်းတို့သည် အထင်မသေးဝံ့ကုန် ”  စသည်ဖြင့် ဟောတော်မူသော်လည်း မမှတ်မိနိုင်သည်ဖြစ်၍ မိမိထားအပ်သော အဝတ်တန်ဆာထုတ်ကို သွားရောက် ကြည့်ရှုရာ မတွေ့သောအခါမှ လက်ခြေဟန်ပန် အပြန်ပြန် အလှန်လှန် ကြည့်ရှုပြီးမှသာ ကောင်းစွာ မှတ်မိသည်ဖြစ်၍ ဘုရားအလောင်းတော်၏ ခြေတော်ရင်း ဝပ်စင်း၍ လက်အုပ်ချီကာ ” နန်းတော်သို့ ပြန်လည် ပို့ဆောင်ပါအံ့၊မင်းပြုတော်မူပါ ” ဟု တောင်းပန်လေ၏။

         ဘုရားအလောင်းတော်က အဓမ္မပြုကျင့်မှုရှိသော မင်းအဖြစ်ကို အလိုမရှိတော့ကြောင်း ပယ်မြစ်တော်မူ၏။ရထားထိန်းက မင်းသား ပြန်လိုက်ခဲ့ပါက မင်း မိဖုရားစသည်များက နှစ်သက်ကာ ဆုတော်လာဘ်တော်များ ပေးသနားကြမည်ဖြစ်၍ ပြန်လိုက်ခဲ့ပါရန် ပြောဆို၏။ဘုရားအလောင်းတော်က ခမည်းတော်မှ စ၍ အားလုံးက စွန့်လွှတ်အပ်ပြီဖြစ်၍ ပြန်ရန် အိမ်မရှိတော့ကြောင်း ကာမဂုဏ်တို့ကို မတောင့်တသည်ဖြစ်၍ ရဟန်းပြုကာ တော၌ နေတော့မည်ဟု မိန့်တော်မူ၏။ထို့နောက် မိမိဂုဏ်တို့ကို ပြောဆိုစဉ် ပီတိဖြစ်ကာ ” မိမိရည်စူး အကျိုးထူးကို လိုလျင် ထိုအကျိုးနှင့် တန်ရာအကြောင်း ကောင်းမြတ်သော ပညာ သမာဓိ ဝီရိယရှိသူတို့အား နှလုံးအလို တိုးတက်ပွားစီး ပြီးမြောက်လွယ်သည်သာ။ငါ့အား ကြိုးစားအားထုတ် မဆုတ်မနစ် တစ်ဆယ့်ခြောက်နှစ်မျှ ပြုခဲ့လေသမျှ လုံ့လ၏ အကျိုးထူးသည် အန္တရာယ်ကင်းစွာ ထွက်မြောက်လာခဲ့ရသဖြင့် ပြီးမြောက်လေပြီ ” ဥဒါန်းကျူးတော်မူ၏။

        ထိုအခါ ရထားထိန်းက စကားမပြောဘဲ နေခြင်း၏ အကြောင်းကို မေးရာ မင်းကြီး၏ တရားစီရင်သံကို ကြားသည်မှ အစပြု၍ ပြောပြလေ၏။ထို့ပြင် ” ရထားထိန်း ! ဆင်းရဲငြိုငြင် ပင်ပန်းသဖြင့် အသက်ရှင်ရခြင်း အသက်တိုရခြင်း ဖျားနာမှုစသော ဒုက္ခနှင့် ယှဉ်ခြင်းရှိသော အသက်ကို အကြောင်းပြု၍ အဘယ်ပညာရှိသည် တစ်စုံတစ်ခုသော အကြောင်းဖြင့် သူ့အသက်သတ်ခြင်းစသော အတွင်းရန်ငါးပါးကို ပြုကောင်းရာပါအံ့နည်း။ဖြစ်လျင် ပျက်မြဲ ဆင်းရဲအတိဟူသော သဘောကို သိသော ပညာကို မရဘဲ ဆင်းရဲငြိမ်းကြောင်းတရားကိုလည်း မသိမမြင်ရဘဲ အဘယ်သူသည် အသက်ကို အကြောင်းပြု၍ တစ်စုံတစ်ခုသော အကြောင်းကြောင့် ဒုစရိုက်ဟူသော အတွင်းရန်ကို ပြုရာပါအံ့နည်း ” တရား ဟောတော်မူ၏။ထိုအခါ ရထားထိန်းသည် တရားသိမြင်ကာ အရှင့်ထံ၌ပင် ရဟန်းပြုပါတော့အံ့ဟု ရဟန်းအဖြစ်ကို တောင်းပန်လေ၏။ဘုရားအလောင်းတော်က ” မင်းခယောက်ျားဖြစ်သော သင်သည် ရထားကို ပို့ဆောင်၍ ကြွေးမြီကင်းသူ ဖြစ်သောအခါမှ လာခဲ့ပါလော့၊ကြွေးမြီမရှိသူအားသာ ရဟန်းပြုပေးထိုက်၏ဟု ပညာရှိတို့ ချီးမွမ်းကြ၏ ” ဟု မိန့်တော်မူ၏။

         ရထားထိန်းက မင်းကြီးတို့ထံ အလုံးစုံ ​လျှောက်ထားကာ ပင့်ဆောင်လာမည်ဖြစ်၍ ဤနေရာ၌သာ နေပါရန် ဝန်ခံကတိ တောင်း၏။ဘုရားအလောင်းတော်ကလည်း ” ခမည်းတော်တို့ကို တွေ့လိုသည်ဖြစ်၍ သင့်စကားအတိုင်း ဤနေရာ၌ပင် နေမည်ဖြစ်၍ ကောင်းစွာ ပြောဆိုကာ ဆွေမျိုးတို့နှင့်တကွ လာခဲ့ပါ၊အမိအဖတို့အား ငါ၏ ရှိခိုးခြင်းကိုလည်း ပြောလိုက်ပါ ” ဟု မှာကြားကာ လွှတ်လိုက်လေ၏။

သုနန္ဒာရထားထိန်းသည် ဘုရားအလောင်း၏ ခြေဖမိုးကို အကြိမ်ကြိမ်ရှိခိုးကာ ဗာရာဏသီပြည်သို့ ရှေးရှု ပြန်ခဲ့၏။စန္ဒာဒေဝီမိဖုရားကြီးသည်လည်း သားကို ချစ်ခြင်းဖြင့် ပြင်းစွာ ပူပန်သော စိတ်နှလုံးရှိသည်ဖြစ်၍ သား၏ ဖြစ်ပုံ အဘယ်သို့ ရှိမည်နည်းဟု ညှိုးငယ်စွာ ရထားထိန်း ပြန်အလာကို မျှော်လင့်နေ၏။နန်းတော်အရှေ့ တံခါးဝ၌ ရထားဆိုက်၍  ရထားထိန်းကို မြင်လျင် တစ်ကိုယ်တည်း လာလတ်၍ မျက်ရည်ယိုးစီး ငိုညည်းကာ ပူပန်လှစွာ ” အမောင်ရထားမှူး ! ယခုအခါ ရထားချည်းသာ ပြန်လာခဲ့ပြီ။မချွတ်လျှင် ငါ၏ ရင်သွေးကို မြှုပ်သတ်ခဲ့ယောင်တကား။ငါ့သားရတနာသည် မဟာပထဝီ၏ အစီးအပွားဖြစ်လေပြီတကား။ငါ့သား၏ ပျက်စီးခြင်းကို မချစ်မနှစ်လိုသော ရန်သူတို့သာ ဝမ်းမြောက်ဝမ်းသာ ရှိနိုင်လေတော့မည်တကား။ဤရထားမှူး ငါ့သားကိုသတ်၍ လာခဲ့ပြီ။မိခင်အသက် အသို့ရှင်နိုင်ပါအံ့နည်း။အချင်းရထားမှူး သုနန္ဒာ ! စင်စစ် ငါ့သား နားပင်း,ဆွံ့အ မှန်လေသလော။တွင်း၌ မြှုပ်သတ်အံ့ဟု သင် ပြင်ဆင်ညှဉ်းဆဲသောအခါ ငါ့သား ညည်းညူသော အသံကိုမျှ မပြုပါလော။

ရထားမှူး သုနန္ဒာ ! ငါ့အား ဟုတ်တိုင်းမှန်စွာ သင်ပြောကြားပါလော့။ငါ့သား၏ ခြေ,လက်ကို တွင်း၌ ချသောအခါ အသို့ ချလေသနည်း။စိုးစဉ်းမျှ ငါ့သား ခြေ,လက်လှုပ်ရှားခြင်းကို မပြုပါသလော။ငါ့ကို မြန်မြန်သေအောင် သင်ရထားမှူး မပြုပါလင့်။ငါမေးသည်ကို ဟုတ်မှန်တိုင်း ပြောပါလော့ ” ဟု ငိုကြွေးမြည်တမ်းလျက် သနားစဖွယ် မေးရှာ၏။

        ရထားထိန်းက ရှေးဦးစွာ မိမိအား ဘေးမဲ့ပေးရန် တောင်းဆို၏။မိဖုရားကြီး ဘေးမဲ့ပေးကြောင်း ပြောကြားသောအခါ မခြွင်းမချန် အကုန်အစင် လျှောက်တင်ကာ သားတော်ကို တွေ့မြင်လိုက လိုက်ပို့ပါမည်ဟု ဝန်ခံလေ၏။ထို့နောက် မင်းအားလည်း လျှောက်ထားလေရာ ဘုရားအလောင်းထံ သွားရန် ပြင်ဆင်ကြလေ၏။ဘုရားအလောင်းတော်သည်လည်း မိမိအား အမိအဖတို့သည် ရဟန်းအဖြစ်ဖြင့် တွေ့ရသော် များစွာ ကျေးဇူးရှိလိမ့်မည်ဟု ရသေ့ရဟန်းပြုရန် စိတ်ညွတ်လေ၏။ထိုအခါ သိကြားမင်း၏ စေခိုင်းချက်အရ ဝိသကြုံနတ်သားသည် ဘုရားအလောင်းရှိရာ တောအုပ်သို့ လာ၍ အချင်းအားဖြင့် သုံးယူဇနာရှိသော တောအုပ်ကြီး၌ ကြီးကျယ်လှစွာသော ကျောင်းသင်္ခမ်းကို စင်္ကြံ ရေတွင်းရေကန် သပိတ် သင်္ကန်းစသော ရသေ့ပရိက္ခရာတို့နှင့်တကွ အပြည့်အစုံ ဖန်ဆင်းကာ ” ရသေ့ရဟန်းပြုလိုသော သူတော်ကောင်းတို့သည် ဤကျောင်း၌ အလုံးစုံသော ရဟန်းအသုံးအဆောင်တို့ကို အလိုရှိတိုင်း ယူ၍ ရဟန်းပြုစေသတည်း ” ဟု ကမ္ဗည်းထိုးကာ မိမိနေရာ တာဝတိံသာနတ်ပြည်သို့ ပြန်လေ၏။

          ထိုခဏ၌ ဘုရားအလောင်းတော်သည် ထိုကျောင်းကို တွေ့မြင်၍ သိကြားပေးသည့်အဖြစ်ကို သိကာ ကျောင်းသင်္ခမ်းတွင်းသို့ ဝင်၍ ရသေ့ရဟန်းအသွင်ကို ယူကာ ရသေ့ရဟန်း၏ အသရေကို ကောင်းစွာ ဆောင်ကာ စင်္ကြံကြွလျက် ” ဪ ချမ်းသာလေစွ၊ဪ ချမ်းသာလေစွ ” ဟု ဥဒါန်းကျူးကာ ကျောင်းတွင်းသို့ ဝင်ပြီးလျင် သစ်သားအခင်း၌ ထိုင်လျက် အဘိညာဉ်ငါးပါး သမာပတ်ရှစ်ပါးတို့ကို ဖြစ်စေ၏။ညနေချမ်းအခါ၌ ကျောင်းမှ ထွက်ကာ စင်္ကြံဦး၌ ရှိသော ကံပြင်းပင်မှ အရွက်တို့ကို ယူကာ သိကြားပေးအပ်သော ခွက်၌ ဆားမပါ ရက်တက်ရည်မပါ အခိုးအထုံမပါသော ရေ၌ ဖျောကာ အမြိုက်အရသာကဲ့သို့ သုံးဆောင်၍ ဗြဟ္မဝိဟာရတရား လေးပါးတို့ကို ပွားများနေလေ၏။

         ကာသိမင်းသည်ကား အလုံးစုံသော စစ်သည်အပေါင်းကို စုဝေးစေရာ သုံးရက် အချိန်ကုန်ခဲ့ပေ၏။လေးရက်မြောက်နေ့၌ မြို့မှ ထွက်ကာ ဘုရားအလောင်းတော်ထံ ရောက်လေ၏။ထို့နောက် ဘုရားအလောင်းနှင့် ပဋိသန္ထာရစကား ပြောဆိုကြ၏။စည်းစိမ်ဥစ္စာ တိုင်းရေးပြည်ရာများ မေးမြန်းဖြေဆိုကြ၏။ဘုရားအလောင်းက ခမည်းတော်မင်းအား နေရာပလ္လင်ဖြင့် ဖိတ်မန်၏။ခမည်းတော်မင်းက ဘုရားအလောင်းတော် ရသေ့အား ရိုသေသောအားဖြင့်ပယ်မြစ်ကာ မြေ၌သာ ထိုင်၏။မိမိသုံးဆောင်သော ကံပြင်းရွက်အာဟာရဖြင့်လည်း ဖိတ်မန်၏။ထိုခဏ၌ပင် မောင်းမပေါင်း တစ်သောင်းခြောက်ထောင် ခြံရံလျက် မယ်တော် စန္ဒာဒေဝီမိဖုရားကြီး ရောက်လာကာ ဘုရားအလောင်းတော်ကို မြင်လေသော် ဝမ်းမြောက်ခြင်းကို မှီ၍ ဖြစ်သော ဗျာပါဒဖြင့် သတိလစ်ကာ မိန်းမောသွားလေ၏။အခြွေအရံတို့၏ ကူညီမှုဖြင့် သတိပြန်ရကာ ဘုရားအလောင်း၏ ခြေတော်အစုံကို မြဲစွာ ဖက်၍ ငိုကြွေးလေ၏။ထို့နောက် သင့်ရာအရပ်၌ ထိုင်လတ်သော် မင်းကြီးက ကံပြင်းရွက်တို့ကို ပြကာ သင့်သား စားသော အစာဟု လက်ပေါ်၌ ချလေ၏။မိဖုရားကြီးကလည်း မောင်းမတို့အား ဟင်းရွက်တို့ကို ပြပြန်၏။မောင်းမတို့သည် ” အလွန်မြတ်ပေစွ၊ပြုနိုင်ခဲသော အမှုကို ပြုပေ၏ဟု ဆိုကာ လက်အုပ်ချီကြလေ၏။

         ခမည်းတော်မင်းက တစ်ယောက်တည်း ဆိတ်ငြိမ်ရာ၌ ဤသို့သော ဘောဇဉ်ကို စားလျက် အဘယ့်ကြောင့် အရေအဆင်း ကြည်လင်လှဘိသနည်းဟု မေးမြန်း၏။ဘုရားအလောင်းတော်က ” သစ်ရွက်အခင်း၌ အိပ်စက်ခြင်း သန်လျက်စွဲကိုင်သူ မင်း၏ အစောင့်အရှောက်တို့မှ ကင်းကာ ချမ်းသာစွာ အိပ်ရခြင်း အတိတ်ကို တွေးကာ မပူပန် အနာဂတ်ကို တွေးကာ မတောင့်တဘဲ ရသမျှဖြင့် ရောင့်ရဲခြင်းတို့ကြောင့် အရေအဆင်း ကြည်လင်ကြောင်း အတိတ်ကို တွေးကာ ပူပန် အနာဂတ်ကို တွေးကာ တောင့်တကြသူ လူမိုက်တို့သည် ရိတ်လှီးပယ်ဖြတ် နေပူ၌ ထားအပ်သော ကျူကဲ့သို့ ခြောက်သွေ့ကြကုန်၏ ” ဟု ဖြေဆိုတော်မူ၏။ခမည်းတော်မင်းက စစ်သည်ဗိုလ်ပါ ထီးနန်းစည်းစိမ်များစွာကို လက်ခံပါရန် တောင်းပန်ဖိတ်ကြား၏။ဘုရားအလောင်းတော်က ပြည်စည်းစိမ်ကို ပယ်မြစ်ကာ ကာမဂုဏ်၏ အပြစ် ငယ်ရွယ်စဉ်ကပင် မြတ်သောအကျင့်ကို ကျင့်သုံးခြင်း၏ အကျိုးတို့ကို ပြလျက် တရားဟောတော်မူ၏။ခမည်းတော်မင်းက နားမရှင်းသည်များကို မေးလိုသည်ဖြစ်၍ ” လောကကို နှိပ်စက်တတ်သော ရန်သူကား အဘယ်ပါနည်း၊ခြံရံတတ်သော ရန်သူကား အဘယ်ပါနည်း၊အချည်းနှီးမဟုတ်မူ၍ လွန်သွားတတ်သည်တို့ကား အဘယ်ပါနည်း ” ဟု မေးလေ၏။

         ခမည်းတော်မင်းကြီး ! လောကကို မပြတ် နှိပ်စက်တတ်သည်ကား သေခြင်းတည်း၊မပြတ် ခြံရံသည်ကား အိုခြင်းတည်း၊အချည်းနှီးမဟုတ်မူ၍ လွန်သွားတတ်သည်တို့ကား ညဉ့်တို့တည်း။သတ္တဝါတို့၏ အသက်သည် ယက္ကန်းချည်နှင့် တူ၏။ယက္ကန်းယက်ခြင်း များလာသည်နှင့်အမျှ ယက်ထိုက်သော ချည်သည် နည်းလာသကဲ့သို့ တရွေ့ရွေ့ဖြင့် အသက်ရှင်ခွင့် နည်းပါးလာ၏။ညဉ့်ကုန်ဖန်များလာသဖြင့် အသက်ကုန်ခြင်းသို့ ရောက်ရ၏။လူတို့၏ အသက်သည် မြစ်ကမ်းရှိ သစ်ပင်နှင့် တူ၏။အိုခြင်း သေခြင်းသည် တစ်နေ့မပြတ် တိုးဝှေ့တတ်သော ရေနှင့် တူ၏။ရေအလျဉ်သည် အချည်းနှီးမဟုတ်မူ၍ ကမ်းကို တရွေ့ရွေ့ပြိုစေသကဲ့သို့ ညဉ့်နေ့တို့သည် အချည်းနှီးမကုန်မူ၍ သတ္တဝါတို့၏ အရွယ်ကို ကြီးစေခြင်း အဆင်းကို ပျက်စေခြင်း အားကို ယုတ်စေခြင်းကိစ္စကို ပြီးစေ၏။

ပဋိသန္ထာရစကားပြောစဉ်က မှတ်သားဖွယ်ရာ ခမည်းတော်မင်း ပြောသော စကားအနည်းငယ် တင်ပြပါဦးအံ့၊“ချစ်သား ! ခမည်းတော်လည်း အပ္ပမာဒတည်းဟူသော မသေရည်ကိုသာ သောက်၏။သူတစ်ပါးတို့အားလည်း သောက်စေ၏။ သေရည်ကိုကား ခမည်းတော် မသောက်၊သူတစ်ပါးတို့ကိုလည်း မသောက်စေ။မုသာဝါဒတည်းဟူသော အရသာဆိုးကိုလည်း ခမည်းတော် မစား။သစ္စာတည်းဟူသော အရသာကောင်းကိုသာ ခမည်းတော်စား၏။သူတစ်ပါးကိုလည်း စားစေ၏။ဒုစရိုက်တည်းဟူသော လမ်းဆိုးကိုလည်း ခမည်းတော်မသွား။သုစရိုက် မင်းကျင့်တရားတည်းဟူသော လမ်းကောင်းကိုသာ ခမည်းတော်သွား၏။သူတစ်ပါးကိုလည်း သွားစေ၏။ တရားသဖြင့် ရအပ်သော ပစ္စည်းတို့ကိုလည်း ဝန်တိုခြင်းဖြင့် မပုပ်မသိုး အကျိုးမဲ့ မဆွေးမကြေစေမူ၍ ပေးကမ်းသင်္ဂြိုဟ်ခြင်းတည်းဟူသော သုံးဆောင်ထုတ်လှန်း ဖြန့်ခင်းခြင်း၌သာလျှင် ခမည်းတော် နှလုံးမွေ့လျော်၏၊သူတစ်ပါးကိုလည်း မွေ့လျော်စေပါ၏ “။

        ရှေးအကြောင်းအရာ ပြန်ဆက်ရသော် ဘုရားအလောင်းတော်၏ တရားစကားကို ကြားနာရသော မင်းကြီးသည် ကာမဂုဏ်၌ ရွံရှာခြင်းဖြစ်၍ ရဟန်းပြုလိုသော စိတ်နှလုံး ရှိသဖြင့် “ ယခု ငါ့သားတော် ဟောအပ်သော တရားကို နာရသဖြင့် ငါ၏နှလုံးသည် အလွန်နူးညံ့ခြင်းသို့ ရောက်၏။ပြည်စည်းစိမ်ဖြင့် ငါ အလိုမရှိပြီ။ငါ့သားတော်မူကား အရွယ်ရှိပေသေးသောကြောင့် ပြည်စည်းစိမ်ကာမဂုဏ်ဖြင့် စံလိုလည်း စံပါစေဦး။ပြည်စည်းစိမ်ကို ထပ်၍ တစ်ဖန် ငါ အပ်နှင်းခြင်းဖြင့် စုံစမ်းအံ့”ဟု ကြံကာ အပ်နှင်းပြန်၏။ထိုအခါ ဘုရားအလောင်းတော်က ” ခမည်းတော်မင်းကြီး ! ဥစ္စာစည်းစိမ်ဟူသည်ကား ရန်သူမျိုးငါးပါးဖျက်ဆီး၍ ပျက်ပြုန်းသဖြင့်လည်း ဥစ္စာရှင်ကို စွန့်တတ်၏။ ရန်သူမျိုးငါးပါး မဖျက်ဆီးမူ၍ မိမိဖြစ်ဆဲ, ပွားဆဲသော်လည်း ဥစ္စာရှင်သေသဖြင့် ဥစ္စာရှင်သည် စွန့်ရ၏။ထိုသို့ စွန့်တတ်, စွန့်အပ်သော အခြင်းအရာဖြင့် ပျောက်ခြင်း,ကုန်ခြင်းသဘောသာလျှင် စင်စစ်ဖြစ်သော ပြည်စည်းစိမ်ဖြင့် အဘယ့်ကြောင့် ခမည်းတော် ဖိတ်မန်ခြင်းကို ပြုရပြန်သနည်း။

        သမီးကညာ, မိဖုရား, မောင်းမ, ခြေရင်းအလုပ်အကျွေး ဟူသည်တို့လည်း ထိုပြည်စည်းစိမ်ကဲ့သို့ပင် စွန့်တတ်,စွန့်အပ်သော အခြင်းအရာဖြင့် ကုန်ခြင်း,ကင်းခြင်းသဘောသာလျှင် စင်စစ်ဖြစ်လျက် အဘယ့်ကြောင့် မိန်းမမြတ်ရတနာတို့ဖြင့် ဖိတ်မန်ခြင်းကို ခမည်းတော် ပြုရသနည်း။ယမန်နေ့က ဖြစ်သော အရွယ်အဆင်းကို ယနေ့ မမီနိုင်အောင် အိုခြင်း, ရင့်ခြင်းဖြင့် နှိပ်စက်အပ်သည် စင်စစ်ဖြစ်လျက် အဘယ့်ကြောင့် အရွယ်အဆင်း၏ ဂုဏ်ကို ချီးမွမ်းရသနည်း။

       မိန်းမမြတ်တို့၏ လက်, ခြေ, မျက်နှာစသည်ကို တွေ့မြင်၍ နှစ်သက်ခြင်း,တပ်ခြင်း၊မြင်ဖူး, တွေ့ဖူး, ကြားဖူးသည်ကို စိတ်နှလုံးဖြင့် အကောင်းအမြတ်ကြံ၍ နှစ်သက်ခြင်း, တပ်ခြင်း အစရှိသော ဆန္ဒရာဂ, ကာမရာဂ, သင်္ကပ္ပရာဂတို့ကိုလည်းကောင်း, ကိုယ်စိတ်၏ ကစားမြူးထူးခြင်း, ကာမဂုဏ် ငါးပါး၌ မွေ့လျော်ခြင်း ကာမရာဂကိုလည်းကောင်း၊ ညွန်ပျောင်း ကျော့ညွတ်ကွင်းတို့မှ ရှင်းရှင်းဝေးဝေး ဆေးပွတ်ချွတ်ရုန်း၍ ကုန်းထက်သန့်ပြန့်ရာ ရောက်ပြီးသောသူကဲ့သို့ မငြိမစွန်း မသမ်းမမြှေး ဝေးစွာ ကွာစေအပ်လေပြီးသည်ဖြစ်၍ ဥစ္စာ, သား, မယားတို့ဖြင့် အကျွန်ုပ်အား အဘယ်ပြုအံ့နည်း။

       ခမည်းတော်မင်းကြီး ! ဖြစ်တတ်သောတရား၏ ပျက်ခြင်းသာလျှင် အဆုံးရှိသည်၏အဖြစ်ကို အဖန်တလဲလဲ အကျွန်ုပ်အောက်မေ့မိ၏။အဘယ်အခါမျှ မေ့လျော့ခြင်းမည်သည် မဖြစ်။ထိုသို့ “မရဏာနုဿတိ”ကို အဖန်တလဲလဲ အောက်မေ့မိသော အကျွန်ုပ်အား ကာမဂုဏ်ဖြင့် မွေ့လျော်ခြင်း, ဥစ္စာပစ္စည်းကို ဆည်းပူးခြင်းတို့ဖြင့် အဘယ်ပြုတော့အံ့နည်း။

         မှည့်ခြင်းဖြင့် နှိပ်စက်အပ်သော သစ်သီးတို့၏ အညှာမှ ကြွေကျပျက်စီးခြင်းသည် မြဲသကဲ့သို့ ပဋိသန္ဓေနေခြင်းရှိကုန်သော သတ္တဝါအပေါင်းတို့အား ရုပ်,နာမ်တို့၏ ရင့်ခြင်း,အိုခြင်းဖြင့် တစ်နေ့မပြတ် နှိပ်စက်အပ်သော ဘေးရန်တို့၏ ထူပြောခြင်းကြောင့် ယခု မျက်မှောက်တွင်ပင် အချို့သော သတ္တဝါတို့ကို နံနက်အခါက မြင်ရပါလျက် ညဉ့်အခါ မမြင်ရတော့၊ညဉ့်အခါ မြင်ရပါလျက်လည်း နံနက်အခါ မမြင်တော့။

        ထို့ကြောင့် အပါယ်လေးရပ်, ကပ်သုံးတန်, ရန်သူငါးစု, ဥပဒ်အန္တရာယ် အစရှိသည်တို့မှ လွတ်ကြောင်း ဇရာ, မရဏအစရှိသော ဝဋ်ဆင်းရဲတို့မှလွတ်ကြောင်း ကောင်းမှုဖြစ်သော ဒါန,သီလ,ဘာဝနာ စသည်တို့ကို ပြုလိုသော နှလုံးရှိလျှင် ထိုနှလုံးဝင်သောခဏချင်း ကြံမိသော ကုသိုလ်ကို ပြီးမြောက်စေကြောင်း ကောင်းစွာလုံ့လဖြင့် ပြုအပ်လှတော့သည်။ယနေ့ မကောင်း, နက်ဖြန် ကောင်းဟူ၍ ပြောင်းလင့်ဖင့်နွှဲလျက် တွက်ရေမရ ကာလကို မကုန်စေသင့်။အဘယ့်ကြောင့်နည်းဟူမူ မည်သူတစ်ယောက်မျှ မရဏမင်းနှင့် မိတ်ကျွမ်းဝင်ပြု၍ နေ့ရက် အချိန်းအချက်ကို ရသည် မရှိချေ။ယခု စကားပြောဆဲခဏမှ ယနေ့လည်းကောင်း, နက်ဖြန်လည်းကောင်း မည်သည့်ကာလမဆို ထိုသို့သော အနာဂတ်တို့၌ သေအံ့, ရှင်အံ့သည်ကို မည်သူတစ်ယောက်မျှ မသိနိုင်ချေ။

         ခိုးသူတို့သည် ဥစ္စာကို တောင့်တကြ၏။အကျွန်ုပ်သည်ကား ဥစ္စာကို တောင့်တခြင်းဟူသော အနှောင်အဖွဲ့မှ လွတ်မြောက်၏။ခမည်းတော်မင်းမြတ် ! လာပါလော့၊အကျွန်ုပ်၏ စကားဖြင့် ကောင်းစွာ ဆုတ်နစ်ပါလော့၊တိုင်းပြည်ကို ပယ်စွန့်ကာ ကာမမှ ထွက်မြောက်ခြင်းကို အားကိုးပြု၍ ရဟန်းပြုပါလော့၊အကျွန်ုပ်သည်ကား တိုင်းပြည်ဖြင့် အလိုမရှိပါ ” ဟု တရားဟောတော်မူ၏။

         ဘုရားအလောင်းတော်၏ ဒေသနာတော်အဆုံး၌ မင်း မိဖုရားတို့ကို အစပြု၍ မောင်းမပေါင်း တစ်သောင်းခြောက်ထောင် အမတ်စသော အလုံးစုံတို့သည် ရဟန်းပြုလိုစိတ် ဖြစ်ပေါ်လာကြ၏။ထိုအခါ မင်းကြီးက မြို့တော်ဝန်ကို ခေါ်ကာ ” ငါ့သား၏ အထံ၌ ရဟန်းပြုလိုသူတို့သည် ရဟန်းပြုကြစေ ” ဟု မြို့သို့ သွား၍ စည်လှည့်စေ၏။ပြည်သူပြည်သားအပေါင်းတို့သည် နှစ်သက်ဝမ်းမြောက်စွာ တစ်ညီတစ်ညွတ်တည်း ဖြစ်ကြကာ ပြည်တံခါး နန်းတော်တံခါး ရွှေတိုက် ငွေတိုက် ရတနာတိုက်တံခါးစသည်တို့ကို ဖွင့်လှစ်ကာ မြေ၌ မြှုပ်ထားအပ်သော ရွှေအိုးတို့ကိုလည်း ” ဤမည်သောအရပ်၌ ရွှေအိုးကြီးတို့ ရှိကုန်၏၊အလိုရှိသူတို့ ယူကြစေ ” ဟု စာရေးကာ ချိတ်ထားကြ၍ အလုံးစုံကို စွန့်လွှတ်၍ မင်းထံသို့ သွားကြလေ၏။ခမည်းတော်မင်းသည် ပြည်သူပြည်သားအပေါင်းနှင့်တကွ ဘုရားအလောင်းတော်ထံ၌ ရသေ့ရဟန်းပြုလေ၏။သိကြားမင်း ပေးအပ်သော သုံးယူဇနာ ကျောင်းနေရာသည် ပြည့်ခဲ့လေ၏။

        ဘုရားအလောင်းတော်သည် သစ်ရွက်မိုးကျောင်းတို့ကို စီမံတော်မူ၏။အလယ်၌ ရှိကုန်သော ကျောင်းတို့ကို အမျိုးသမီးတို့အား ပေးစေ၏။ဝိသကြုံနတ်သား ဖန်ဆင်းအပ်ကုန်သော အသီးရှိသော သစ်ပင်တို့မှ မြေ၌ ကြွေကျကုန်သော အသီးတို့ကိုသာ စားသုံး၍ ရဟန်းတရား အားထုတ်ကြကုန်၏။ကာမဝိတက် ဗျာပါဒဝိတက် ဝိဟိံသာဝိတက်တို့ကို ကြံကုန်သော သူတို့ကို ဘုရားအလောင်းတော်က ကောင်းကင်၌ ထိုင်တော်မူကာ ချိုသာသော တရားစကား ဟောကြားတော်မူ၏။အလိုလို ကြွေကျသော အသီးကိုသာ သုံးဆောင်ကြသော ထိုရသေ့တို့သည် ဘုရားအလောင်းတော်၏ ချိုသာသော တရားစကားကို နာကြား၍ စိတ်တည်ကြည်ကာ လျင်မြန်စွာသာလျင် အဘိညာဉ် သမာပတ်တို့ကို ဖြစ်စေကြလေ၏။

         ဗာရာဏသီမြို့၌ သေသောက်ကြူးတို့သာ ကျန်ခဲ့ကြ၏။တိုင်းတစ်ပါးတို့မှ မင်းတို့သည် ကာသိမင်း ရဟန်းပြုကြောင်း ကြားသိကြ၍ ဗာရာဏသီမြို့ကို ယူရန် လာကြရာ တန်ဆာဆင်အပ်သော မြို့နှင့် ရတနာမျိုးစုံတို့ကို ကြည့်ကာ ” ကာသိမင်းသည် ဤဥစ္စာကို အမှီပြု၍ တစ်စုံတစ်ခုသော ဘေး​ဖြစ်သည် ဖြစ်ရာ၏ ” ဟု တွေးကာ သေသောက်ကြူးတို့အား အကြောင်းကို မေးမြန်းကြလေ၏။အကြောင်းစုံ သိရသောအခါ သဘောကျကာ ငါတို့လည်း ရဟန်းပြုကုန်အံ့ဟု ထွက်ခွာရာ တံခါးကို မေးမြန်း၍ အရှေ့တံခါးမှ ထွက်ကာ ဘုရားအလောင်းတော်ထံသို့ လိုက်သွားကြလေ၏။ဘုရားအလောင်းတော်သည်လည်း ထိုမင်း၏ လာခြင်းကို သိကာ တောအုပ်အကြား ကောင်းကင်၌ တည်ကာ တရားဟောတော်မူ၏။ထိုမင်းသည် ပရိသတ်နှင့်တကွ ဘုရားအလောင်းတော်ထံ၌ ရဟန်းပြုလေ၏။အခြားသော ခုနှစ်ပြည်ထောင်မင်းတို့သည်လည်း ထိုနည်းအားဖြင့် တိုင်းပြည်တို့ကို စွန့်လွှတ်ကြကာ ဘုရားအလောင်းတော်ထံ၌သာ ရဟန်းပြုကြလေ၏။ဆင် မြင်း စသည်တို့သည် တောဆင်စသည်တို့ ဖြစ်ကြလေ၏။အလုံးစုံသော ရသေ့တို့သည် အဘိညာဉ် သမာပတ်တို့ကို ဖြစ်စေကာ အသက်၏ အဆုံး၌ ဗြဟ္မပြည်သို့ လားကြလေ၏။ဆင် မြင်း စသော တိရစ္ဆာန်တို့သည်လည်း ရသေ့အပေါင်း၌ ကြည်ညိုစိတ်ဖြင့် သေသောအခါ နတ်ပြည်ခြောက်ထပ်တို့၌ ဖြစ်ကြလေ၏။

          ဤသို့ မြတ်စွာဘုရားသည် မူဂပက္ခ တေမိယဇာတ်တော်၏ အတ္ထုပ္ပတ္တိ အလုံးစုံကို ပြရာပြကြောင်းဖြစ်သော ဓမ္မဒေသနာကို ဆောင်တော်မူပြီးလျှင် သစ္စာလေးပါးတို့ကို ပြတော်မူပြီးသည်၏ အဆုံး၌ ” ထိုအခါ ထီးဖြူ၌ အုပ်စိုး၍ နေသော နတ်သမီးသည် ယခုအခါ ဥပ္ပလဝဏ် ဖြစ်ခဲ့ပြီ၊သုနန္ဒရထားထိန်းသည်ကား သာရိပုတ္တရာ ဖြစ်ခဲ့ပြီ၊အမိအဖတို့သည်ကား မြတ်သော မင်းမျိုးတို့ ဖြစ်ကုန်ပြီ၊ကြွင်းသော ပရိသတ်သည်ကား ငါဘုရား၏ ပရိသတ် ဖြစ်ခဲ့ပြီ၊မူဂပက္ခပညာရှိသည်ကား ငါဘုရား ဖြစ်ခဲ့ပြီ ” ဟု ဇာတ်တော်ကို ပေါင်းတော်မူ၏။

       ဤဇာတ်တော်၌ ဘုရားအလောင်းတော်၏ အဓိဋ္ဌာန်ပါရမီသည် အထွဋ်အထိပ်သို့ ရောက်ခဲ့ပေ၏။တစ်လသားအရွယ်မှ စ၍ ငရဲဘေးကို ကြောက်လန့်ခြင်း မကောင်းမှုမှ ကြောက်လန့်ခြင်း မင်းအဖြစ်ကို စက်ဆုပ်ခြင်း တောထွက်တော်မူခြင်း၏ ဖြစ်ရာဖြစ်ကြောင်း ဆွံ့ အသူ စသည်အဖြစ်ကို အဓိဋ္ဌာန်တော်မူခြင်း ဆန့်ကျင်ဘက်အကြောင်းတရားတို့ ပေါင်းဆုံကာ နှိပ်စက်ကြသော်လည်း တုန်လှုပ်မှုမရှိခြင်းစသည်တို့ကား ဘုရားအလောင်းတော် တေမိယမင်းသား၏ ဂုဏ်တော် အာနုဘော်တော်တို့ပင် ဖြစ်၏။